ပရလောကဆိုတာ တကယ်ရှိပါတယ်ဆိုတဲ့ ငါးစိမ်းသည်မ သရဲ (ဖြစ်ရပ်မှန်)

ငါးစိမ်းသည်မ သရဲ (ဖြစ်ရပ်မှန်)

ပရလောကနဲ့တစ်ချို့ဇာတ်လမ်းလေးတွေက ဖြစ်ရပ်မှန်လို့ပြောလိုက်ရင် ယုံတဲ့သူရှိသလို မယုံတဲ့သူက ပိုများနေတတ် တယ် ၊ တစ်ချို့ကလည်း လက်တွေ့မှ ယုံကြည်တတ်ကြတဲ့ လက်တွေ့သမားတွေ ၊ တစ်ချို့ကျတော့လည်း အထောက် အထား ခိုင်လုံမှ အင်တင်တင်နဲ့ လက်ခံလိုက်ကြတာတွေလည်းတွေ့ခဲ့ဖူးတယ် ၊ ပရလောကဆိုတာတကယ်ရှိပါတယ် ၊ အဝေးကြီးကို လည်းလျှောက်မကြည့်နဲ့ ကိုယ့်ပတ်ဝန်းကျင်မှာတင်ပဲ ပရလောကဆိုတာ ရှိနေတဲ့ အခြား လောကတစ်ခုပါ ၊

ဒီလိုပရလောကကြီးမှာ ဖြစ်တည်နေကြတဲ့ ပြိတ္တာဘုံသား ပရလောကသားတွေရဲ့ ခြောက်လန့်တာ ၊ အကူအညီတောင်း တာ ၊ စနောက်တာတွေကို ကြုံခဲ့ဖူးတဲ့သူတွေမနည်းပါဘူး… ၊ တစ်ချို့နာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေကအစ ဒီလိုအဖြစ်မျိုး ပရလောကနဲ့ဆိုင်တဲ့ အတွေ့အကြုံတွေ သူတို့ ကြုံခဲ့ရဖူးပါတယ် ၊ လက်တွေ့ဖြစ်ခဲ့ဖူးပါတယ် ၊ ယုံကြည်ပါတယ် ၊ လက်ခံပါတယ်လို့ ဖွင့်ဟထားတာတွေလည်း ကြားနေ မြင်နေရမှာပါ ၊ မျက်စိနဲ့မမြင်ရတိုင်း ၊ ကိုယ်တိုင်မကြုံဖူးတိုင်း လက်မခံဘူးဆိုတဲ့သူတွေအတွက် ဒီလိုအဖြစ်အပျက်တွေကတော့ ဇာတ်လမ်းအဖြစ်ပဲ ထင်ကျန်ရစ်စေမှာပါ ။

“ ငါးတွေ ငါးတွေ လက်ဆတ်တယ်နော်…ဟေ့ဒီမယ် အလေးလည်းပြည့်တယ် အစ်မရေ ငါးတွေ အားပေးပါဦး တန်တယ် နော်… ” တစ်နေကုန် ဈေးတည်းမှာပဲ မိသားစုအတွက် အချိန်ကုန်ရုန်းကန်ရင်း သားသက်ရုံထဲမှာ အချိန်ကုန် နေတဲ့ ငါးစိမ်းသည် မြင့်မြင့်စန်းတစ်ယောက် အခုလည်း သူ့ရဲ့ ငါးတွေရောင်းကုန်အောင် အော်အော်ပြီး အပြိုင်အဆိုင်ကို မိတ်ခေါ် နေလိုက်တာ …. ၊

မြင့်မြင့်စန်း အသက်က ၅၀ကျော်နေပြီ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ် သားသမီးက မထွန်းကားခဲ့တော့ တူတွေ ၊ တူမတွေ ၊ မောင်နှမနဲ့ ဆွေမျိုးသားချင်းတွေအပေါ်မှာပိုပြီးတော့ သံယောဇဉ်တွယ်နေမိတယ် ၊ လူတွေကပြောကြတယ် သံယောဇဉ်တွေနည်းအောင် တစ်ယောက်တည်းနေရမယ်တဲ့ အဲ့လိုပြောတဲ့သူတွေကိုယ်တိုင်ရော တကယ်သံယောဇဉ် တွေ ပြတ်နိုင်ပြီလား တစ်ကယ်ရော တစ်ယောက်တည်းနေနိုင်ပြီလားဆိုတာတော့ မြင့်မြင့်စန်း မသိဘူး.. ၊

