ပုစွန်ပြီးတော့ ပေါက်စီ လာပြန်ပါပြီ (မြန်မာပြည်သူတွေရဲ့ အစားအသောက် လုံခြုံမှု မရှိတဲ့ ဘဝ)

လူမှုကွန်ရက်ပေါ်မှာ အဖွဲ့ဝင် ၁.၁ သန်းကျော် ရှိတဲ့ စားကြမယ်၊ ချက်ကြမယ် ဂရုမှာ အဖွဲ့ဝင် တဦး တင်ထားတဲ့ ပေါက်စီ အကြောင်းအရာကတော့ လူပြောများလျက် ရှိပါတယ်။ ပေါက်စီထဲမှာ အမျိုးအမည် မသိတဲ့ အကောင် တမျိုး ပါဝင်လာတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

အပူရှိန် မြင့်မားတဲ့ ရေနွေးငွေ့နဲ့ ပေါင်းထားတဲ့ ပေါက်စီထဲမှာ အမျိုးအမည် မသိတဲ့ အကောင် တကောင် အသက်ရှင်နေတယ်ဆိုတဲ့ ကိစ္စဟာ အတော်ထူးဆန်းတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ မူရင်းပို့စ်မှာ ပေါက်စီရဲ့ တံဆိပ်ကို ဖော်ပြထားပေမယ့်လည်း ကိစ္စရပ် တချို့ကြောင့် ယခုပို့စ်မှာ ချန်လှပ်ထားခဲ့ပါမယ်။ ဂျပန်နပန်းသမား နာမည်နဲ့ ပေါက်စီတံဆိပ် ဖြစ်ပါတယ်။

လက်ရှိအချိန် မြန်မာနိုင်ငံပြည်သူတွေ နေ့စဉ်စားသောက်နေရတဲ့ အစားအသောက်တွေဟာ သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ညီညွှတ်မှု အားနည်းနေကြတာကို တွေ့ရပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကြောင့် အမြတ်အစွန်း ရရှိမှု နည်းပါးလာကြတဲ့ အစားအသောက် ပြုလုပ်သူတွေဟာ ဖြစ်သလိုလုပ်လာကြတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေ အနေနဲ့လည်း ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို ရွေးချယ် ချက်ပြုတ် စားသောက်မယ်ဆိုပါက ရရှိတဲ့ဝင်ငွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် သိသိနဲ့ပဲ ဝယ်ယူစားသောက်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ပြည်သူတွေရဲ့ လူမှုနေထိုင်မှု ဘဝတွေ မလုံခြုံနေသလို အစားအသောက်ပါ လုံခြုံမှု မရှိတဲ့ အနေအထား ဖြစ်နေပါတယ်။

မြန်မာနိုင်ငံ အစားအသောက်ကွပ်ကဲမှု အဖွဲ့ကလည်း အမည်သာရှိပြီး အလုပ်ကို မည်ကာမတ္တသာ လုပ်နေတာကြောင့်လည်း အခြေအနေတွေက ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။ ဝိသမလောဘသားတွေအနေနဲ့ကလည်း မိမိ အမြတ်အစွန်း ရရှိရေးကိုသာ မကြည့်ဘဲ ပြည်သူတွေဖက်ကို တချက်လှည့်ကြည့်သင့်ပါတယ်။

ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သမျှ ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်ဖို့ ကြိုးစားသင့်ပါတယ်။ ဈေးသက်သာပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအစာတွေကို ရွေးချယ် စားသောက်ဖို့ အရေးကြီးပါတယ်။

အစားအသောက် ထုတ်လုပ်ရောင်းချသူတွေအနေနဲ့လည်း “မလှူတတ်ရင် ဈေးရောင်း” ဆိုတဲ့ စကားပုံနဲ့ အညီ ထိုက်သင့်တဲ့ အမြတ်အစွန်း ရရှိမယ်ဆိုရင် ပြည်သူတွေ ကျန်းမာရေးအတွက် အနည်းငယ်မျှလောက်ကို ရှေးရှုပြီး လုပ်ကိုင်ဆောင်ရွက်သင့်ကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page