ရန်ကုန်မြို့ မီးပွိုင့်မှာ တောင်းရမ်းရုံနဲ့ တလ ၂၂ သိန်း ရရှိနိုင်ပါပြီ (ဒီထက် သေချာတဲ့ စီးပွားရေး မရှိတော့ပါ)

ယနေ့ အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ ဗီဒီယိုဖိုင်ကတော့ တနေ့ ၅ သောင်းနဲ့ တလ ၂၂ သိန်းနီးပါးရတဲ့ တောင်းရမ်းစားသောက်သူ အဒေါ်ကြီး တယောက်ရဲ့ ဗီဒီယိုဖိုင်ပဲ ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ တောင်းရမ်းလို့ ရလာတဲ့ ပိုက်ဆံတွေကို ရေတွက်နေတဲ့ ကလေးတဦးနဲ့ မိန်းမကြီး တဦးတို့ စကားပြောနေပုံ ပါဝင်ပါတယ်။ ဗီဒီယိုရိုက်နေသူက တရက် အများဆုံး ငါးသောင်းလောက် ရတယ်ဆိုတော့ တလ ဆို ၁၀ သိန်းလောက် ရမလာ မေးပါတယ်။ အဒေါ်ကြီးက ၂၂ ရတယ်လို့ ပြန်ဖြေပါတယ်။ တလ ၂၂ သိန်းလား၊ လက်ရှိ ရေနေတဲ့ ပိုက်ဆံက နှစ်သောင်းနှစ်ထောင်လားဆိုတာ သဲသဲကွဲကွဲ မသိရပါဘူး။

အဒေါ်ကြီးရဲ့ ပုံစံက ဘေးနားက ကလေးကို တောင်းရမ်းခိုင်းပြီးတဲ့နောက် ရလာတဲ့ပိုက်ဆံတွေကို လက်ဖက်ရည်ဆိုင်မှာ ဝေစုခွဲနေတဲ့ ပုံဖြစ်နေပါတယ်။ ယခုကာလမှာ ရန်ကုန်မြို့ရဲ့ မီးပွိုင့်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ ပုံစံအမျိုးမျိုးနဲ့ တောင်းရမ်းစားသောက်တဲ့သူတွေ များပြားလာတာကို တွေ့ရပါတယ်။

ကားမှန်တွေကို ရေဆေးတဲ့ ပုံစံနဲ့ ပိုက်ဆံတောင်းတဲ့ ကလေးတွေ အနည်းငယ် ပပျောက်သွားပြီးတဲ့နောက် ပန်းသည်၊ မုန့်ဖတ်ထုပ်သည် ကလေးများ ပေါ်ပေါက်လာသလို ဒီအတိုင်း တောင်းတဲ့ သူတွေလည်း အတော်များလာတာကို တွေ့ရပါတယ်။ အဆိုပါ တောင်းရမ်းစားသောက်သူများဟာ အရွယ်စုံဖြစ်ပြီး တချို့ သက်လတ်အရွယ် ကျန်းမာရေးကောင်းတဲ့ တောင့်တောင့်တင်းတင်း အရွယ်တွေကပါ မိုက်ကြေးခွဲသလို လိုက်လံတောင်းရမ်းနေကြတာကို တွေ့ရပါတယ်။

ကလေးချီထားတဲ့ တောင်းရမ်းသူများလည်း များပြားလာပြီး ချီထားတဲ့ကလေးတွေဟာ အိပ်ဆေးအကျွေးခံထားရသလို အမြဲတမ်းအိပ်နေတာကို တွေ့ရပါတယ်။ ဘတ်စ်ကားတွေပေါ်မှာလည်း စာအိတ်နဲ့ တောင်းရမ်းသူတွေ အလွန် များပြားလာတာကို တွေ့ရပါတယ်။

မီးပွိုင့်တွေမှာ တောင်းရမ်းသူတွေဟာ ကားတွေကြားမှာ လျှောက်သွားပြီး တောင်းရမ်းကြတာကြောင့် သူတို့အတွက်ရော၊ ယာဉ်မောင်းသူတွေအတွက်ပါ အန္တရာယ်များလွန်းလှပါတယ်။ အဆိုပါ တောင်းရမ်းသူတွေကို ကြပ်မတ်ဖို့ စည်ပင်သာယာအဖွဲ့မှာ တာဝန်ရှိပေမယ့် မည်သည့်အကြောင်းကိစ္စကြောင့်မှန်းမသိ စည်ပင်ဝန်ထမ်းများကို လုံးဝ မတွေ့ရဘူး ဖြစ်နေပါတယ်။

ဗီဒီယိုဖိုင်ကို ကြည့်ရှုပြီး တောင်းရမ်းစားသောက်တဲ့သူတောင် တရက် ၅ သောင်း၊ တလ ၂၂ သိန်း ရနေတာကြောင့် လစာ ၂ သိန်း ဝန်းကျင်ပဲရတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ကြေကွဲ ဝမ်းနည်းသံတွေကိုလည်း မှတ်ချက်ထဲမှာ တွေ့မြင်နေရပါတယ်။ မြန်မာပြည်သူတွေရဲ့ သနားကရုဏာ ထားတတ်တဲ့ စိတ်ကို အသုံးချပြီး အချောင်ခိုနေကြတဲ့ တောင်းရမ်းစားသောက်နေကြသူတွေနဲ့ နောက်ကွယ်က ကြိုးကိုင်နေကြသူတွေ အမြန်ဆုံး ပပျောက်သွားပါစေလို့ ဆုတောင်းရင်း…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page