သူ့အတွက်တော့ လူဖြစ်လာပြီးမှ ဆွေရယ် မျိုးရယ် အသိုင်းအဝိုင်းလေးနဲ့ စည်းစည်းလုံးလုံးလေး မနေလိုက်ရရင် လူဖြစ်ရကျိုးမနပ်သလို….အထီးကျန်သလို …. ဒီလိုဘဝကြီးနဲ့အသက်ရှင်ရမှာ ငွေတွေဘယ်လောက်ရှိရှိ ဘဝကြီးက ဟာတာတာနဲ့ မပြည့်စုံသလိုခံစားရတယ် ၊ ဒီအသက်အရွယ်မှတော့ နောက်အိမ်ထောင်ပြုဖို့စိတ်ကူးမရှိတော့ဘူး ၊ ကိုယ်စားချင်တာစားမယ် ၊ ငွေရှာမယ် သုံးချင်သလိုသုံးမယ် မိသားစုအတွက်လိုအပ်တာဖြည့်ပေးမယ် ဒီလိုလေးနဲ့ ရုန်းကန်နေရတာကိုက လူပိသနေပြီ ဘဝအဓိပ္ပာယ်ရှိနေလှပြီ… ၊

တစ်ခါတစ်လေ လူတွေက ခတ်တယ် … ငါးညှီနံ့တွေနဲ့ လူတွေ ရှုပ်ထွေးနေတဲ့နေရာကြီးမှာ အကုသိုလ်အလုပ်တွေ လုပ်ပြီး ငွေရှာနေတာ ဘာဖြစ်တယ် ညာဖြစ် တယ်နဲ့ ၊ တကယ်ဆို ကိုယ်တွေလို သားငါးရောင်းရတဲ့သူတွေဆိုတာ သူတို့လို သားငါးစားချင်ကြတဲ့လူတွေရှိနေလို့ စီးပွားဖြစ်လုပ်နေရတာလေ….လောကကြီးမှာ တစ်လောကလုံး သတ်သတ်လွတ်စားကြည့်ပါလား ဈေးတွေမှာ သားငါးရုံဆိုတာ ဘယ်ရှိပါတော့မလဲလေ… ရောင်းပေးနေတဲ့သူကိုတောင် ကျေးဇူးမတင်ကြပဲ ငရဲကြီးတယ် ငရဲသေးတယ်တဲ့ ဝေဖန်တတ်ကြတဲ့သူတွေဆိုတာလည်း ဒုနဲ့ဒေပါပဲ …. ။

မြင့်မြင့်စန်း ရဲ့ တစ်နေ့တာက ဒီလိုနဲ့လည်ပတ်နေလိုက်တာ မြင့်မြင့်စန်းတယ့်လေးနှစ်သမီးအရွယ်ကတည်းကဆိုရင် အခုဆိုရင် အသက်တောင် ငါးဆယ်ကျော်နေပြီ ၊ အထိုင်များတာရယ် အစားအသောက်သောင်းကြမ်းတာရယ်ကြောင့် ပုံစံကတော့ ၀၀ ပုပု လုံးလုံးလေးနဲ့ ရွှေတွေကတော့ တစ်ကိုယ်လုံးအပြည့်ဆင်ထားသေးတယ် ၊ မျက်နာပေါက်က ဆိုးသလို စကားပြောရင်လည်း နှုတ်ကလေးနည်းနည်းကြမ်းတတ်တယ် ၊ လုပ်နေတဲ့အလုပ်နဲ့လည်း ဆိုင်သေးတာကို… ၊ စိတ်ထားလေးကတော့ စိတ်ပုတ်တာတွေဘာတွေမရှိတော့ သူနဲ့ လုပ်ငန်းတူတွေထဲမှာဆို စိတ်ထားကောင်းတဲ့သူလို့ ဆိုလို့ရတဲ့အထဲမှာပါတယ် ၊ ဘယ်လောက်စိတ်ထားကောင်းကောင်း လူတစ်ယောက်က အပြောအဆိုမတတ်တဲ့အခါ ဆဲသလိုဖြစ်တတ်တယ်ဆိုတဲ့ စကားပုံက မြင့်မြင့်စန်းကိုရည်ညွန်းထားပုံရတယ် …. ။

