ပြိုင်တိုင်းရှုံး အာရှကြွက်ကြီးအသင်းကို ရှားရှားပါးပါး ချီးကျူးလိုက်သူ တဦး (ဆေးမှားသောက်မိတာလား)
ပြီးခဲ့တဲ့ ၂၀၂၂ အာဆီယံအဖွဲ့ချုပ် ဖလားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ နိုင်ပွဲမရရှိခဲ့ဘဲ အုပ်စုအဆင့်က ထွက်ခဲ့ရပေမယ့် မြန်မာအသင်းကစားပုံနဲ့ပတ်သက်လို့ မလေးရှားအားကစားဂျာ နယ်လစ်တစ်ဦးက တွစ်တာမှာ ချီးကျူးရေးသားခဲ့တာကို တွေ့ရပါတယ်။
“အချက်အလက်တွေအရ သူတို့(မြန်မာကစားသမားတွေ)ရဲ့ အနီးပေးကစားပုံနဲ့လျင်မြန်တဲ့လှုပ်ရှားမှုတွေဟာ အထင်ကြီးလောက်စရာပါပဲ။ ဒီအားသာချက်တွေက အာဆီယံထိပ်သီးအသင်းကြီးတွေအတွက် စိန်ခေါ်မှုဖြစ်စေနိုင်ပါတယ်” လို့ မလေးရှားနိုင်ငံ စတားမီဒီယာဂရုရဲ့ အားကစားဂျာနယ်လစ်အဗီနတ်စ် ဝါရမ်က တွစ်တာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ နည်းပြအန်တွမ်နီဟေးအနေနဲ့လည်း အသင်းကို တစ်စုံတစ်ခုအပြောင်းအလဲ ပြုလုပ်နေပုံရတယ်လို့ အဗီနတ်စ်ဝါရမ်က ဆိုပါတယ်။
အဗီနတ်စ်ဝါရမ်အနေနဲ့ မြန်မာအသင်းကို မလေးရှား၊စင်ကာပူအသင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တွေအပေါ်မှာ အဓိက သုံးသပ်ထားခြင်းဖြစ်ကြောင်းလည်း ရှင်းလင်းထားပါတယ်။ ၂၀၂၂ အာဆီယံအဖွဲ့ချုပ်ဖလား ပြိုင်ပွဲအုပ်စုအဆင့်မှာ မြန်မာအသင်းက မလေးရှားအသင်းကို ၁-၀ ဂိုး၊ စင်ကာပူအသင်းကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ဗီယက်နမ်အသင်းကိုတော့ သုံးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး လာအိုအသင်းနဲ့ နှစ်ဂိုးစီသရေကျကာ နိုင်ပွဲမရရှိခဲ့ဘဲ အုပ်စုအဆင့်က ထွက်ခဲ့ရတာဖြစ်ပါတယ်။
မလေးရှားအားကစားဂျာနယ်လစ်ရဲ့ ရေးသားချက်နဲ့ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးကလည်း “Thank You” လို့ ပြန်လည်ပြောကြားထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်းမှာ နိုင်ပွဲ တပွဲမှ မရခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းကို ရှားရှားပါးပါး ချီးကျူးတဲ့သူ ရှိတာဟာ အလွန်အံ့အားသင့်ဖို့ ကောင်းတယ်လို့ မြန်မာ့ဘောလုံးဝါသနာရှင်တဦးက ဆိုပါတယ်။ လက်ရှိအချိန်မှာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ယှဉ်ပြိုင်စရာ ပြိုင်ပွဲမရှိသေးဘဲ အသင်းသားတွေကို သက်ဆိုင်ရာ ကလပ်အသင်းတွေကို ပြန်လွှတ်ထားတယ်လို့ သိရပါတယ်။