ထိုင်းနဲ့ မြန်မာနိုင်ငံတို့ မိုးနဲ့ မြေလို ကွာခြားသွားရတဲ့ အဓိက အကြောင်းအရင်းများ

လွန်ခဲ့တဲ့၁၃ နှစ်ကျော်က ဘန်ကောက်မြို့ကို ပထမဆုံးစရောက်တော့ ဪ ငါတို့တိုင်းပြည်ဟာ နှစ် ၅၀ လောက် နောက်ကျကျန်နေခဲ့ပါလားလို့ တွေးမိတယ်။ ပြီးခဲ့တဲ့လက အခါခါထပ်ရောက်တော့ ဪ ငါတို့တိုင်းပြည်ဟာ နှစ် ၁၀၀ လောက် ကျန်နေခဲ့ပြီဆိုတာ သေချာသွားတယ်။

ကျန်ခဲ့တယ်ဆိုတဲ့နေရာမှာ တိုက်တာအခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေးစနစ်တွေတင်မကဘူး မျက်လုံးနဲ့ မမြင်ရတဲ့ စိတ်ဓါတ်တွေ၊ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ၊ နိုင်ငံသားတယောက်စီရဲ့အတွေးအခေါ် အမြင်ကျယ်တာတွေ အစ တိုင်းပြည်ရဲ့ နိုင်ငံတကာမှာရှိနေတဲ့ ပုံရိပ်တွေ၊ အထင်ကြီးလေးစားမှု၊ နေရာပေးမှု၊ ဆက်ဆံပတ်သက်ချင်စရာကောင်းမှု၊ ယုံကြည်မှု၊ ရင်းနှီးမြုပ်နှံနိုင်မှု၊ ငြိမ်းချမ်းရေး နိုင်ငံရေး ဒါတွေ အားလုံးပါ ရစရာမရှိအောင် ကျန်ခဲ့တာကို ပြောတာ။

ဘက်စုံ ကျန်ခဲ့ပြီ ဘယ်နေရာမှ ယှဉ်လို့မရအောင်အပြတ်အသတ်ဖြစ်သွားပြီ။ လမ်းဘေးစျေးသည်ချင်း ယှဉ်မလား၊ ဆရာဝန်ချင်းယှဉ်မလား ကြိုက်သလိုယှဉ် ကြည့်ပါ။ ခံပြင်းစရာအကောင်းဆုံးက ထိုင်းတွေက မြန်မာတွေထက် သိပ်တော်နေလို့လား ဆိုတော့ မဟုတ်လို့ပါပဲ။ ကောင်းမွန်တဲ့ မင်း၊ ကောင်းမွန်တဲ့ ခွင့်တူညီမျှ ဝါဒ၊ ကောင်းမွန်တဲ့ စိတ်နှလုံးကောင်းတွေ ကသာ သူတို့ကို ဖွံ့ဖြိုးပြီး တိုင်းပြည်ဖြစ်စေခဲ့တာပါပဲ။

သာမန်လူတန်းစားထိုင်းတွေက အပျော်အပါး အားလပ်ရက် ဥရောပ ဘယ်နိုင်ငံကို ခရီးထွက်ရင်ကောင်းမလဲ စိတ်ကူးနေကြတဲ့အချိန်မှာ မြန်မာတွေက လိုက်ထရပ် တစီးပေါ် လူ ၁၅ ယောက်လောက်ထိုင်လိုက်ပြီး ဖုန်တသောသောနဲ့ ရာသီပွဲလေးတွေမှာ မသန့်တဲ့ ဆီကြော်မုန့်တွေကိုသာ စားနေရတယ်။ ဒါက သာမန်အောက် လူတန်းစားအချင်းချင်းမှာတောင် ဒီလိုကွာနေပြီ။

