ပြိုလဲတော့မယ့် မြန်မာ့ သွင်းကုန်ထုတ်ကုန်လောကနဲ့ စီးပွားပျက်ကပ်ကို ဦးတည်နေတဲ့ အဖြစ်

အထွေထွေကုန်ပစ္စည်းစျေးများတက်၊ ငွေတန်ဘိုးကျ၊ ပိုက်ဆံကအသုံးမခံ၊ purchasing power ကျ သည်ကို ငွေဖောင်းပွခြင်း (inflation) ဖြစ်သည်ဟုခေါ်သည်။

Inflation ဖြစ်ရသည့်အကြောင်းရင်းများစွာရှိသည်။ ငွေမာဖြစ်တဲ့ ဒေါ်လာနဲ့ ချိန်ထိုးပြီး ဒေါ်လာစျေးတက်လို့ ပစ္စည်းစျေးတွေ တက်တယ်ဆိုကာ အမိန့်အာဏာနဲ့စျေးသတ်မှတ် စျေးဆွဲချခဲ့သော်လည်း စျေးကွက်ထဲတွင်တော့ ဘာတခုမှစျေးမကျ၊ ပို၍သာတက်လာနေသည်က ယနေ့မြန်မာ့စီးပွါးရေးအခြေနေပါ။

GDP ကျခြင်း၊ Fiat money ခေါ် ငွေစက္ကူကို ပိုမိုရိုက်ထုတ်ခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကျဆင်းခြင်း၊ ပြည်ပပို့ကုန်ကျဆင်းခြင်း၊ ပြည်ပသွင်းကုန်ကိုသာ မှီခိုနေရခြင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှုများပြန်ထွက်ခြင်း၊ ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံမှု အသစ်များနည်းပါးခြင်း၊ ပြည်တွင်းလုပ်ငန်းများရပ်တန့်နေခြင်း၊ စစ်မက်ဖြစ်ပွါးခြင်း ယုံကြည်မှုမရှိခြင်း စသောအကြောင်းများကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်လေ့ရှိပါသည်။

Expansion or growth ကြောင့်ဖြစ်သော အသင့်အတင့်သော ငွေကြေးဖောင်းပွမှုသည် မစိုးရိမ်ရပါ။ ကုန်စျေးနှုံးတက်သော်လည်း အလုပ်အကိုင်တွေပေါများပြီး ပိုက်ဆံရှာရလွယ်သဖြင့် အများစုက ဝယ်နိုင် စားနိုင် သုံးနိုင်နေလျင် အဆင်ပြေပါသည်။

သို့သော် စီးပွါးရေးက ကျုံလည်းသွားတယ်၊ စျေးနှုံးများလည်း မိုးပေါ်တက်နေတယ်၊ ဆိုလျင်တော့ စီးပွါးပျက်ကပ်ထိ ကျရောက်လာတော့မည့် သံချောင်းခေါက်သံဖြစ်နိုင်သည်။ စီးပွါးရေးဘာသာရပ်တွင် Negative supply shock ဖြစ်သည်ဟုခေါ်ပါသည်။ အကျိုးဆက်က ကုန်စျေးနှုန်းတက်ခြင်းနှင့် ငွေကြေးဖေါင်းပွခြင်း တို့ဖြစ်သည်။ fiscal and monetary tools တို့ဖြင့်ကုစားရန်ပိုခက်သည်။

ယခုလက်ရှိ မြန်မာ့စီးပွါးရေးသည် စျေးကွက်ကို အမိန့်ထုတ်ကိုင်တွယ်ဖြေရှင်းခြင်း စခဲ့ပြီဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယခင်ကပင် လျော့ပါးနေသော မရှိမဲ့ရှိမဲ့ မရဲတရဲလုပ်ကိုင်နေကြသော ယုံကြည်မှုသည် အောက်ဆုံးထိပျက်ပြားသွားခဲ့ပြီ။ ယုံကြည်မှုမရှိတော့ခြင်းကြောင့်ဖြစ်လာသော ကုန်ပစ္စည်းပြတ်လပ်မှုနှင့်အတူ စျေးနှုံးများမြင့်တက်လာနေခြင်းကိုစတင်ကြုံတွေ့နေရပြီဖြစ်သည်။

