ဈေးပြန်ကျသွားတဲ့ ကြက်သွန်နီနဲ့ ဝိသမလောဘသားတွေ ဒူးနဲ့ မျက်ရည်သုတ်နေရတဲ့ အဖြစ်

ယခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က ထုတ်ပြန်တဲ့ စျေးနှုန်းတွေအရ ကြက်သွန်နီစျေးတွေ ပြန်ကျလာခဲ့ပြီး ကုန်အဝင်များလို့ စျေးဆက်ကျနိုင်တယ်လို့ ပွဲရုံပိုင်ရှင်တွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ အစပိုင်းက ကြက်သွန်နီ တစ်ပိဿာ လက်လီကို ၄၀၀၀ ကျပ်ကျော်အထိ စျေးမြင့်တက်ခဲ့ပေမယ့် လက်ရှိ တစ်ပိဿာကို ၃၀၀၀ ၀န်းကျင် ပြန်ရောက်လာကာ စားသုံးသူတွေအနေနဲ့လည်း စျေးနှုန်းကြီးမြင့်လာတဲ့အတွက် အသုံးလျှော့လာမှုကြောင့် အရောင်းအဝယ် အရမ်းနည်းပါးတယ်လို့ ပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ ၂၄ ရက်နေ့ထိ စျေးနှုန်းတွေအရ ဆိပ်ဖြူကြက်သွန်နီ တစ်ပိဿာကို ၂၆၀၀ ကနေ ၃၀၀၀ ကျပ်ဝန်းကျင်၊ ပျော်ဘွယ် ကြက်သွန်နီ တစ်ပိဿာကို ၂၃၀၀ ကနေ ၂၈၀၀ ကျပ်ဝန်းကျင်၊ မုံရွာကြက်သွန်နီ တစ်ပိဿာကို ၂၈၀၀ ကနေ ၃၃၀၀ ၀န်းကျင်နဲ့ တောင်သာကြက်သွန်နီ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၇၀၀ ကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

အခြေခံရပ်ကွက်စျေးတွေမှာတော့ ကြက်သွန်နီအရွယ်အစားကြီး အလုံးလှရင် တစ်ပိဿာကို ၄၀၀၀ ကျပ်၊ အလုံးအသေးဆိုရင် တစ်ပိဿာကို ၃၅၀၀ ကျပ်ဝန်းကျင်စျေးရှိတယ်လို့ အိမ်ရှင်မတွေဆီက သိရပါတယ်။ စက်တင်ဘာ လအစမှာ ကြက်သွန်နီဈေးတွေဟာ တဟုန်ထိုးတက်လာပြီး ကြက်သွန်နီတဥ ဈေးနှုန်းနဲ့ ကြက်ဥတလုံး ဈေးနှုန်းတို့ တူညီလုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့ပါတယ်။

ထိုသို့ဈေးနှုန်းကြီးမြင့်လာပေမယ့် ကြက်သွန်စိုက်တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်ကြီးမြင့်မှုကြောင့် အမြတ်မရဘဲ ဖြစ်နေပြီး ပြည်သူတွေအနေနဲ့လည်း ဈေးကြီးပေးဝယ်စား ခဲ့ရပါတယ်။ ကြားထဲက ဈေးကစားတဲ့ ဝိသမလောဘသားတွေကတော့ အမြတ်အစွန်း အများအပြား ရရှိခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ကနေ ကြက်သွန်နီတွေ စတင်ဝင်ရောက်ချိန်မှာ ကြက်သွန်နီဈေး ပြန်ကျခဲ့ပါတယ်။ ဈေးထပ်တက်မယ် ထင်ပြီး လှောင်ထားကြတဲ့ ဝိသမလောဘသား တချို့ကတော့ ပုံမှာ မြင်ရတဲ့အတိုင်း လှောင်ထားတဲ့ ကြက်သွန်နီတွေ အညှောင့်ပေါက်လာပြီ ဖြစ်ပါတယ်။ လောဘတက်ပြီး လှောင်မိလို့ နောက်ဆုံးတော့ ကြက်သွန်မြိတ်ပဲ ခူးစားရမယ့် ဘဝ ရောက်သွားပါပြီ။

လက်ရှိအချိန်မှာ မြန်မာငွေတန်ဖိုး‌လျော့ကျမှုကြောင့် ပြည်သူများ ကျပ်တည်းလျက် ရှိနေတဲ့အချိန်မှာ ဝိသမလောဘသားတွေရဲ့ ဈေးကစားမှုကြောင့် ပိုမိုခက်ခဲလျက်ရှိပါတယ်။ အခြေခံစားသောက်ကုန်တွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ အရင်နှစ်တွေကထက် ၃ ဆနီးပါး တက်နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page