မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒိုင်နိုဆောစက်ရုပ် တီထွင်မှု အောင်မြင်ပြီ (မြန်မာတွေ မညံ့ပါဘူး၊ ပံ့ပိုးမှု မရှိတာပါ)

မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒိုင်နိုဆော စက်ရုပ်တီထွင်မှု အောင်မြင်ခဲ့ပြီလို့ သိရပါတယ်။ အချိန် (၂) လနီးပါး ပြုလုပ်ခဲ့ရတဲ့ ဒိုင်နိုဆောစက်ရုပ်ကို ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ တီထွင်သူ ကိုအောင်ကျော်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားခဲ့ပါတယ်-

“ဒီနေ့တော့ ပြီးသွားပါပြီ ခင်မျာ။ နည်းပညာ ရှာဖွေပြီး အဆင့်ဆင့် စမ်းသပ်မှုတွေနဲ့ ပြုလုပ်ရမည့် ပစ္စည်း မပြည့်စုံတာတွေကြောင့် ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားပါတယ်။ ဒီထက် အဆင့်မြင့်ပြီး အရည်သွေးကောင်းတဲ့ စက်ရုပ်လေးတွေ လုပ်ချင်ပါသေးတယ် အပ်မည့်သူရှိရင်ပေါ့။”

ကိုအောင်ကျော်ဟာ အဆိုပါ ထရိုင်ဆီရာ‌တော့ဒ် အမျိုးအစား ဒိုင်နိုဆောစက်ရုပ်ကို တတ်ကျွမ်းထားတဲ့ စက်ရုပ်နည်းပညာကို အခြေခံကာ အွန်လိုင်းမှ လေ့လာမှု ပြုလုပ်ပြီး တီထွင်ခဲ့တယ်လို့ သိရပါတယ်။

နည်းပညာပံ့ပိုးမှုနဲ့ ပစ္စည်းပြည့်ပြည့်စုံစုံသာ ရှိရင် ယခုထက် ပိုအဆင့်မြင့်တဲ့ စက်ရုပ်တွေကို တီထွင်ဖန်တီးနိုင်မှာ ဖြစ်တယ်လို့ ကိုအောင်ကျော်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ယခုလို ရွက်ပုန်းသီး ပညာရှင်တွေ အများအပြား ရှိပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အနေနဲ့ မြေတောင်မြှောက် ပေးသင့်တယ်လို့ ပြည်သူများက မှတ်ချက်ချနေကြပါတယ်။

မြန်မာပြည်က ပညာရှင်တွေ အနေနဲ့ ဂျပန်နိုင်ငံ ဟွန်ဒါကုမ္ပဏီက စက်ရုံ မတီထွင်နိုင်မီ ၇ နှစ်ခန့် စောပြီး တီထွင်ခဲ့တဲ့ သမိုင်းမှတ်တမ်းများ ရှိခဲ့ပြီး အာဏာရှင် အစိုးရတွေရဲ့ ဖိနှိပ်မှုကြောင့် ဆက်လက် တီထွင်နိုင်ခြင်း မရှိခဲ့ဘဲ သုတေသန လုပ်ငန်းတွေအားလုံး ဝမ်းနည်းဖွယ်ရာ ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ကိုအောင်ကျော်လိုမျိုး ပညာရှင်တွေကိုသာ စုစည်းပြီး လူအား ငွေအား အပြည့်နဲ့ သုတေသန တီထွင်မှု လုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုပါက မြန်မာ့ပညာရေး အဆင့်အတန်းလည်း မြင့်မားလာပြီး စက်မှုလုပ်ငန်းတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် တိုင်းပြည်တိုးတက်ရေး ခေါင်းထဲမှာ မရှိဘဲ ကိုယ့်အာဏာတည်မြဲရေးသာ လုပ်နေတဲ့ အာဏာသိမ်း လူတစုကြောင့် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍတွေ ပြိုလဲပြီး နောက်ပြန်ဆုတ်သွားတာကို ဝမ်းနည်းဖွယ်ရာ မြင်တွေ့နေရပါတယ်။ (ကိုအောင်ကျော်ရဲ့ ဒိုင်နိုဆော စက်ရုပ် လှုပ်ရှားမှု ဗီဒီယိုဖိုင်တွေကို ကွန်းမန့်မှာ ကြည့်ရှုနိုင်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page