ဒီလိုနဲ့ သားငါးဈေးလေးမှာ မြင့်မြင့်စန်း အသံဆာဆာလေးက နေ့တိုင်း လွှမ်းမိုးထားဆဲပေါ့…တစ်နေ့တော့ မြင့်မြင့်စန်း ကံဆိုးမိုးမှောင်ကျလာခဲ့တဲ့တစ်နေ့ ကြုံလာခဲ့ရတယ် ၊ အဲ့ဒီနေ့ကစပြီး မြင့်မြင့်စန်းရဲ့အသံဆာဆာလေး.. မြင့်မြင့်စန်း ဈေးရောင်းနေကျ နေရာလေးက လစ်ဟာသွားခဲ့တာလို့ဆိုရမယ်…. ကံဆိုးမှုတွေစတင်ခဲ့တဲ့အချိန်က မြင့်မြင့်စန်း ဈေးကနေခါတိုင်း ဈေးပတ်ချိန်မှ ပြန်လာနေကျကို အဲ့နေ့ကျမှနေပြင်းလို့ထင်တယ် ခေါင်းထဲနည်းနည်း မူးသလိုဖြစ် နေတာ နဲ့ ပြန်နေကျအချိန်မဟုတ်ဘဲ ဈေးသိမ်းလိုက်ပြီး ငါးခြင်းတောင်းလေးကိုသယ်ရင်း အိမ်အပြန်မှာ ဈေးဘယ်ဘက် အခြမ်းမှာ ဈေးထဲကထွက်ထွက်ခြင်း လမ်းကျဉ်းလေးတစ်ခုအရောက်…. ၊

လမ်းရှင်းနေတဲ့အချိန်မို့ အရှိန်ခပ်ပြင်းပြင်းနဲ့ တဟုန်ထိုး မောင်ထွက်လာတဲ့ ဟိုင်းလက် ကားတစ်စီးနဲ့ ပစ်တိုက်မိသွားပါ လေရော… ကားက အရှိန်နဲ့တိုက်လိုက်မိလို့ မြင့်မြင့်စန်း သတိလစ် ပစ်လဲကျသွားတုန်း ခုနက အရှိန်နဲ့မောင်းလာတဲ့ ကား က မြင့်မြင့်စန်းကို တိုက်မိသည့်တိုင်အောင် အရှိန်ချက်ချင်းမသေသေးဘဲ လမ်းမပေါ်မှာ လွင့်စင်ပြီး ပစ်လဲသွားတဲ့ မြင့်မြင့်စန်းကိုယ်လုံးပေါ်ကိုတက်ကြိတ်သွားသေးတယ် ၊ အဲ့ဒီ့နောက်မှ ကားက ထိုးရပ်သွားတယ် …. “ ကျွီ……………..ဝုန်း………………. ” “ ဟာ…ကားတိုက်သွားပြီဟေ့….ဝိုင်းထားဝိုင်းထား ကားသမားထွက်မပြေးစေနဲ့ ” “ ဟိုမိန်းမလေး သေသွားပြီထင်တယ် သနားပါတယ် ” “ ဟယ်….လမ်းပေါ်မှာခေါင်းကြီးတစ်ခုလုံးပြားကပ်နေအောင် ကားကြိတ်ခံထားရတာပဲ ကြောက်စရာကောင်းလိုက်တာ ဘုရားဘုရား ” စတဲ့ တစ်ယောက်တစ်ပေါက်အသံတွေနဲ့ တစ်ဈေးလုံးက လူတွေ တဝုန်းဝုန်းနဲ့ ထွက်ကြည့်ကြတယ်။

အဲ့ထဲမှာမှ မြင့်မြင့်စန်းမှန်းသိတဲ့သူတွေပါလာတော့ မြင့်မြင့်စန်းအတွက် စိတ်မကောင်းဖြစ်ကြသလို ၊ မိသားစုကိုလည်း အကြောင်းကြားလိုက်ကြတယ် ၊ မကြာခင်မှာပဲ ရဲတွေလည်းရောက်လာပြီး အလောင်စစ်ချက်တွေယူတယ် ပြီးတော့ ကားသမားကိုလည်း ဖမ်းခေါ်သွားတယ် ၊ မြင့်မြင့်စန်းအလောင်းကိုတော့ နာရေးကူညီတဲ့ ပရဟိတအဖွဲ့တစ်ခုက လူငယ်လေး တွေ ကြောက်ကြောက်လန့်လန့်နဲ့ သွေးပျက်သလိုပုံလေးတွေနဲ့ သယ်သွားကြတယ်