ထိုင်းတယောက် ဥရောပကို ဝင်တဲ့အခါ လိုအပ်တဲ့ စာရွက်စာတမ်းနဲ့ မြန်မာတယောက် ဥရောပကို ဝင်တဲ့အခါတောင်းတဲ့စာရွက်တွေက မတူပါဘူး။ ဗီဇာကင်းလွတ်ခွင့်ရတဲ့ တိုင်းပြည်တွေလည်း မတူကြပါဘူး။ အိမ်ဖေါ်နဲ့အထွေထွေအလုပ်သမားသာ ပြည်ပပို့ကုန်အနေနဲ့ ထွက်နေတဲ့ ဂိုးဒင်းလန်းဆိုတဲ့ ကမ္ဘာ့အဆင်းရဲဆုံးတိုင်းပြည်ကို ကြည့်တဲ့မျက်လုံးနဲ့ အာဆီယံထဲမှာ စင်ကာပူ ဘရူနိုင်း မလေးရှား ထိုင်းကို ဥရောပက ကြည့်တဲ့ မျက်လုံး မတူပါဘူး။

ဟော အလယ်အလတ် အလွှာ တွေကြပြန်တော့ အများဆုံးမေမြို့၊ ချောင်းသာ၊ ကလောပေါ့လေ။ အဲဒီနေရာတွေကိုသာ ကိုယ်ပိုင်ကားလေးနဲ့ ဖန်တရာတေနေအောင်သွားပြီး ဘာမှမက်မောစရာမကောင်းတဲ့ နေရာနဲ့ဝန်ဆောင်မှုတခါလာလည်း ဒီနေရာနဲ့ ဒီပန်းပင်၊ ဒီခုံ၊ ဒီနွားနို့၊ ဒီဆိုင် ယင်ကောင်တလောင်းလောင်း ညစ်ညစ်ပတ်ပတ်သာ ရောင်းတာ စျေးက ဟောလိဝုဒ်က ဘာဗာလီဟေးလ် စျေးတန်းလောက် နီနီးပေးဝယ်နေရတယ်။ ဒီလိုဂွမ်းဂွမ်းလေးတွေကိုသာ ဖင်ပြန်ခေါင်းပြန် ဓါတ်ပုံရိုက်ကာ သာယာ ဖက်တွယ်စရာရှိတယ်။

အရင်းစစ်တော့ အမြစ်မြေကဆိုသလို မနာလိုစိတ်ကို အခြေခံလိုက်တော့ အာရှတိုက်သားအချင်းချင်း တချိန်က ကိုယ့်အောက် ၁၀ ဆင့်မကတဲ့ နေရာတွေမှာ ကိုယ် ပြန်အိမ်ဖေါ်လုပ်နေကြရပြီ။ ပတ္တမြားမြေဟာပန်းကန်ပြားဆေးတဲ့သူတွေသာ ထွက်နေပါတယ်။ ဂျပန်ကဆို အသုတ်လိုက် ခေါ်ဆေးခိုင်းနေတယ်။

ပညာနဲ့ အလုပ်လုပ်နေတဲ့ မြန်မာ ပညာရှင်တွေလည်းရှိပေမယ့် သူနာပြုတွေရှိပေမယ့် အများစုက 3D အလုပ်သမားတွေပါပဲ။ ဟောင်ကောင်ဟာ ၁၉၉၇ ကမှ အင်္ဂလိပ်လက်အောက်က လွတ်တာပါ။ သူထက် အနှစ် ၄၀ လောက်စော လွတ်လပ်ရေးရတဲ့ မြန်မာတွေက ဟိုတလောကမှ လွတ်လပ်ရေးရတဲ့ ဟောင်ကောင်ထက်ပိုတိုးတက် မနေသင့်ဘူးလား။ တရုတ်ပြည်မကြီးကတောင် ဟောင်ကောင်ရဲ့ ဖွံ့ဖြိုးမှုနဲ့ အင်္ဂလိပ်ချမှတ်ပေးတဲ့ ဗြူရိုကရေစီ အုပ်ချုပ်ရေးယန္တရား အတိုင်းဆက်သွားမယ်တဲ့။ အမြင်ရှိတဲ့သူဟာ အရှိကို အရှိအတိုင်း လက်ခံတယ် အမှန်ကိုမြင်တယ်။

