စာရွက်ပေါ်မှာ ထူးဆန်းစွာ ဈေးကျပြီး အပြင်မှာ ဈေးကြီးပေးဝယ်နေရတဲ့ မြန်မာ့စားအုန်းဆီ

ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေး နှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၆၅၀ သတ်မှတ်တယ်လို့ စကစ လက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်အရ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေး ကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ရည်ညွှန်းစျေးနှုန်းကို လျှော့ချ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

စကစ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ စားအုန်းဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေး ကော်မတီအနေနဲ့ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများအား နေ့စဉ်စောင့်ကြည့်၍ သယ်ယူပိုဆောင်ခကုန်ကျစရိတ်များ၊ဘဏ်စရိတ်များ၊အခွန်အခများထည့်သွင်း တွက် ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက် ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းအား ထုတ်ပြန်ပေးလျက်ရှိတာ ဖြစ်ပါတယ်။

ကျောက်တံတားမြို့နယ်နေ အိမ်ရှင်မတစ်ဦးက “ သူတို့ပြောတဲ့ဈေးက ဈေးထဲ မရောက်သေးဘူးထင်တယ်(ရယ်လျက်) ။ အပြင်မှာ အနည်းဆုံး ၇၀၀၀ ကျော်ပဲ” လို့ မှတ်ချက်ပေးပါတယ်။ ရန်ကုန်မြို့နယ် တခုက ဆီရောင်းချသူ တဦးကလည်း “သူတို့ ဈေးကျတာ စာရွက်ထဲပဲ ကျတာပါ။ ခွဲတမ်းနဲ့ ပိဿာ အနည်းငယ်လောက်ကို ၄၆၅၀ လောက်နဲ့ပဲ ရောင်းတာပါ။ လက်ကား လိုချင်သလောက်ကို အဲဒီဈေးနဲ့ ရရင် ပီပါ ၁၀ လုံး တခါတည်း ငွေချေပြီး ဝယ်လိုက်မယ်လို့” မှတ်ချက်ပေးပါတယ်။

စားအုန်းဆီ ရည်ညွှန်းဈေးတွေ စာရွက်ပေါ်မှာ ကျပြီး အပြင်မှာ မကျရတဲ့ အကြောင်းရင်းကတော့ မြန်မာပြည်က တင်သွင်းမှာယူရသမျှ စားအုန်းဆီတွေကို အရင်လို အကြွေးမပေးတော့ဘဲ လက်ငင်း ပိုက်ဆံရှင်းမှ ဆိပ်ကမ်းကနေ ဆီချပေးတဲ့ စနစ်နဲ့သာ ရောင်းချနေတာကြောင့်လို့ သိရပါတယ်။

စကစရဲ့ ဒေါ်လာ ပုံသေဈေးနှုန်း မူဝါဒကြောင့်လည်း စားအုန်းဆီ တင်သွင်းသူတွေ လိုအပ်တဲ့ ဒေါ်လာကို စကစ လက်အောက်ခံ ဗဟိုဘဏ်က ၁၈၅၀ နဲ့ မရောင်းချ ပေးနိုင်တာဟာလည်း အကြောင်းရင်းတခု ဖြစ်တယ်လို့ သိရပါတယ်။

ထို့အပြင် စကစက ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက် သွားမယ်ဆိုပြီးတော့ လည်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page