ဆိုနီ သိပ်ကြိုက်တဲ့ သီတဂူဆရာတော်ကြီးရဲ့ လူသိပ်မသိသေးတဲ့ အဖြစ်အပျက်များ

မရေးချင်တဲ့ စာတစ်ပုဒ်ကို ရေးရပါတော့မည်။ အခုတလော သီတဂူ ဆရာတော်ရဲ့ မဆင်မခြင်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ပတ်ဝန်းကျင်မှာ တော်တော်လူပြောများနေတယ်။ ဗုဒ္ဓဘုရားက ခရီးသွားရင် တပည့်ရဟန်း၅၀၀ အနောက်က အမြဲပါနေခြင်းဟာ ဘာသာခြားတွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းကို ကာကွယ်ဘို့အတွက်ဖြစ်တယ်လို့ ဆရာတော်က သူ့ရဲ့ ယူဆချက်ကို ပြောတယ်။

ဗုဒ္ဓဘုရားတို့မည်သည် သူတစ်ပါးရန်ပြုတိုက်ခိုက်ခံရခြင်းမှ ‌ေ-သရိုးထုံးစံမရှိ။ ရန်ဟူသမျှကို အောင်မြင်တော်မူသော မြတ်စွာဘုရားဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်းကသိနေကြတော့ ဆရာတော် မဆင်မခြင် ပြောလိုက်တဲ့စကားတစ်ခွန်းဟာ လူတွေ ဝေဖန်စရာ ရူံချစရာဖြစ်သွားတယ်။

နဂိုကမှ အကြမ်းဖ-က်သမား အာဏာ-ူး လူယုတ်မာ မင်းအောင်လှိုင်နဲ့ ပေါင်းနေလို့ အမြင်မကြည်ဖြစ်နေတဲ့ ပြည်သူတွေကြားမှာ ပိုပြီးလူပြောစရာဖြစ်သွားတယ်။ ဒီစကားကို ဘယ်လို အဓိပ္ပါယ် ရည်ရွယ်ချက်နဲ့ပြောလိုက်တယ်ဆိုတာကတော့ ဆရာတော်ဘဲအသိဆုံးဖြစ်ပါလိမ့်မယ်။ ဆရာတော်ဟာ ငါဘဲဗဟုသုတကြွယ်တယ်။ ငါဘဲသိ ငါဘဲတတ်တယ်ဆိုတဲ့ စိတ်ကြီးဝင်တဲ့ ရောဂါရှိနေတာကတော့ တချိန်ကရင်းရင်းနှီးနှီးအနီးကပ်နေခဲ့ဘူးလို့သိနေတယ်။

မကြာသေးခင်ကာလတစ်ခုကလည်း သံတောင်မြို့ တပ်နယ်ခန်းမမှာ အကြမ်းဖ-က်စစ်တပ်က ကောင်တွေဦးဆောင်ပြုလုပ်တဲ့ တရားပွဲမှာ “သရဏဂုံမတည်တဲ့ လူတွေကို -တ်တာဟာ အပြစ်မရှိဘူး။ ငရဲမကျဘူး။” ဆိုလိုတာက တိုင်းပြည်နဲ့ မင်းအာဏာကို ဆန့်ကျင်လာတဲ့ လူမှန်သမျှကို -တ်ကြဆိုတဲ့ လူမိုက်အားပေးတရားကို မဆင်မခြင်မခြင်ဟောခဲ့လို့ အကြီးအကျယ်ဝေဖန်ခံခဲ့ရပြီးပြီ။

ဒါလည်းမဆင်ခြင် မမှတ်သေးဘူး။ အဓိကက အမှားကို ပြုပြင်ချင်တဲ့စိတ်မရှိတာလို့ယူဆတယ်။ ဒါကလည်း နေရာတကာ ငါဘဲသိ ငါဘဲတတ်တယ်ဆိုတဲ့စိတ်အခံကြီးရှိနေလို့ဘဲ။ ဆရာတော် ဒီလိုမဆင်မခြင်တွေပြောခဲ့တာဟာ အခုမှမဟုတ်ဘူး။ မိမိကိုယ်တိုင်မကြာမကြာ ကြုံတွေ့ခဲ့ဘူးတယ်။ ဒီလို ကြုံတွေ့ရတဲ့အခါတိုင်း လူပုံအလယ်မှာ အပြောခံခဲ့ရတဲ့ တစ်ဖက်လူတွေကို အားနာစိတ်နဲ့ စာနာသနားမိတယ်။