ကြောက်လည်းကြောက်စရာပဲ အဝတ်အစားအရောင် ၊ ငါးထည့်တဲ့ တောင်းလေးနဲ့ လက်ဝတ်လက်စားတွေသာ မပါခဲ့ဘူးဆိုရင် ဒီလူက မြင့်မြင့်စန်းပါဆိုပြီး ဘယ်သူမှ တန်းမပြောနိုင်လောက်တဲ့အထိပဲ ၊ မြင့်မြင့်စန်းရဲ့ ဦးခေါင်းကြီး တစ်ခုလုံးက ကားလမ်းမှာ ပြားကပ်နေပြီး ခန္ဓာကိုယ်မှာလည်း အရိုးအစစ်တွေလိမ်ကောက်လို့ ၊ အသားတွေကလည်း ပဲ့နေပြီး ခြေထောက်က ပြောင်းပြန်ကြီးလိမ်ကောက်နေတယ် ၊ မြင်နေရတဲ့သူတွေတင် ကျောရိုးထဲစိမ့်သွားပြီး တစ်ဖက် ကလည်း မြင့်မြင့်စန်းအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ် ဂရုနာသက်မိကြတယ် … ။

အဖြစ်အပျက်တွေက မြန်လွန်းတာလား အချိန်ကပဲ ကုန်လွယ်တာလားတော့မသိဘူး ၊ မြင့်မြင့်စန်းရဲ့ အဖြစ်အပျက်လေး က တစ်လလောက်ကြာသွားတော့ လူတွေ မေ့မေ့ပျောက်ပျောက်တောင် ဖြစ်သွားကြပြီလေ… ၊ လူဆိုတဲ့သတ္တဝါက လည်း မေ့လွယ်တတ်ကြတယ် ၊ ပတ်ဝန်းကျင်က လူတစ်ယောက်ကွယ်လွန်ရင် ဂရုနာသက်ကြတယ် ကိုယ့်အလှည့်ကျ သေမင်းလာခေါ်ရင် ဘယ်လိုလုပ်ရမယ်ဆိုတာ တွေးပူတတ်ကြတယ် ၊ ဘုရားတရားဘက်ကို အားကိုးတတ်လာတယ် ၊ နောက်ပိုင်းကျတော့လည်း တကယ်စွဲစွဲမြဲမြဲ လုပ်နိုင်တဲ့သူ ရှားပါတယ် …. ၊ ဒါ့ကြောင့် ဘုရားရှင်က အမြဲ သတိကပ်ဖို့ကို အဓိကထား မမေ့ကြဖို့ မှာကြားဟောကြားခဲ့တာမဟုတ်လား ။

ဆိုက်ကားသမား ဆိုတဲ့ ဂုဏ်ပုဒ်က မခမ်းနားပေမယ့် ကိုကျော်ကြီးအတွက်တော့ သိပ်အရေးမကြီးပါဘူး ၊ အတန်းပညာ မတက်တဲ့အပြင် ပတ်ဝးန်ကျင်မှာလည်း လက်လုပ်လက်စားနဲ့ ရှင်သန်နေကြတဲ့သူတွေချည်းပဲမို့ ဒီရေအိုင်ထဲကနေ ကျော်ကြည့်ဖို့ မကြိုးစားချင်တော့တာ လူ့သဘာဝပါပဲ ၊ ကိုကျော်ကြီးလည်း လူတွေထဲက လူတစ်ယောက်မို့ ဒီလမ်းစဉ် အတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ဟိုနားဒီနား ဆိုက်ကားနင်းလိုက် ငွေလေးရလာလိုက် မိန်းမကို အိမ်စရိတ် တစ်ဝက်ပေးလိုက် ကျန်တာလေးကို အပန်းဖြေဆိုတဲ့ခေါင်းစဉ်နဲ့ အရက်ကလေးသွားမော့လိုက်နဲ့ နေ့ည..နေ့ည..ဆက်နေပြီ ။

