ရှမ်းပြည်မှာ တွေ့ခဲ့ရတဲ့ ထူးဆန်းအံ့ဩဖွယ် မီးတောက်သက်တံ ဖြစ်ပေါ်လာခြင်း အကြောင်းရင်းမှန်

မီးတောက်သက်တံ (Fire Rainbow)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ နဲ့ ကွတ်ခိုင်မြို့တို့မှာ ဇူလိုင်လ (၁၅) ရက်နေ့လောက်က မြင်တွေ့ခဲ့ရတဲ့ မီးတောက်သက်တံ ဖြစ်ပါတယ်။ မီးတောက် သက်တံ လို့ဆိုပေမဲ့.. မီးတောက်လည်းမဟုတ်သလို သက်တံလည်း မဟုတ်ပါ။ သို့သော် သက်တံ ဖြစ်စဉ်နှင့်တော့ သဘောတရားချင်းတူညီပါတယ်။

နေမှလာသော အလင်းရောင်ကို ကျနော်တို့ အဖြူရောင်အလင်းဖြင့်သာ မြင်တွေ့ကြရပြီး အဲ့ဒီအဖြူရောင် အလင်းထဲမှာ သက်တံရောင်စဉ် (၇) မျိုး ပါရှိပါတယ်။ အဲ့ဒီ ရောင်စဉ်ကို ကျနော်တို့ သတ္တမတန်း သိပ္ပံ သင်ခန်းစာမှာ သုံးမြှောင့်ဖန်တုံး (Prism) ကို နေ အလင်း (သို့မဟုတ်) အဖြူရောင်အလင်းကို ဖြတ်သန်းစေပြီး စမ်းသပ်ခဲ့ကြပါတယ်။ တနည်းအားဖြင့်ဆိုရလျှင်.. အဖြူရောင် (နေရောင်) အလင်းကို သုံးမြှောင့်ဖန်တုံးကို ဖြတ်သန်းစေတဲ့အခါ သက်တံရောင်စဉ် (၇) မျိုးကို ရရှိပါတယ်။

ကောင်းကင် (တိမ်တိုက်) ထဲမှာ ရေခဲ ရေမှုန်များဟာ ဖန်တုံး ဖန်ပြားတစ်ခုလို တည်ရှိနေတဲ့အခါမှာလည်း အခုလို ရောင်စဉ် (၇)မျိုးကို ကျနော်တို့မြင်တွေ့ရနိုင်ပါတယ်။ အများဆုံးမြင်တွေ့ရတဲ့ ပုံစံကတော့.. မိုးရွာပြီးစအချိန်မှာ မြင်တွေ့ရတဲ့ သက်တံပါပဲ။

အခုဖြစ်ပေါ်နေတဲ့ ပုံစံကတော့ မီးတောက်သက်တံ လို့ခေါ်ပြီး ရှားပါးတဲ့ သဘာဝဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။ ဒီလို ဖြစ်ပေါ်ဖို့အတွက် မိုးတိမ်တောင်ရာသီဥတုမျိုးနဲ့ နေရောင်ခြည်ဟာလည်း မိုးကုတ်စက်ဝိုင်းအထက် အနည်းဆုံး ၅၈ ဒီဂရီခန့် မြင့်တက်နေရပါမယ်။ (ပုံထဲမှာတော့ မီးတောက်သက်တံရဲ့ အနောက်မှာ မြင့်တက်နေတဲ့ နေလုံးကြီးကို တွေ့နိုင်ပါတယ်။)

အဆိုပါနေရောင်ခြည်ဟာ လေထုထဲမှ ချပ်ပြားပုံ ရေခဲမှုန်တွေကို ဖြတ်သန်းတဲ့အခါ ကြည့်ရှုသူဘက်မှ သက်တံရောင်စဉ်တစ်ခုကို မီးတောက်ပုံစံ မြင်တွေ့ရခြင်းဖြစ်ပါတယ်။ (ပုံ)။ မီးတောက်သက်တံ (Fire Rainbow) လို့ သတ်မှတ်ခေါ်ဆိုကြပါတယ်။ အနာဂတ်ပညာရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page