အပေါ်မှာ ခေါင်းစဉ်ပေးထားတဲ့ “မရေးချင်တဲ့ စာတစ်ပုဒ်ကို ရေးရပါတော့မည်” ဆိုတဲ့ အကြောင်းအရာက အခုမှစပါမည်။ ဆရာတော် ဒီလိုမဆင်မခြင်တွေ ပြောလိုက်တဲ့ စကားတွေကြောင့် အတိတ်ကိုသတိရသွားမိတယ်။ အချိန်က ၂၀၁၁ ခုနှစ် ဖလော်ရီဒါ ပြည်နယ် West Palm Beach မြို့မှာ သီတဂူ သံဃာ့ဝိဟာရ ကျောင်းအသစ် ဖွင့်ပွဲအခန်းအနားအတွက် ဆရာတော် ရောက်လာတယ်။

နောက်ပါ သံဃာတွေနဲ့ မြန်မာပြည်က လူဧည့်သည်အချို့လည်းပါလာတယ်။ မိမိတို့က လေယာဉ်ကွင်းမှာသွားကြိုတယ်။ ကျောင်းမှာက ဆရာတော်ရောက်လာရင် ဝတ်ကြီးဝတ်ငယ်ပြုစုဘို့နဲ့ ဖူးတွေ့ဘို့ အတွက် နယ်ခံ လူအချို့က အဆင်သင့်စောင့်ကြိုနေကြတယ်။ အဲဒီထဲမှာ ဇော်ဇော်ဆိုတဲ့ လူငယ်လေးတစ်ဦးလည်းပါတယ်။ ဒီနေရာမှာ ဇော်ဇော့်အကြောင်း နည်းနည်းပြောပြချင်တယ်။ ဇော်ဇော်ဆိုတာက အခြေမဲ့အနေမဲ့မဟုတ်ဘူး။ သူ့အဖေက ဆရာဝန်ကြီး ဒေါက်တာတင်သန်းမြင့်။ သီတဂူဆရာတော်ရဲ့ ကျေးဇူးရှင်လို့ပြောလို့ရတယ်။

အမေရိကမှာ သီတဂူဆရာတော်အတွက် ပထမဦးဆုံးသော ဘုန်းကြီးကျောင်းတည်ထောင်ပေးခဲ့တဲ့ အလှုရှင်ဒကာဖြစ်တယ်။ တက္ကစက်ပြည်နယ် အော်စတင်မြို့မှာ ယခုရှိနေတဲ့ သီတဂူဗုဒ္ဓဝိဟာရ ဆိုတဲ့ ကျောင်းကြီးနဲ့ ကျယ်ဝန်းလှတဲ့ မြေတွေကို တစ်ဦးထဲ အကုန်အကျခံဝယ်ပြီး လှုတန်းပေးခဲ့တဲ့ ဆရာဝန်ကြီးဖြစ်တယ်။ ဇော်ဇော်ဆိုတာ အဲဒီဆရာဝန်ကြီးရဲ့သား။ မိမိနဲ့အသက်အတူလောက်ရှိတယ်။ ဘာသာရေးကိုင်းရိူင်းသလို ဘာသာရေးဗဟုသုတလည်းရှိတယ်။ စိတ်သဘောထားလည်းဖြူစင်တယ်။ ဒါပေမယ့် သူ့မှာ Mental Health ( စိတ်ကျန်းမာရေး ) ရောဂါလေး နဲနဲရှိတယ်။ ခင်မင်ဘို့လည်းကောင်းတယ်။

စောစောက အကြောင်းကိုပြန်ဆက်မယ်။ ဒီလိုနဲ့ သီတဂူဆရာတော်ကို လေယာဉ်ကွင်းကနေ ကြိုပြီး ကျောင်းအသစ်ကိုရောက်လာကြတယ်။ ကျောင်းရောက်လာတော့ ဇော်ဇော်အပါအဝင် ကျောင်းမှာစောင့်နေကြတဲ့ နယ်ခံဒကာ/ဒကာမတွေက အပူအအေး တွေနဲ့ ဆရာတော်ကို ဝတ်ကြီးဝတ်ငယ်ပြုကြတယ်။ နှိပ်နယ်ပေးကြတယ်။ မိမိလည်းဘေးမှာရှိနေတယ်။ အဲဒီအချိန်မှာ ဇော်ဇော်က သီတဂူဆရာတော်ကို စကားတစ်ခွန်းလျှောက်တယ်။ “ဘုန်းဘုန်းဘုရား ဘုန်းဘုန်းကလည်း အင်္ဂါသား တပည့်တော်လည်း အင်္ဂါသားပါဘဲဘုရား” တဲ့ သူကတော့ အားရဝမ်းသာစွာနဲ့ လက်အုပ်လေးချီပြီး ဒီစကားကို ရိုရိုသေသေပြောလိုက်တာပါ။

