စကစရဲ့ သုံးမရတဲ့ ဒေါ်လာပေါ်လစီနဲ့ တိုင်ပတ်နေတဲ့ ဗဟိုဘဏ်ရဲ့ အလွဲကြီး လွဲနေတဲ့ လုပ်ရပ်များ
တရားဝင်ပို့ကုန်ရငွေသည် နိုင်ငံရေးနှင့်လည်း မပတ်သက်၊ အမေရိကန် သူဌေးကြီး ဂျော့ဆိုးရောစ့်ရဲ့ ရန်ပုံငွေ (Soros fund) နှင့်လည်းမပတ်သက်ပါ။ သာမန်ကုန်သွယ်မှုအကောင့်များသာဖြစ်သည်။ တရားဝင်ကိုအားပေးပြီး၊ တရားမဝင် ငွေလွှဲခြင်း (illegal transfer) ကိုထိန်းချုပ်ရမည့်အစား ပြောင်းပြန်တွေလုပ်နေခြင်းဟုထင်ပါသည်။
ပို့ကုန်ရငွေသည် တရားဝင် ပို့ကုန် ကြေညာမှု (export declaration (ED)) လုပ်ရပြီး အခွန်ဆောင်ပြီးသော ဝင်ငွေဖြစ်သည်။ ထိန်းမည့်ထိန်း ဒေါ်လာအဝင်ကို ထိန်းရမှာမဟုတ်၊ ဒေါ်လာအထွက်ကို ထိန်းရမှာဖြစ်သည်။
ထို့ပြင် တရားဝင် ဝင်ငွေကို ထိန်းရမှာမဟုတ်၊ အဝေးလွှဲ တရားမဝင် လွှဲခြင်း (illegal transfer) ကိုထိန်းရမှာဖြစ်သည်။ အရင်းအနှီးများ ပျံထွက်သွားခြင်း (capital flight) ကိုထိန်းရမှာဖြစ်သည်။ ဥပမာ မြန်မာနိုင်ငံသားများ နိုင်ငံခြားတွင် ကွန်ဒိုဝယ်သည့် ငွေပမာဏကိုတွက်ကြည့်ပါ။ ကွန်ဒိုတခန်းကို ဒေါ်လာ ၂ သိန်းဆိုလျင် အခန်း ၁ သောင်းဝယ်လျင် စုစုပေါင်း ဒေါ်လာ ၂ ဘီလီယံဖြစ်သည်။ အဲလိုမျိုးအထွက်တွေကို ထိန်းသင့်သည်။
နိုင်ငံခြားကွန်ဒိုများကို ပြည်တွင်းဟိုတယ်များတွင် တရားဝင်ပွဲများလုပ်၍ ရောင်းချခွင့်ပြုပြီး နယ်စပ် လမ်းကြောင်း အဝေးဟွန်ဒီလမ်းကြောင်းတို့မှ နည်းအမျိုးမျိုးဖြင့်လွှဲထုတ်နေသည်ကို ထိန်းသင့်သည်။
အဝေးဟွန်ဒီ ဒေါ်လာဝယ်၍ သွင်းကုန် (import) လုပ်လျှင် ကိစ္စမရှိ၊ နိုင်ငံခြားရှိ မိမိနိုင်ငံသားများပိုင် ငွေများ သွင်းကုန်ပစ္စည်းအဖြစ် နိုင်ငံတွင်းသို့ ပြန်ရောက်သည်။ သို့သော် နိုင်ငံခြားမှာ ကွန်ဒိုဝယ်လိုက်သောငွေသည် နိုင်ငံတွင်းသို့ ပြန်မရောက်တော့ပါ။ အလုံးအရင်းဖြင့် အပြီးထွက်သွားခြင်း ဖြစ်သည်။ ပို့ကုန်ဝင်ငွေ၊ အထည်ချုပ်ခရငွေကို မည်သည့်အကြောင်းနှင့်မှ မထိန်းသင့်ပါ။ (Thin Thin Nwe)