ရွှေဈေး ကျအောင် ဈေးလျှော့ပြီး ဇွတ်ရောင်းနေတဲ့ စကစရဲ့ အကြံအစည်နဲ့ နောက်ဆက်တွဲ ဂယက်များ
စကစ လက်အောက်ခံ ရန်ကုန်ရွှေလုပ်ငန်းရှင်းများ အသင်းနဲ့ မန္တလေး ရွှေလုပ်ငန်းရှင်များ အသင်းက အောက်တိုဘာလ ၆ ရက်နေ့မှာ ရွှေ ၆ ပိဿာကို အပြင်ပေါက်ဈေးထက် လျော့နည်းတဲ့ လေလံဈေးနဲ့ ရောင်းချခဲ့ပါတယ်။ ရန်ကုန်မြို့မှာ ရောင်းချတဲ့ ရွှေ ၃ ပိဿာလုံးကို အမည်မဖော်လိုသူ တဦးတည်းက ဝယ်ယူသွားတယ်လို့ သိရပါတယ်။
ယနေ့မှာလည်း မန္တလေး ရွှေလုပ်ငန်းရှင်များအသင်းက အသင်းရုံးမှာ ရွှေတစ်ကျပ်သားလျှင် ၂၅ သိန်း ၄ သောင်း ဈေးဖြင့် တစ်ဦးလျှင် ရွှေ ၁၀ သားနှုန်းနဲ့ ရွှေ ၇ ပိဿာအထိ ရောင်းချမယ်လို့ သိရပါတယ်။ နေ့လည် ၂ နာရီကနေ စတင်ရောင်းချမှာ ဖြစ်ပြီး အသင်းသားများမှအပ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူခွင့် ရှိတယ်လို့ ပြောထားပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းအရ ရွှေ ၇ ပိဿာလုံး အကုန်ရောင်းကုန်သွားတယ်လို့ သိရပါတယ်။
ဒါပေမယ့် ယနေ့ ညနေ ၃ နာရီခွဲမှာ ပြင်ပ ရွှေပေါက်ဈေးက ၂၆ သိန်း ၄ သောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ စကစ အနေနဲ့ ရွှေလုပ်ငန်းရှင်များ အသင်းနဲ့ တွေ့ဆုံပြီး ရွှေဈေးကို အတင်း ပြန်ချဖို့ ဆေးမြီးတိုနဲ့ ကုသနေတယ်လို့ မြင်မိပါတယ်။
လက်ရှိအချိန်မှာ ပြင်ပရွှေဈေးကွက်အနေနဲ့ စက်တင်ဘာလအစကထက် ဈေးလျှော့လာပေမယ့် ဝယ်လိုအား သိပ်မရှိဘဲ ရောင်းလိုအားသာ များနေတယ်လို့ ရွှေဈေးကွက်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ စကစ အနေနဲ့ ယခုလို ရွှေဈေးကို အတင်းသတ်မှတ်ပြီး လျှော့ဈေးနဲ့ ရောင်းချပေးတာကြောင့် ရွှေဈေးနှုန်း ပိုပြီး ကမောက်ကမ ဖြစ်ကာ ဈေးကွက် အလုံးစုံ ပျက်စီးသွားနိုင်ကြောင်း ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။
ယခုအချိန်မှာ ရွှေဆိုင်လို အခိုင်အမာ မဟုတ်ဘဲ ရုံးခန်းမှာ ရွှေရောင်းပေးတာကြောင့် လုံခြုံရေး စိတ်မချရနိုင်ကြောင်း၊ မန္တလေးလို လုယက်မှု များနေတဲ့ မြို့မှာ ဒီလို စတန့်ထွင်တဲ့ အကွက်ဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေနိုင်တယ်လို့ ရွှေလုပ်ငန်းနဲ့ နီးစပ်သူတဦးက သုံးသပ်ပါတယ်။ စကစရဲ့ ရွှေဈေး ဇွတ်ဆွဲချတဲ့ ဆေးမြီးတိုက အလုပ်ဖြစ် မဖြစ် ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။