မြန်မာ့ရွှေဈေးကွက်ပျက်နေချိန် အမြတ်ကြီးစားနေတဲ့ ရွှေဆိုင်တွေရဲ့ အမှောင်ဖက်ခြမ်း
ရွှေဆိုင်အများစုက အသားချည်းစားဖို့ ရွှေဆိုင်တွေဆီ လာသွင်းတဲ့ ရွှေတွေကို အရင်က အမြတ် ၃၀၀၀၀၊ ၅၀၀၀၀ ခွာပြီး အမြတ်ထုတ်ကြတယ်။ နောက်တော့ ရောင်းသူနည်းလာ၊ ၂၅ သိန်းနဲ့ အတင်းရောင်းခိုင်းလို့ လက်ရှိပေါက်စျေးထက် တသိန်းအရှုံးခံ အတင်းရောင်းပေးရတော့ အဲဒီအရှုံးတွေ ကာမိအောင် ရွှေဆိုင်အများစုက ရောင်းစျေး ဝယ်စျေးကို တသိန်းခွါ ရောင်းဝယ် အမြတ်ထုတ်လာကြတယ်။
တကယ်တမ်း လက်တွေ့မှာ ရွှေစျေးတက်လို့ ကုန်စျေးနှုန်းတွေ တက်တာမဟုတ်ပဲ ရွှေစျေးတွေ ဘယ်လောက်ချချ အခြေခံစားကုန်အများစုနဲ့ ဆေးဝါးစျေးက မကျတဲ့ အပြင် အတက်ဘက်ကို ပြန်ရောက်လာတယ်။ ကျပ်ငွေတန်ဖိုးက ထိုးကျနေတာ။
တကယ်တမ်း ချရမှာက မြေစျေးတွေပါ။ မြေစျေးတွေ ကြီးတော့ မြေကို လုပ်ငန်းလုပ်ဖို့ထက် ရင်းနှီးမြုပ်နှံမှု ပစ္စည်းလို သဘောထားနေကြတော့ စက်မှုဇုန်မြေတွေ စိုက်ပျိုးမွေးမြူမြေတွေက စျေးကြီးလာတော့ စိုက်စရိတ် မွေးစရိတ် ကုန်ထုတ်လုပ်စရိတ်တွေ များလာပြီး လုပ်ငန်းလုပ်ချင်သူတွေ အခက်အခဲဖြစ်ရတယ်။ မြေစျေးတက်တော့ အိမ်ငှါးခတွေပါ တက်ပြီး အလုပ်လာလုပ်သူတွေ ရတဲ့လစာနဲ့ ပေးရတဲ့အိမ်ငှါးခတွေ ထိပြီး ဆင်းရဲတွင်းပိုနက်ရတယ်။
အခုဆို ဘဏ်တွေမှာ အပေါင်ထားတဲ့မြေတွေကို အဆမတန် စျေးဆွဲတင်ပြီး မြေစျေးတွေ မတက်တက်အောင် လုပ်ခဲ့လို့ စျေးကွက်ထဲက မြေစျေးတွေဟာ အဆမတန် ထိုးတက်ပြီးပြီ။ အခုလိုအတိုင်း မြေစျေးတွေ တက်ပြီး လုပ်ငန်းတွေ ဆက်မလည်ပတ်ပဲနေမယ်ဆိုရင် အခြေခံစားကုန်စျေးတွေ တက်မည့်အလားအလာက ပိုကြီးလာဖို့ပဲ ရှိတယ်။ မြန်မာကျပ်ငွေတန်ဖိုးကလည်း ကျသထက် ကျလာပြီး ပြည်သူတွေ ဆင်းရဲငတ်မွတ်ဒဏ်ကို ပိုခံရဖို့ပဲ ရှိတယ်။
မြေစျေးတွေ အတက်ကြမ်းပြီး ရင်းနှီးမြုပ်နှံမှုတခုအနေနဲ့ တက်လုပ်နေမယ်ဆိုရင် တကယ် စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်မည့်သူတွေအတွက် အတော်ဒုက္ခရောက်မည့်အလားအလာပဲ။ နိုင်ငံခြားနဲ့ လုပ်မည့် ကားထုတ်လုပ်မည့် ရင်းနှီးမြုပ်နှံမှုအတွက် မြေနေရာရှာတဲ့နေရာမှာ ဘယ်လောက်အမြတ်ကြီးစားကြလဲဆိုတော့ မူလလယ်သမားက တဧကကို သိန်း ၆၀၀ပဲ လျှော်ကြေးရမယ်ဆိုတယ်။
ကြားကနေ ဖြေရှင်းပေးတဲ့ တရုတ်အကျိုးဆောင်ကုမ္ပဏီနဲ့ ဌာနဆိုင်ရာက တဧက အမြတ် သိန်း ၄၀၀ ယူမယ်ဆိုတယ်။ အဲဒီပရောဂျက်ကို တာဝန်ယူတဲ့ ဗခ တွေကတော့ သူတို့ကို တဧက သိန်း ၅၀၀ ကန်တော့ကြေးပေးရပြီး စီမံကိန်းရတဲ့ တရုတ်ကုမ္ပဏီက တဧကကို သိန်း ၁၅၀၀ နဲ့ ရတယ်လို့ ကြားရတယ်။
ရသွားတဲ့ တရုတ်ကုမ္ပဏီအတွက်ကလည်း သိန်း ၁၅၀၀ နဲ့ ရသွားလို့ ပျော်နေတယ်။ ဘာလို့ဆိုတော့ အဲဒီနားက ကားကုမ္ပဏီရဲ့ မြေက တဧကကို သိန်း ၃၀၀၀၀ ကျော်တန်နေတော့ ကန်တော့ကြေးတွေ အားရပါးရထပ်ပေးကြတယ်တဲ့။ ဒီလို မတရားအမြတ်ထုတ် ခေါင်းပုံဖြတ်တဲ့ လုပ်ရပ်တွေကြောင့် ယိုးဒယားမှာ ထုတ်တဲ့ ကားစျေးထက် မြန်မာပြည်မှာ လာထုတ်တဲ့ ကားစျေးတွေက အဆမတန် စျေးကြီးနေဦးမှာပဲ။ (Aung Kyaw Oo)