ပြည်တွင်း စားအုန်းဆီဈေးကွက် ပျက်လုနီးနီး ဖြစ်နေ၊ စကစ စီးပွားကူးသန်းဌာန ဆေးမြီးတိုနဲ့ ကုသလျက်ရှိ
ပြည်တွင်း စားအုန်းဆီဈေးနှုန်းများ ပြီးခဲ့သည့် ဖေဖော်ဝါရီလ လကုန်ပိုင်းကစ၍ တရိပ်ရိပ်တက်လာခဲ့သောကြောင့် ဖြစ်သင့် ဖြစ်ထိုက်သော ဈေးနှုန်း ဖြစ်ပေါ်စေရန် ထိန်းကျောင်းပေးနေတယ်လို့ စကစ လက်အောက်ခံ စီးပွားကူးသန်း ဝန်ကြီးဌာနက ပြောပါတယ်။
စားအုန်းဆီ အဓိကတင်ပို့ရောင်းချနေတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ အခြေခံလက်ကားဈေးအပေါ်မူတည်ပြီး တပိဿလျှင် အနိမ့်ဆုံး ငွေကျပ် ၅၉၄၀ ကျပ် မှ အမြင့်ဆုံး ၆၅၇၅ ကျပ် ဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောင်းပေးနေကြောင်း စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ပြောပါတယ်။
စားသုံးဆီ ဈေးကွက်အတွင်း စားအုန်းဆီနှင့် ပဲရောဆီများကို ဝယ်ယူစားသုံး သူများပြားသော်လည်း ပြည်တွင်းထုတ်လုပ်နိုင်မှု မလုံလောက်သောကြောင့်မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှ နှစ်စဉ် တန်ချိန် ၇ သိန်းခန့် တင်သွင်းနေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ် ၏ မီနီဘတ်ဂျက်ကာလတွင် ပြည်ပစားအုန်းဆီ တန်ချိန် နှစ်သိန်းသုံးသောင်း ကျော်သာ တင်သွင်းခဲ့ပြီး ယခင်နှစ်များထက် ၉၂,၆၄၄ တန် လျှော့ချ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ပြည်တွင်း စားသုံးဆီ လက်ကျန်နည်းနေတဲ့အတွက် အခုမတ်လအတွင်း ပြည်ပကနေ စားအုန်းဆီ တန်ချိန် ငါးသောင်းခန့် ဝယ်ယူဖို့ ရှိတယ်လို့ ရန်ကုန်တိုင်း ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များ အသင်းက သိရပါတယ်။ ယခုလ တတိယပတ်လောက်ကစပြီးတော့ ပြည်ပကနေ စားသုံးဆီ လက်ကျန် ပြန်ဝင် လာနိုင်တယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်း စားသုံးဆီဈေးကွက် ထဲမှာတော့ လက်လီစားအုန်းဆီဈေး တစ်ပိဿာကို ကျပ် (၈၀၀၀) ကျော်ထိ ရှိနေပြီး အရင်ကထက် ဈေးနှုန်း နှစ်ဆကျော် မြင့်တက်နေတာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ရေးရာ အခြေအနေတွေကြောင့် စားအုန်းဆီဈေးကွက်မှာ ကမောက်ကမဖြစ်နေတဲ့အပြင် မြန်မာ ကျပ်ငွေ တန်ဖိုးကျဆင်းခြင်း၊ နိုင်ငံရေး မတည်ငြိမ်ခြင်းတို့ကြောင့် ပြည်တွင်းဈေးကွက်မှာ မတည်ငြိမ်ဖြစ်နေပြီး ဈေးကွက်အတွင်းမှာ စာအုန်းဆီ လက်ကျန် နည်းနေပြီး ဈေးဆက်တက်နိုင်ခြေ ရှိတယ်လို့ ဆီကုန်သည် တဦးက ပြောပါတယ်။