အခုလို ခေတ်ကြီးထဲမှာ ရွှေထက်ရှားသွားပြီဖြစ်တဲ့ စေတနာရှင် YBS ကားပိုင်ရှင်တဦးအကြောင်း

တချိန်က ပြည်သူတွေအတွက် အလွန်အဆင်ပြေခဲ့တဲ့ YBS ယာဉ်လိုင်းတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစတစ ပျက်စီးယိုယွင်းလာခဲ့တာဟာ ငြင်းမရတဲ့ ထင်သာမြင်သာ ရှိတဲ့ အခြေအနေတခုပဲ ဖြစ်ပါတယ်။

ကားအနေအထား ချို့ယွင်းနေခြင်း၊ ခရီးသည်တွေကို ရိုင်းပျစွာ ဆက်ဆံခြင်း၊ ယာဉ်စီးခ ပိုတောင်းခြင်း စတဲ့ ကိစ္စရပ်တွေ အများအပြား ဖြစ်ပေါ်ခဲ့ပြီး ခရီးသည်များ အနေနဲ့ မကျေနပ်ချက်များကို တိုင်ကြားပေမယ့်လည်း အရေးယူမှု အားနည်းနေတာကို တွေ့ရပါတယ်။

ခရီးသည်အများစု စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ ကိစ္စရပ်ကတော့ စက်သုံးဆီဈေးကို အကြောင်းပြကာ ယာဉ်စီးခတွေကို ၁၀၀၀၊ ၇၀၀၊ ၅၀၀ စသဖြင့် ထင်သလို ကောက်ခံနေရခြင်းပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူ အားလုံး စီးပွားရေး ကျပ်တည်းနေပြီး ဝင်ငွေနည်းပါးချိန် ဖြစ်တာကြောင့် ယာဉ်စီးခ ပိုမိုကောက်ခံခြင်းဟာ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ထိုသို့ အဆင်မပြေ ဖြစ်နေတဲ့ YBS လိုင်းကားတွေထဲမှာ ခရီးသွားပြည်သူတွေကို စေတနာထားတဲ့ ကားပိုင်ရှင်တချို့လည်း ရှိနေတာကို တွေ့ရပါတယ်။ ပြည်သူတွေအပေါ် စေတနာထားတဲ့ YBS 23 ယာဉ်လိုင်းက ရှားရှားပါးပါး ကားပိုင်ရှင်တဦးရဲ့ တင်ထားတဲ့ ပို့စ်ကို ပြန်လည်ဖော်ပြလိုက်ပါတယ်-

“ကျွန်တော့်ကားမစီးပါနဲ့။ အောက်ပါအချက်တွေနဲ့စီးမယ်ဆိုရင်ပေါ့။ လိုင်းကားအချင်းချင်းပြိုင်မောင်းမှကျေနပ်သူများ၊ မီးပွိုင့်ကြာမယ်ဆို အနီဖြတ်မောင်းစေချင်တဲ့သူများ၊ လမ်းကြောပိတ်ရင် လမ်းပြောင်းပြန်ကျော်တက်ရှေ့ကိုအတင်းတိုးမှကျေနပ်သူများ၊ မှတ်တိုင်မှာထိုင် နောက်ကားလာမှအတင်းမောင်းပြေးမှကျေနပ်သူများ၊ အချိန်လုပြီး မြန်မြန်ရောက်ချင်သူများ ကျွန်တော့်ကားမစီးပါနဲ့။

အောက်ပါအချက်တွေနဲ့အဆင်ပြေမယ်ဆိုရင်တော့ စီးနင်းပါ။ မှတ်တိုင်ရပ်တင်ချစနစ် နှစ်သက်သူများ၊ မြန်မြန်ရောက်ဖို့ထက် အန္တရယ်ကင်းစွာရောက်ဖို့ ဆန္ဒရှိသူများ၊ မှတ်တိုင်ရောက်မှ စနစ်တကျတက်ဆင်းပြုလုပ်ချင်သူများ၊ အလုပ်အပြန် မိသားစုများနှင့် ပျော်ရွှင်စွာ ညစာအတူစားသောက်ချင်သူများ စီးနင်းနိုင်ပါသည်။” (Arkarmin Naing)

အဆိုပါ YBS 23 ကားပိုင်ရှင်အနေနဲ့ ကားသန့်ရှင်းရေးကို အထူးဂရုစိုက် ပြုလုပ်ထားပြီး ခရီးသွားပြည်သူများ စိတ်ချမ်းသာရေးကို အထူးအလေးထားတယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုဆိုတာ ဘာမှန်း မသိတော့တဲ့ ယခုလို ခေတ်ကြီးမှာ ယခုကားပိုင်ရှင်လို လူမျိုး အများအပြား လိုအပ်နေပါသေးတယ်လို့ ဖော်ပြလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page