ဒီစကားထဲမှာ ဘာတခုမှ အမှားမပါ။ ဒီအချိန်မှာ သီတဂူဆရာတော်ပြန်ပြောလိုက်တဲ့စကားကို မိမိမယုံကြည်နိုင်လောက်အောင်ဖြစ်သွားတယ်။ ဆရာတော် ဘာပြန်ပြောလိုက်လည်းဆိုတော့ “မင်းက အရူး အင်္ဂါသား“ တဲ့ ဟာ ပြောထွက်လိုက်တာ။ ဆိုလိုတာက ငါနဲ့ လာမနိူင်းနဲ့လို့ ဆိုလိုချင်တာ။ Mental Health ရောဂါရှိနေတဲ့ လူငယ်လေးတစ်ယောက်ကို လူတွေအများကြီးရှိနေတဲ့ လူပုံအလည်မှာ သီတဂူဆရာတော် မဆင်မချင် ပြောလိုက်တဲ့စကား။ ပြောရက်လိုက်တာ ဆရာတော်ရယ်။ ဆရာတော့် နှုတ်က ဒီလိုစကားမျိုးပြောထွက်တာအံ့ဩမိပါရဲ့။

ဒီစကားကြားတော့ ဇော်ဇော့်ခမျာ လူပုံအလည်မှာ မျက်နှာလေးပျက် ရှက်ပြီး ငြိမ်သွားရှာတယ်။ ဘာစကားမှလည်းထပ်မပြောတော့ပါ။ ခဏနေတော့ ကျောင်းအပြင်ကို တစ်ယောက်ထဲ ထွက်သွားတယ်။ မိမိက နောက်ကလိုက်သွားပြီး အားပေးနှစ်သိမ့်တဲ့စကားလေးတွေသွားပြောတယ်။ သူကတော့ ဆရာတော်ကို ဘာတခုမှ အပြစ်တင်တဲ့စကားမပြောရှာဘူး။ ဒါပေမယ့် သူ့မျက်လုံးထဲမှာတော့ ဝမ်းနည်း မျက်ရည်တွေ ဝဲနေရှာတယ်။ မိမိစိတ်ထဲမှာတော့ ပြောထွက်လိုက်တာ ရက်စက်လိုက်တာ ဆရာတော်ရယ်။ ဘယ်လို အတွေးအခေါ်နဲ့များ ဒီလိုစကားမျိုးကို နှုတ်ကနေ ပြောထွက်ပါလိမ့်။

မိမိလို သာမန် လူတစ်ယောက်တောင် တစ်ပါးသူရဲ့ အားနည်းချက်ကို -ိုက်ပြီးပြောခိုင်းရင်တောင် လူပုံအလည်မှာ ပြောထွက်မည်မဟုတ်။ ပြီးတော့ သူ့အဖေ ဆရာဝန်ကြီးက ငွေစိုက်ထုတ်လူတန်းပေးခဲ့လို့ သီတဂူဗုဒ္ဓဝိဟာရကျောင်းဆိုတာ အမေရိကမြေပေါ်မှာ စတင်ပေါ်ပေါက်လာတာ။ ဒီကျေးဇူးတရားကိုလည်း မထောက် မငဲ့ညာ။ အဓိကကတော့ ငါဆိုတဲ့ မာန်မာန တွေပါဘဲလေ။ မပြီးသေးဘူး အဲဒီဘုန်းကြီးကျောင်းအသစ်ဖွင့်ပွဲမှာ နောက်ပြသနာတွေရှိသေးတယ်။ သီတဂူရဲ့ မဆင်မခြင်ပြောခဲ့တဲ့စကားတွေပေါ့။