ခေါက်ပြန်ကြွေးရနေသောစျေးဆိုင်တဆိုင်ကို supplier ကုမ္ပဏီက မယုံကြည်တော့သဖြင့် ခေါက်ပြန်ကြွေးမပေးတော့ လက်ငင်းငွေချေပြီးမှ ပစ္စည်းရမည်ဆိုလျင် ထိုဆိုင်အတော်ဒုက္ခရောက်ပါပြီ။ ဆိုင်တွင်အရင်လိုပစ္စည်းတွေမတင်နိုင်တော့ပါ။ အရင်ပမာဏအရင်ရောင်းအား ရောင်းနိုင်ရန် အရင်ထက်ငွေရင်းပိုလိုပါတော့မည်။ စက်သုံးဆီတင်သွင်းသူများ၏ ဒုက္ခပါ။ ဆီသင်္ဘောအနားရောက်သော်လည်း ငွေမချေရသေးလျင် ကမ်းမကပ် ဆီပေးမချ။

ကုန်ပစ္စည်းစတင်ဝယ်ယူချိန်မှ သယ်ယူရောင်းချပြီး ငွေပြန်ရချိန်ထိ လုပ်ငန်းတပတ်လည်ခြင်း၏ ကြာချိန်သည်လည်း pricing အတွက် အရေးပါသော အချက်တခုဖြစ်သည်။ Cycle တပတ်လည်ရန်ကြာလေ inventory ပိုလိုလေ ငွေရင်းပိုလိုလေ profit margin ပိုထားရလေ ဆိုတာ လုပ်ငန်းလုပ်သူတိုင်းသိပါသည်။ ကုန်ပစ္စည်းကိုစတင်မှာယူချိန်မှစ၍ ဆိုင်ပေါ်ရောက်ရှိချိန်ကို Lead time ဟုခေါ်သည်။ Lead time ကြာလေ inventory during lead time ပိုလိုလေပါ၊ သို့မဟုတ်ပါက ပစ္စည်းပြတ်လပ်ပါမည်။ ယခု သွင်းကုန်အားလုံး ဤအခြေအနေကြုံနေရသည်ဟုထင်ပါသည်။

လည်နေတဲ့ ဘီးတခုကို တုတ်တချောင်းထိုးထည့်လိုက်လျင် အဘယ်သို့ဖြစ်မည်နည်း။ ရိုးရိုးပဲရပ်သွားမလား၊ စမုတ်တံများကျိုးကုန်မလား၊ ဘီးရပ်ရုံမဟုတ် လဲပါကျသွားမလား။ ဘီးဆိုတာမျိုးက လည်နေမှ ဟန်ချက်ကထိန်းလို့ရတာမျိုး။ မြန်မာပြည်ရဲ့ လည်ပတ်နေတဲ့ Export Import ဘီးထဲကို တုတ်တချောင်းတော့ထိုးထည့်လိုက်ပြီ။ ပြသနာပေါင်းစုံတက်လာပြီ။ ယုံကြည်မှုတွေမရှိတော့ မရေရာမသေချာမှုတွေက လွှမ်းမိုးလို့နေတယ်။ ထုတ်လုပ်ရေးအပိုင်းကတော့ အားနည်းခဲ့တာကြာပြီ။

အချုပ်ဆိုသော် ပစ္စည်းများပြတ်လပ်လျင် စျေးများတက်မည်၊ ငွေကြေးဖောင်းပွမည်၊ ထိုသို့ဖြစ်ပေါ်လာသော Supply Shock Inflation သည် Recession နှင့် Depression ခေါ် စီးပွါးပျက်ကပ်ထိသွားနိုင်ပါသည်။ စာရေးသူ၏ limited knowledge ဖြင့် သုံးသပ်ချက်သာဖြစ်၍၊ စာဖတ်သူများ မိမိကိုယ်တိုင်သုံးသပ်ရန်သာဖြစ်ပါသည်။ (Thin Thin Nwe, 22.5.2022)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page