ရန်ကုန်သားနဲ့ မန္တလေးသား ဘယ်သူလာလာ တိုင်ပတ်သွားစေမယ့် နေပြည်တော် နေချင့်စဖွယ်မြို့တော်ကြီး

ရန်ကုန်သားဖြစ်ဖြစ် မန်းလေးသားဖြစ်ဖြစ် နေပြည်တော်ရောက်ရင် အဝိုင်းတကာပတ်ရင်း ဒစ်လည်ရတာချည်းပဲ။ အဝိုင်းပတ်ရင်း ဒီအဝိုင်းပဲ (၃) ခါလောက်ပြန်ရောက်လာလို့ တောခြောက်တယ်မှတ်ပြီး သမ္ဗုဒ္ဓေရွတ်တဲ့ ရန်ကုန်သားတွေ မန်းသားတွေ အသာနေကြ။

ဝန်ကြီးဌာန နာမည်မေးရမလိုလို ရုံးနံပါတ်မေးရမလိုလိုနဲ့ တိုင်ပတ်ကြရတာချည်းပဲ မဟုတ်လား။ နေပြည်တော်မြို့မကို ခဏထား၊ ပျဉ်းမနားဘက်မှာတင် ရွာလည်စေရမယ်။ ၁ လမ်း၊ ၂ လမ်းပြောလို့ ကိုယ်သွားမယ့်လမ်း ရောက်မယ်ထင်သလား။

ပေါင်းလောင်း ၁ လမ်းလား၊ ရွှေချီ ၁ လမ်းလား၊ ပန်းခင်း ၁ လမ်းလား၊ အောင်မင်္ဂလာ ၁လမ်းလား၊ ရန်အောင် ၁ လမ်းလား၊ ၁ လမ်းတော့ ၁ လမ်းပဲ။ ရပ်ကွက်တိုင်းမှာ ရှိနေတာတော့မတတ်နိုင်ဘူး။ ဘုရားသွားတယ်ဆိုပြီး ရေပန်းဥယျာဉ်မှာ ကြိုးတံတားပေါ် သွားတိုးနေတဲ့သူမှန်သမျှ အတုလုပ်ထားတဲ့ လိုဏ်ခေါင်း ၂ ခုကို လက်ယာရစ် ပတ်တယ်ဆိုရင် မင်းယုံလား။

မင်းတို့လောက်မပြောနဲ့ ဂျီပီအက်စ်နဲ့ကမ္ဘာပတ်နေတဲ့ တိုးရစ်တွေကို ဒဗလယ် ရိုက်လိုက်တဲ့ ကယ်ရီသမားတွေ ရှိတဲ့အခါ၊ လည်ပါတယ်ဆိုတဲ့ ပြည်ကြီးက တရုတ်တွေကို ဟင်းရွက်တွေ လေးဆလောက်စျေးတင်ရိုက်နိုင်တဲ့ သပြေကုန်းက ပျံကျစျေးသည်တွေလို လူ့စွမ်းအား အရင်းအမြစ်ရှိတဲ့အခါ။

ကာရာအိုကေဆိုချင်ရင် တစ်ရက်ခရီး၊ အရက်သောက်ချင်ရင် နေ့ဝက်ခရီး၊ တစ်ဆက်ထဲ အနှိပ်ခန်းသွားချင်တောင် နှစ်နာရီကြာတဲ့ မြို့မျိုး နေဖူးလို့ မာန်တက်ရင် ခွင့်လွှတ်တယ်။ ဘယ်(၆)လမ်း၊ ညာ (၆) လမ်း ရှိတဲ့ (၁၂) လမ်းသွားပေါ်မှာ ဆိုက်ကယ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်တဲ့မြို့ ကြားဖူးသလား၊ လယ်သမားတွေ စပါးလှန်းဖို့ ပြောင်းဖူးစေ့ လှန်းဖို့ ကွန်ကရစ်လမ်းကြော တစ်ကြောစီ အပိုခင်းထားပေးတဲ့ မြို့ မင်းတို့ မြင်ဖူးသလား၊

ကမ္ဘာ့အလုံခြုံဆုံး လမ်း (၂၀) သွား လမ်းမကြီးက လွှတ်တော်ရှေ့ကို ခန့်ငြားစွာ ဖြတ်သန်းသွားတယ်။ လူကူးမျဉ်းကျားမရှိဘူး၊ ဒါပေမယ့် လမ်းပေါ် မင်းတစ်နေကုန် လှဲအိပ်နေလည်း မင်းကို ဘယ်ကားမှ တက်မကြိတ်ဘူး၊ အဲဒီလို လုံခြုံတယ်။ ကွကိုယ် ရေငတ်မသေအောင်သာ နေ။

အထူးကုဆေးရုံတွေ အများကြီးရှိတယ်။ ဆေးဝါးမျိုးစုံရောင်းတဲ့ဆိုင်တွေ အများကြီးရှိတယ်၊ ရောဂါမပျောက်မှာ မပူနဲ့။ မင်းရဲ့လူနာ ဆေးရုံရောက်တဲ့အထိ၊ ဆေးသွားဝယ်တဲ့လူပြန်လာတဲ့အထိ အသက်မီဖို့တော့ လိုတာပေါ့။

ကြပ်ပြေးလို့ခေါ်သူ တွေ ဂရုမစိုက်နဲ့၊ ကြပ်ကြပ်မတ်မတ်ရှိလို့ ပေါက်လွှတ်ပဲစားတွေ မနေနိုင်ဘဲ ပြေးရတယ်။ အဲဒါကြောင့် ကြပ်ပြေး၊ မြဲမြဲမှတ်ထား ရူးတောင်သွားအုံးမယ်၊ နေပြည်တော်သားကွ၊ အိုးရှင်းနဲ့ ကက်ပီတယ်ကို သုံးလေးမိုင်လမ်းလျှောက်သွားပြီး စက်လှေကားအပျော်စီးတဲ့ ဗွေးတုတ်တို့အကြောင်းမပါသေးဘူး။ ပျဉ်းမနားစျေးထဲက ဘေထုပ်တွေဝတ်၊ စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီသီချင်းကို ဆောင်းဘောက်နဲ့ အကျယ်ကြီးဖွင့်ပြီး တွန့်လိမ်ကောက်ကွေး ကကြတဲ့ ဂေါ်လီမတွေအကြောင်း မပြောသေးဘူး။

နောက်ဆုံးတော့လည်း ရှုံ့မဲ့မဲ့မျက်နှာကို အသာချွေးသုတ်ရင်း ရွှေလယ်တောကိုတော့ ရောက်အောင်သွားပြီး ကုက္ကိုပင် နှစ်ပင်ကြားမှ ဆယ်လ်ဖီတောင်မဆွဲနိုင်၊ ငါ့ကိုရိုက်ပါအုံးဟ၊ နင့်ချည်းရိုက်ပေးနေရတယ်ဟနဲ့ ပို့စ်အမျိုးမျိုးပေးပြီ ချလပ်ဖူးတယ် ဆိုရင် နေပြည်တော်သားတွေကို လေးစားသင့်ပြီ။ မဲသလူး ချွေးပြန် ရေငတ် ခေါင်းမူးပြီး ပြန်ကာနီးမှ မျှစ်ချဉ်နဲ့ နန်းစိန်ကိတ်ကို ကားဂိတ်ကနေ ကသမ်းကရမ်းဝယ်သွားကြရတဲ့ မင်းတို့အကြောင်းလေးတွေ ကိုယ်လျှို့ဝှက်ထားပေးပါ့မယ်ကွယ်။ (ကွီးခန့်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page