မိုးတွေ လေတွေကြားထဲက မြန်မာပြည်သူတွေရဲ့ ဝမ်းနည်းစရာ မြင်ကွင်းတခု
ဆန်တပြည်လျှင် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတစ်ကတ်လျှင် ၁၀၀ ကျပ်နှုန်းဖြင့် လူတစ်ဦး လျှင် ကြိုက်နှစ်သက်ရာ တစ်မျိုးသာဝယ်ယူနိုင်ရန် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘ၀မြင့်မှတ်တိုင် အနီး အာလာဒင် အမျိုးသား ဖက်ရှင်ဆိုင်က ယနေ့(ဩဂုတ် ၁၇ ရက်) နံနက်မှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
“ဆန်ပြည်ပေါင်း ၃၀၀ နဲ့ ကြက်ဥ အလုံး ၁၀၀၀ တို့ကို မကုန်မချင်းရောင်းချပေးမှာဖြစ်ပါတယ်၊ လူတွေ ရုတ်ရုတ်သည်းသည်း မဖြစ်အောင် စနစ်တကျတန်းစီပေးဖို့လည်း မေတ္တာရပ်ခံပါတယ် ခင်ဗျာ၊ ဒါမှ လည်း နောက်နောင်တွေမှာ ဆက်လက်ရောင်းချပေးနိုင်ဖို့ အဆင်ပြေမှာမို့လို့ပါ၊ အားလုံးပဲအခက်အခဲ အကျပ်အတည်းကာလမှ အမြန်ဆုံးရုန်းထွက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ” လို့လည်း အဆိုပါ ဖက်ရှင်ဆိုင်က ဆိုပါတယ်။
ထိုကဲ့သို့သော ရောင်းချတာမျိုးကို အရင် ၂၀၂၀ နဲ့ ၂၀၂၁ တွေထဲမှာ အလှူရှင်တချို့နဲ့ ဆိုင်ပိုင်ရှင်တချို့က လုပ်ဆောင်ခဲ့ကြဖူးသော်လည်း ယခုနောက်ပိုင်းမှာ ရောင်းချတာတွေ လျော့ပါးသွားတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ဆန်ဈေးနဲ့ စားသုံးကုန် ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့် ပြည်သူတွေ အနေနဲ့ ရရှိတဲ့ ဝင်ငွေနဲ့ လောက်ငမှု မရှိဘဲ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်နေတာကို တွေ့ရပါတယ်။
စကစရဲ့ အာဏာသိမ်းမှုကြောင့် နလံမထူနိုင်တဲ့ မြန်မာ့စီးပွားရေးဟာ ဒေါ်လာပုံသေဈေးနှုန်းကြောင့် တန်ဖိုးအများအပြား လျော့ကျခဲ့ရပြီး စီးပွားရေး ပြိုလဲမှု ဖြစ်ပေါ်ကာ အနုတ်လက္ခဏာ ပြနေတဲ့ အခြေအနေကြောင့် ပြည်သူများအနေနဲ့ ယခုလို အလှူရှင် အများအပြား ပေါ်ပေါက်လာဖို့ မျှော်လင့်နေကြပါတယ်။