ဒီမှာ အမျိုးသားရေးကျောင်းတွေပဲ ရှိရမယ်ဆိုပြီး ဦးနုရဲ့ ဝံသာနု ရက္ခိတတရားတွေ မဟားဒယားလှုံဆော်တာကြောင့် အင်္ဂလိပ်မစ်ရှင်ကျောင်းတွေအကုန်ပြန်သွားရပြီး အာရှမှာ အင်္ဂလိပ်စာ အညံ့ဆုံးတိုင်းပြည်ဖြစ်လာတော့ အလုပ်သမားချင်းအတူတူတောင် တဆင့်နှိမ်ခံထားရတယ်။ အများအားဖြင့်အလုပ်မရကြတော့ဘူး passport တောင် စာလုံးမပေါင်းတတ်ကြတော့တဲ့အထိ ဆိုးရွားသွားတယ်။

ကဲ ပြော အလကားရတဲ့မစ်ရှင်ကျောင်းက ခရစ်ယာန်ဘာသာသာသနာပြုမှာ စိုးတာနဲ့တင် အခု ILBC မှာ လူတိုင်းမသင်နိုင်တဲ့စျေးနဲ့ ကလေးတွေကို တခုတ်တရကျောင်းထားနေရပြီ။ ပိုက်ဆံရှိသားသမီးတွေသာ အင်္ဂလိပ်ဘာသာစကားကို လက်လှမ်းမှီနိုင်တော့တယ်။ အဲဒါ အဲဒီအချိန်က အဲဒီအမျိုးသားရေးကျောင်းတွေနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အယူအဆတွေကြောင့်ပဲ။ တခါ အင်္ဂလိပ်က ဓနသဟာယ တိုင်းပြည်တွေအဖြစ် သူသိမ်းပိုက်ခဲ့ဖူးတဲ့ အာရှတိုင်းပြည်တွေတိုးတက်အောင်လုပ်ပေးမယ့် အစီအစဉ်အဖွဲ့ဝင်အဖြစ်က မြန်မာဟာ ထပ်ပြီးနုတ်ထွက်ပြန်တယ်။

အိန္ဒိယက ကလေးတွေ ဟောင်ကောင်က ကလေးတွေ ထိုင်းက ကလေးတွေ အမေရိကန် ရဲ့ ABM ကျောင်းတွေ convent ကျောင်းတွေ အင်္ဂလိပ်ရဲ့ ဗြိတိသျှကောင်စီက ဖွင့်ထားတဲ့ အတန်းတွေမှာ လူတိုင်းတက်နေတဲ့အချိန်ဒီမှာတော့ တလသိန်းငွေအများကြီးပေးမှ တက်နေရပြီ။ အဲဒါအရှိတရားကို မျက်ကွယ်ပြုလို့ပဲ။ အခွင့်အရေးကိုအခွင့်အရေးမှန်း မသိလို့ပဲ။

ထိုင်းနိုင်ငံလောက် ဘာသာခြား ပေါတာ မရှိဘူး။ ဗုဒ္ဓသာသနာဟာလည်း နေလိုမီးလို ထွန်းတောက်လျက်ပဲ။ အသုံးမကျချက်က ခေတ်အဆက်ဆက် စီးရီးလိုက်ကို စောက်သုံးမကျခဲ့တာ ခွေးဖြစ်မယ့်ကိန်းတွေကြီး တောက်လျောက်ရွေးလုပ် လာတာ။ အင်္ဂလိပ်စာမတတ်ရင် လူရာကို မဝင်တော့တဲ့ခေတ်ကြီးမှာ မြန်မာတွေဟာမျက်နှာထပ်ငယ်နေရပြီ။

