ကားဈေးတွေ ၂ ဆ ဖြစ်မှာစိုးလို့ ကားထုတ်လုပ်မှု ပြန်မစသေးဘူးလို့ ဆူဇူကီး မြန်မာထုတ်ပြန်
ဒေါ်လာရရှိမှုနဲ့ ကျပ်ငွေလဲနှုန်း အဆင်မပြေသေးတာကြောင့် ကားထုတ်လုပ်မှု ပြန်မစနိုင်သေးဘူးလို့ ဆူဇူကီး မြန်မာက ကြေညာလိုက်ပါတယ်။
တပ်ဆင်ထုတ်လုပ်တဲ့ ကားအစိတ်အပိုင်းတွေ ပြည်ပက တင်သွင်းရာမှာ နှောင့်နှေးမှုတွေရှိတဲ့အတွက် ကားထုတ်လုပ်မှုလုပ်ငန်းတွေ ယာယီရပ်ဆိုင်းထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ဆူဇူကီးက ကြေညာခဲ့ပါတယ်။
လက်ရှိမှာ အစိတ်အပိုင်းတွေ တင်သွင်းလို့ ရနေပေမယ့် ဒေါ်လာဝယ်လို့ မရတာကြောင့် မတင်သွင်းနိုင်သလို ထုတ်လုပ်မှုလည်း မစနိုင်သေးတာဖြစ်တယ်လို့ ဆူဇူကီးမြန်မာ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ပြင်ပဈေးကွက်ကနေ ဒေါ်လာ ဝယ်ယူတင်သွင်းရင်လည်း ဈေးအမြင့်နဲ့ ဝယ်ရမှာဖြစ်တဲ့အတွက် ကားဈေးတွေ နှစ်ဆလောက် တက်သွားနိုင်တယ်လို့ သိရပါတယ်။ အခုလို ကားဈေး မတက်ချင်တဲ့အတွက် ထုတ်လုပ်မှုကို ဆက်ရပ်ထားတာ ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ ပြည်တွင်းကားဈေးကွက်ထဲမှာတော့ SKD ကားထုတ်လုပ်မှုတွေ မကြာခင် ပြန်စနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက တိုယိုတာမြန်မာကုမ္ပဏီက ကားတပ်ဆင်ထုတ်လုပ်မှု စတင်နေပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့မှုကြောင့် မြန်မာ့ကားဈေးကွက် လှုပ်ခတ်ခဲ့ပါတယ်။ တိုယိုတာကားတစီးကို သိန်း ၁၅၀၀ ကျော် ပေးရတဲ့အတွက်ကြောင့် အဆမတန် ဈေးမြင့်တက်နေတယ်လို့လည်း ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။