မိန်းမလုပ်တဲ့သူက ရပ်ကွက်အနှံ့ ခဝါသည်အလုပ်ကိုလုပ်ကိုင်တယ် ယိုင်နဲ့နဲ့ ဓနိမိုး ဝါးအကာ အိမ်လေးထဲမှာ လင်မယား နှစ်ယောက် တက်ညီလက်ညီ ပင်ပင်ပန်းပန်းအလုပ်လုပ်လိုက် တစ်နေ့တစ်နေ့ ရလိုက်စားလိုက် သုံးလိုက်နဲ့ စုမိတယ်ကိုမရှိဘူး..အိမ်အသုံးစရိတ်ဆိုတာကလည်း အိမ်ထောင်တစ်ခုတည်ပြီဆိုကတည်းက ဘယ်ကဘယ်လို ကပ်ပါ လာမှန်း မသိတဲ့အမွှာလိုပါပဲ ၊ ဒီကြားထဲ ကလေးက မွေးထားမိပြန်တော့ ဒုက္ခပေါ် ဒုက္ခဆင့် ရှာတဲ့ပိုက်ဆံဘယ်လို လောက်ငှပါတော့မလဲ ၊ ကလေးကလည်း ကျောင်းနေအရွယ်လေးဆိုတော့ ကျောင်းစရိတ်သိပ်မကုန်လို့တော်သေး ၊ တစ်နေ့တစ်နေ့မစုမိတဲ့အပြင် နေထိုင်မကောင်းတာတို့ ၊ အရေးပေါ်လိုအပ်တာတို့ဆိုရင်လည်း ရပ်ကွက်ထဲက အတိုးပေးစားတဲ့အိမ်မှာ မျက်နာငယ်လေးနဲ့ သွားချေးလိုက်ငှားလိုက်တာပါပဲ ၊

ဘယ်လိုပဲဖြစ်နေပါစေ အိမ်ထောင်ဦးစီးလုပ်တဲ့ ကိုကျော်ကြီးက သူ့အလုပ်ကလေးကို ပိုလည်းမကြိုးစားသလို လျော့လည်း မလုပ်ပါဘူး…သူလုပ်မြဲအတိုင်းကိုပဲပုံမှန်လေးဆက်လုပ်နေဖြစ်တယ် ၊ တစ်ကောင်ကြွက် ကိုကျော်ကြီး က ငယ်ငယ်ရွယ်ရွယ်မှာ တစ်ရပ်ကွက်တည်းသူနဲ့အိမ်ထောင်ကျပြီးနောက် အရင် လူပျိုတုန်းကလို ဆောက်လုပ်ရေးလုပ်ငန်း တွေမှာ လိုက်ပြီးနေ့စားမလုပ်ဖြစ်တော့ဘူး.. သူတတ်နိုင်သလောက် စုထားဆောင်းထားတာလေးနဲ့ ဆိုက်ကားလေး တစ်စင်းဝယ်ပြီး ဒီမိသားစုဘဝလေးကို တည်ဆောက်နေခဲ့တာ အခုဆို သူတောင် အသက်လေးဆယ်စွန်းစွန်းထဲ ရောက်လာခဲ့ပြီ…

ဘဝကမတိုးတတ်လာပေမယ့် အချိန်တန်ရင် ထမင်းဝိုင်းလေးမှာ ဆုံရမယ် သားလေးနဲကချစ်ဇနီးသည် မျက်နာလေးကို မြင်နေရာတာနဲ့တင် သူ့အတွက် ပြည့်စုံနေပြီလေ… ၊ သူအမြဲပြောနေကျစကားတစ်ခွန်းရှိတယ် ဘာတဲ့… “ ဘဝဆိုတာ ချမ်းသာဖို့မလိုဘူး….မိသားစုတစ်ခုမှာ နွေးထွေးကြင်နာချစ်ခင်မှုမရှိရင် ဘယ်လောက်ချမ်းသာချမ်းသာ ဘယ်လောက် ပညာ တတ်ပါစေ သူတို့နှလုံးသားတွေက ပြည့်စုံတယ် ၊ နွေးထွေးတယ်ဆိုတဲ့ ခံစားမှုကို ရှာတွေ့မှာမဟုတ်ဘူးတဲ့ ၊ ဘယ်လောက်ထိဈေးကြီးတဲ့ ထမင်းဝိုင်းကြီးမှာ ဘယ်လိုမျိုး နာမည်ကြီးဟင်းတွေ စုံလင်နေပါစေ အနည်းဆုံးတော့ ကိုယ်ချစ်ရတဲ့ မိသားစုမရှိဘဲ တစ်ယောက်တည်းစားရတဲ့ညစာက အေးစက်နေမှာပဲ…. ၊ မိသားစုတွေစုံစုံလင်လင်နဲ့ စားသောက်ရတဲ့ ထမင်းစားဝိုင်းလေးမှာ ဟင်းဆိုလို့ ငါးပိရည်တစ်ခွက်တည်းရှိရင်တောင် ဘယ်လိုစားစား တစ်ယောက် မျက်နာတစ်ယောက်ကြည့်ပြီး ဖြစ်လာတဲ့ ပီတိအရှိန်လေးနဲ့ ထမင်းလည်းမြိန်သလို ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေနဲ့ လွှမ်းခြုံနေတဲ့ ထမင်းဝိုင်းလေးမို့ အရာရာပြည့်စုံနေပြီပဲလေ ” တဲ့… ဒီစကားလေးကို ကိုကျော်ကြီး မူးတဲ့အခါ ပိုပြောတတ်တယ် ၊

