နိုင်ငံခြားငွေ ထည့်သုံးရတဲ့ ကတ်တွေကို လုံးဝ မပိတ်ထားဘူးလို့ ဗဟိုဘဏ် ဗြောင်ငြင်း

နိုင်ငံခြားငွေ ထည့်သွင်းအသုံးပြုရတဲ့ ကတ်တွေကို လုံးဝ မပိတ်ထားဘူးလို့ စကစ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၂,၁၀၀ကျပ် ဈေးသတ်မှတ်ပြီးနောက်ပိုင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့မှာ နိုင်ငံခြားငွေ ထည့်သွင်းအသုံးပြုရသည့်ကတ် လျှောက်ထားမှုများ ယာယီပိတ်ထားမှုတွေ ဖြစ်ပေါ်နေပါတယ်။

ပုဂ္ဂလိက ဘဏ်များအနေဖြင့် ကတ်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကတ်များနဲ့ ငွေပေးချေ ဆောင်ရွက်မှုများကို ပိတ်ထားခြင်းမရှိဘူးဆိုပြီးတော့ စကစ လက်အောက်ခံ ဗဟိုဘဏ်က ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန်ပြောဆိုကာ ငြင်းဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါကတ် များဖြင့် ပေးချေသုံးစွဲနေသောသူများလည်း ရှိသလို ဘဏ်များ အနေဖြင့် ကတ်အသစ်လျှောက်ထားခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိ တယ်ဆိုပြီးတော့လည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် လက်တွေ့ သုံးစွဲသူတွေကတော့ ပြည်တွင်း ပုဂ္ဂလိဘဏ်တချို့ရဲ့ ကတ်တွေကို အသုံးပြုမှု ယာယီပိတ်ထားတယ်လို့ ပြောဆိုနေကြပါတယ်၊

နိုင်ငံခြား ရောက်သွားသူတွေအနေနဲ့ ယခုလို ပိတ်ပင်မှုကြောင့် အခက်အခဲတွေ့နေရတယ်လို့ သိရပါတယ်။ ကတ်ထဲ ငွေဖြည့်တင်းမှုကို ရပ်ဆိုင်းထားတဲ့အပြင် ကတ်ထဲမှ လက်ကျန်ငွေ သုံးစွဲခွင့်ကိုပါ ပိတ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ကတ်တွေထဲမှ ဒေါ်လာများကို အသုံးပြုရာမှာလည်း ဝန်ဆောင်ခအဖြစ် ဗဟိုဘဏ်က သတ်မှတ်တဲ့ ဒေါ်လာပေါက်ဈေးအတိုင်း မဖြတ်ဘဲ ပြင်ပဈေးကွက်မှ ဒေါ်လာပေါက်ဈေးအတိုင်း ဖြတ်တ်တောက်မှုတွေရှိနေတယ်လို့ သုံးစွဲသူတွေက လူမှုကွန်ယက်တွေမှာ ရေးသားထားတာကို တွေ့ရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page