လေယာဉ်ကွင်းကနေ ကြိုလာပြီး ကျောင်းအသစ်ကို ရောက်လာတာနဲ့ ဆရာတော်က တစ်ကျောင်းလုံးကို လိုက်ပတ်ကြည့်တယ်။ ကျောင်းအသစ်ဆိုတော့ ကျောင်းမှာလိုအပ်တဲ့ ပရိဘောဂ၊ ရေခဲသေတ္တာ ၊ Freezer ၊ အဝတ်လျှော်စက်၊ ခြောက်စက် ၊ TV ၊ ကွန်ပြူတာ ၊ ပရင်တာ အစရှိတဲ့ ပစ္စည်း အသစ်တွေကို အလှုရှင်အသီးသီးက ဝယ်ယူ လှုတန်းထားကြတယ်။ မိမိလည်း ကွန်ပြူတာနဲ့ ပရင်တာ တစ်စုံဝယ်လှုပေးခဲ့တယ်။

ဒီလိုနဲ့ ကျောင်းအတွင်းအပြင်ကိုလှည့်ပတ်ကြည့်နေတဲ့ဆရာတော်က TV အသစ်ကြီးရှေ့ကို ရောက်လာတယ်။ TV က ၆၅လက်မ တိုရှီဘာ။ TV ကိုမြင်တော့ ဆရာတော်က “မင်းတို့ တော်တော် ညံ့သေးတာဘဲ ။ မှတ်ထား TV ဆိုရင် ဆိုနီကအကောင်းဆုံးကွ။ သွား ဒီတိုရှီဘာကို အခုဘဲ ဆိုနီ နဲ့ သွားပြန်လဲ “ ဆရာတော့် ဆီက ဒီစကားကြားရတော့ မိမိတို့လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်ကုန်ကြတယ်။

TV ကြီးက သူမရောက်လာခင် လွန်ခဲ့တဲ့ ၃ ရက်လောက်ကထဲက ပါကင်ပုံးဖွင့်ပြီးလို့တောင် TV Stand ပေါ်မှာ အားလုံးတပ်ဆင်ပြီးနေပြီ။ အဲဒါနဲ့ အဲဒီ TV ကို ဝယ်လှုတဲ့ အလှုရှင်မိတ်ဆွေကို အားနာနာနဲ့ ဆရာတော်ကတော့ ဒီလိုပြောနေပြီ ဘယ်လို လုပ်ကြမလဲ ဆိုပြီး မေးရတော့တာပေါ့။ အလှုရှင်မိတ်ဆွေကလည်းတော်ပါတယ်။ “အဲဒါဆိုလည်း ဆိုင်မှာ အကျိုးအကြောင်းပြောပြပြီး သွားပြန်လဲကြတာပေါ့ဗျာ” တဲ့။

အဲဒါနဲ့ အဲဒီ တိုရှီဘာ TV ကြီးကို ကားပေါ်ပြန်တင်ပြီး ဆိုင်မှာ ဆိုနီနဲ့ သွားပြန်လဲပေးခဲ့ရပါတော့တယ်။ အလှုရှင်လည်း ငွေတွေ ထပ်ကုန်ပေါ့။ အလှုရှင်က သူလှုနိုင် တတ်နိုင်တဲ့ ငွေနဲ့ ဝယ်လှုထားတဲ့အပေါ်မှာ ရဟန်းတစ်ပါးအနေနဲ့ ဒီလိုပြောသင့်ပါသလား၊ ဇော်ဇော့်အပေါ်မှာရော လူပုံအလည်မှာ ဒီလိုတွေ မဆင်မခြင်ပြောသင့်ပါရဲ့လား။

မပြီးသေးပါဘူး။ အဲဒီကျောင်းအသစ်ဖွင့်ပွဲမှာ သီတဂူဆရာတော် မောက်မောက်မာမာ နဲ့ မဆင်မချင်တွေပြောခဲ့လို့ လူပုံအလည်မှာ အရှက်ကွဲခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင် (ဦး) ကြည်စိုး (IC) ရဲ့အကြောင်းကို နောက်ရက်ကြမှ ဒုတိယပိုင်း အနေနဲ့ ဆက်တင်ပြပေးပါ့မယ်။ သီတဂူရဲ့ မဆင်မခြင် မောက်မောက်မာမာ ပြောခဲ့သောစကားများ။ ယခုတော့ စာရှည်ပြီမို့ ခဏနားပါအုံးမည်။ ဘဝတစ်ခု အမှတ်တရ။ Henry Aung (Florida)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page