ကမ္ဘာ့အကြီးဆုံး နီလာ ရတနာတုံးကြီးကို သီရိလင်္ကာနိုင်ငံတွင် ရှာဖွေတွေ့ရှိ
သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့ သုံးလခန့်က ကျောက်မျက်တွင်းတစ်ခုမှာ တွေ့ရှိခဲ့တဲ့ အလေးချိန် ၃၁၀ ကီလိုဂရမ်ရှိ ကျောက်တုံးကြီးဟာ ကမ္ဘာ့အကြီးဆုံး သဘာဝ နီလာတုံးကြီးဖြစ်တယ်လို့ သိရပါတယ်။
အကဲဖြတ်အတည်ပြုပေးခဲ့တဲ့ ကျောက်မျက်ပညာရှင်တွေကတော့ ကီလိုဂရမ် ၃၀၀ ကျော်ရှိတဲ့ အဆိုပါ နီလာတုံးကြီးဟာ ကမ္ဘာ့ အရှားပါးဆုံး ကျောက်မျက်တွေထဲက တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။
နီလာတုံးကြီးကို သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုတောင်ဘက် ၆၅ ကီလိုမီတာအကွာ ဟိုရာနာမြို့ရှိ ကျောက်တွင်းသူဌေးတဦးရဲ့ နေအိမ်မှာ ပြသထားရှိတာဖြစ်ပါတယ်။
နီလာတုံကြီးကို ကျောက်မျက်များစွာ ထွက်ရှိရာ ရတ္တနာပူရ ဧရိယာမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ယင်းဧရိယာမှာ ယခင်ကလည်း ကမ္ဘာ့အကြီးဆုံး နီလာအတွဲကို ဒေသခံတွေ မထင်မှတ်ဘဲ တွေ့ရှိခဲ့ဖူးပါတယ်။
ရတ္တနာပူရကို သီရိလင်္ကာနိုင်ငံရဲ့ ကျောက်မျက်မြို့တော် (မြန်မာမှာဆို မိုးကုတ်) အဖြစ် သိထားကြပြီး နီလာနဲ့ အခြား အဖိုးတန်ကျောက်မျက်တွေ အဓိက ထွက်ရှိရာဒေသတစ်ခုဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံဟာ စိန်နဲ့ အခြား ကျောက်မျက်ရတာနာတွေ တင်ပို့ရောင်းချမှုကနေ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။