သူပြောတာမှန်သင့်သလောက်တော့ မှန်ပါတယ်… ကိုကျော်ကြီးလို လူကြမ်းကြီးတစ်ယောက်က လူကြမ်းပေမယ့် နှလုံးနုတဲ့လူတွေထဲမှာ ပါတယ်ဆိုတာတော့ လက်ခံရမယ် ။ ကိုကျော်ကြီးမှာ ထူးခြားတဲ့ အချက်လေးတွေလည်း ရှိသေးတယ် ၊ သူက တစ်နေကုန်အလုပ်လုပ်နေတဲ့အချိန်ဆို အရက်လုံးဝမသောက်ဘူး ၊ တစ်ခြားဆိုက်ကားဆရာတွေ ကမှ နည်းနည်း နည်းနည်းလောက် ခိုးသောက်ထားတတ်ကြသေးတယ် ၊ အဲ့တစ်ချက်တော့ ကိုကျော်ကြီးက စံထား လောက် တယ်… ၊ အေး..အလုပ်တွေပြီးပြီလား..အလုပ်တွေပြီးလို့ ဆိုက်ကားသိမ်းမယ့်အချိန် ညဘက်ဆိုရင တော့ အရက်ကို သူသောက်နိုင်တဲ့ လစ်မစ်တစ်ခုရောက်တဲ့အထိ ရေလည်သောက်တတ်တယ် ၊ နောက်ပြီး သူက မူးလာရင် လည်း ဘယ်သူ့ကိုမှ မရစ်တတ်ဘူး..သူ့ဘာသာသူ တိတ်တိတ်လေး ဆိုက်ကားလေးနင်းပြီး အိမ်ပြန်တတ်တယ် ဘာပြသနာမှလည်းမဖြစ်သလို ဘယ်သူနဲ့မှလည်းရန်မဖြစ်ဖူးဘူး ၊

ကိုကျော်ကြီးက တော်တော် အနေအေးတဲ့ လူတစ်ယောက်လို့အကြမ်းဖျင်းသတ်မှတ်လို့ရတယ် ၊ ကိုကျော်ကြီးတို့ ဆိုက်ကားဂိတ်က ဈေးနားမှာဆိုတော့ တစ်နေ့တစ်နေ့ ပုံမှန်ဝင်ငွေလေးက ဈေးသွားဈေးပြန် စီးနေကျလူတွေရ ထားတော့ စိတ်ချရတဲ့သဘောမှာရှိတယ် ။ တစ်နေ့ ခါတိုင်းလိုပဲ ကိုကျော်ကြီး တစ်နေကုန် ဆိုက်ကားဆွဲ…အချိန်တန် တော့ ဘုံဆိုင်ကိုပြေးပြီး အရက်ကလေးသောက်ဖြစ်တယ် နောက်ပြီး ပြန်နေကျလမ်းလေးအတိုင်း ဆိုက်ကားလေးကို တအိအိနင်းပြီး ဈေးဘေးနားက ပြန်နေကျ လမ်းကလေးအတိုင်း အိမ်ကိုပြန်လာခဲ့တယ်…. ၊ ဒီနေ့မှ ခါတိုင်းထက်ကို ပိုမှောင်နေသလားလို့တွေးမိတယ် ၊ ပတ်ဝန်းကျင်မှာ ထူးထူးခြားခြား အရင်ကြားနေကျ ညည့်ပုရစ်ကလေးတွေ အော်သံ တောင်မကြားရလောက်အောင် ဆိတ်ငြိမ်နေတာကိုတော့ သတိထားမိတယ် ၊ လမ်းမီးတစ်ချို့ကလည်း ပြတ်လိုက်လာလိုက်နဲ့ …. အရက်ဆိုင်ကပြန်လာတဲ့လမ်းမှာလည်း နာရေးအိမ်တစ်အိမ်ကို မြင်လာခဲ့ရသေး ၊

