ကြက်သွန်နီ တပိဿာ ၅၀၀၀ အထိ ရောက်ရှိ (ကြက်သွန်ကို ကြက်ဥလို အလုံးရေနဲ့ စားရတော့မှာလား)
ပြည်တွင်းဈေးကွက်ထဲ ကြက်သွန်နီအဝင်များပေမယ့် အဝယ်လိုက်နေလို့ မုံရွာ ကြက်သွန်နီ တစ်ဿာကို ကျပ် ၃၇၀၀ လောက်ထိ ဈေးကောင်းလာတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။
စက်တင်ဘာ ၅ ရက်နေ့မှာ ဘုရင့်နောင်ပွဲရုံကို ကြက်သွန်နီကား အစီးရေ ၃၃ စီးဝင်ရောက်ပြီး ဆိပ်ဖြူ တစ်ပိဿာကို ၂၇၀၀ ကနေ ၃၄၀၀ ကျပ်နဲ့ မုံရွာ ကြက်သွန်နီ တစ်ပိဿာကို ကျပ် ၃၀၀၀ ကနေ ၃၇၀၀ ကျပ် ဝန်းကျင် ဈေးတန်းဖွင့်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ရန်ကုန်လက်လီဈေးကွက်အတွင်းမှာတော့ ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၄၀၀၀ ကနေ ၄၅၀၀ ကြားမှာရှိနေပြီး ထားဝယ်မှာတော့ တစ်ပိဿာ ကျပ် ၅၀၀၀ လောက်အထိ ဈေးတက်လာသလို ဒေသအလိုက် လက်လီဈေးကွက်ထဲ တစ်ပိဿာ ကျပ် ၄၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်မှာရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းကြက်သွန်နီဈေးမြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့ အရင်နှစ်တွေက အိန္ဒိယနိုင်ငံကတဆင့် ကြက်သွန်နီတွေကို တင်သွင်းလေ့ရှိပေမယ့် အခုနှစ်မှာတော့ တင်သွင်းချိန်ကာလနောက်ကျတဲ့အတွက် အပင်ထွက်လာနိုင်တဲ့အပြင် ပြည်တွင်းစိုက်ပျိုးမှုနှုန်းကို ထိခိုက်နိုင်တဲ့အတွက် တင်သွင်းမှာ မဟုတ်ဘူးလို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကတော့ ပြောကြားထားပါတယ်။
သယ်ယူပို့ဆောင်ရေး ခက်ခဲတဲ့နေရာတွေမှာ ကြက်သွန်နီဈေး တက်လာနေပြီး ကြက်သွန်တဥလျှင် ကျပ်ငွေ တရာနီးပါး ရှိလာတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အခြေခံ မီးဖိုဆောင် ကုန်ပစ္စည်းများ ဈေး အပြိုင်အဆိုင် တက်နေပြီး ဆန်ဈေး၊ ဆီဈေးနဲ့ ကြက်သွန်ဈေးများ မြင့်တက်လျက် ရှိပါတယ်။ ဟင်းလျာ ဈေးနှုန်းများလည်း မြင့်တက်နေပြီး ဝင်ငွေ နည်းပါးလာတဲ့ ပြည်သူတွေအနေနဲ့ နေ့စဉ် စားသောက်နေထိုင်မှုမှာ အခက်အခဲများနဲ့ ရင်ဆိုင်နေရလျက် ရှိပါတယ်။