အိန္ဒိယလောက် အင်္ဂလိပ်လက်အောက်နေရတာ ရှိအုံးမှာလား။ လွတ်လပ်ရေးပေးခဲ့တာတောင် အင်္ဂလိပ်မစ်ရှင်ကျောင်းတွေ ဆက်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တာ။ သူ့လူမျိုး အင်္ဂလိပ်စာမတတ်မှာ စိုးလို့တဲ့။ မြန်မာတွေ တချိန်က နှိမ်ခဲ့တဲ့ အိန္ဒိယသားတွေဟာ အမေရိကန်ဆန်ဖရန်စစ္စကိုရဲ့ ဆီလီကွန်ဗေလီခေါ်တဲ့ ကွန်ပျူတာပညာရပ်တို့ရဲ့ဘူမိနက်သန် ကမ္ဘာနည်းပညာဗဟိုချက်မရဲ့ Outsourcing လုပ်ပေးနေတဲ့ တိုင်းပြည်ဖြစ်လာလို့ အခုအခါ ကွန်ပျူတာ ဆော့ဝဲလ် ရေးတဲ့နေရာမှာ ပြိုင်စံမပေါ် ကမ္ဘာကျော်နေပြီး မိုက်ခရိုဆော့တို့ အင်တယ်တို့လို ကုမ္ပဏီကြီးတွေရဲ့ ဆော့ဝဲအင်ဂျင်နီယာတွေ လစာကောင်းတဲ့ ပြည်ပ အလုပ်သမားတွေဖြစ်နေပါပြီ။

ထိုင်းနဲ့မြန်မာ ဗုဒ္ဓဘာသာ တိုင်းပြည် ၂ ခုမှာကို အခြေအနေကမတူ။ မိုးနဲ့မြေလိုကွာနေတာ ထိုင်းဘုရင်ရဲ့မင်းကျင့်တရား ၁၀ ပါးနဲ့အညီအုပ်ချုပ်တာတွေ မေတ္တာတရားတွေအမြော်မြင်ရှိမှုတွေပါပဲ။ ဒီမှာလို ပုလ္လင်လုဖို့ ညီအကို ရန်ဖြစ် မနေဘူး။ ဦးလေးနဲ့တူ ရန်ဖြစ်မနေဘူး။ မိန်းမ တရာယူဖို့ လုံးပန်းမနေဘူး။ အခုထိ မြန်မာအချင်းချင်းထဲ သူတပါးကောင်းစားရင် ဝမ်းမသာဘူး။ သူတပါးကြီးပွါးရင် ဝိုင်းသမ တယ်။ လက်တွဲခေါ်ဖို့ နေနေသာသာ ကဲ့ရဲ့တယ် ချောက်တွန်းတယ် အတွင်းစိတ်ကောက်ကျစ်တယ် လူတိုင်းတော့မဆိုလိုဘူး အများစုကတော့ ဟုတ်ကိုဟုတ်တယ်။

အဲလိုစိတ်အခြေခံရှိတဲ့သူတွေ လက်ထဲ ပြီးခဲ့တဲ့နှစ် ၆၀ လုံးလုံး အာဏာယူထားတော့ ကျွန်စုပ်တဲ့သရက်စိဖြစ်ကရော။ ဒါတွေကချစ်လို့ ပြောတယ်မှတ်ပါလေ နောင် ၁၀ နှစ်လောက်နေရင် ကျမအဝေးတနေရာက နေ မြန်မာပြည်ကြီး ပြောင်းလဲတိုးတက်နေတာ လှမ်းပြီးမြင်ချင်လို့ပါ။ ကိုယ်မွေးခဲ့တဲ့မြေ မြင့်နေတာကိုသာ မြင်ချင်ပါတယ်။

စိတ်ဓါတ်တွေ ပုတ်စပ် နေရင်တော့ တန်ရာ တန်ရာ အဆင့်မှာပဲ ရှိနေမှာပါ။ သောက်ဖိုးမတန်တဲ့ ငပိတောင် ဓါတုဗေဒ ဆိုးဆေးထည့်နေတဲ့ တိုင်းပြည်ဆိုတော့ မလွယ်ပါဘူးအေ။ အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ အသုံးမကျတဲ့ အုပ်ချုပ်သူတွေနဲ့ ဘာမှသာမဟုတ် ဘဝင်လေဟပ်နေတဲ့ ကျုပ်တို့နိုင်ငံသားတွေ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page