ဘယ်ကနေဘယ်လို အူနေမှန်းမသိတဲ့ ခွေးအုပ်ကြီး အူနေတဲ့အသံကလည်း အသည်းထဲ အရိုးထဲထိ စိမ့်ဝင်သွား လောက်အောင် ကြောက်စရာအငွေ့အသက်တွေရနေမိတယ် ၊ ကိုကျော်ကြီးလို အကြောက်အလန့်မရှိတဲ့သူတောင် ဒီလို ညမျိုးမှာ ကျောချမ်းနေမိတာအမှန်ပဲ ။ ဆိုက်ကားခြေနင်းလေးကို ဖြည်းဖြည်းလေးနင်းနေရာက ခပ်မြန်မြန်လေး မသိမသာ နင်းနင်း ကြည့်လိုက်တယ် … ၊ စိတ်ထဲမှာတော့ အိမ်အမြန်ပြန်ရောက်ချင်နေမိတယ် အချိန်ကလည်း သန်ခေါင်ဆိုတော့ လမ်းပေါ်မှာလည်းလူသူကင်းမဲ့နေတဲ့အပြင် လမ်းမကြီးတွေမှာတောင် ကားအသွားအလာ မရှိသလောက် ကြဲနေတဲ့အချိန် ၊ ကိုကျော်ကြီး တစ်ယောက်တည်း ဈေးဘေးနားက လမ်းလေးအတိုင်း ဆိုက်ကားလေး နဲ့….. ။

ဈေးဘေးနားက လမ်းလေးနားလည်းရောက်ရော ကိုကျော်ကြီး သူ့အရှေ့က မြင်ကွင်းကြောင့် တစ်ချက်တော့ တွန့်သွား မိတယ်…နောက်တော့ ကိုယ့်စိတ်ကိုယ်ပြန်ထိန်းရင်း မျက်လုံးကိုသေချာ အမူပျောက်အောင်ပွတ်လိုက်ရင်း အဲ့ဒီ့ မြင်ကွင်းကို သေချာပြန်ကြည့်လိုက်တယ် ။ လရောင်ထိန်ထိန်လင်းနေတဲ့ ညအလယ်မှာ သူမြင်နေရတာက အမူးသမား တစ်ယောက် ကားလမ်းပေါ်မှာ ကန့်လန့်ကြီးလှဲအိပ်နေတာ…. ၊ ကိုကျော်ကြီးလည်း အမူးသမားချင်းတူတူဆိုတော့ ကိုယ်ချင်းစာပြီး သူ့ဆိုက်ကားအရှေ့ဘက် ခပ်ဝေးဝေးမှာ လှဲနေတဲ့ အမူးသမား ညဘက်ကြီး လူမသိသူမသိ ကားကြိတ် ခံရပြီး သေမှာစိုးလို့ စေတနာနဲ့ သူ့ဆိုက်ကားမှာတပ်ထားတဲ့ ဘဲလ်လေးကို ဆက်တိုက်တီးပြီး အသိပေးလိုက်တယ် “ ကလင် ကလင် ကလင် ” ဒါပေမယ့် သူ့အရှေ့မှာ လှဲနေတဲ့အရာက တစ်ချက်လောက်လှုပ်ယုံပဲလှုပ်သွားပြီး အိပ်မြဲအိပ်နေပြန်တာကိုတွေ့နေရတယ်…နောက်တော့ ကိုကျော်ကြီး စိတ်မရှည်တော့ဘဲ သွားနှိုးမှဖြစ်မယ်ဆိုပြီး ဆိုက်ကားပေါ်ကအသာလေးဆင်းပြီး သူ့ရှေ့နားကလူအနားကို လေးလေးကန်ကန် လျှောက်သွားရင်း လှမ်းပြောလိုက်တယ်… “ ဟေ့ယောင် မူးရင်လည်း လွတ်လွတ်ကင်းကင်းမူးစမ်းကွာ…ဒီမှာတော့လာမအိပ်နဲ့ ငါမုန့်ဟင်းခါးမစားချင်ဘူးကွာ ”

ကိုကျော်ကြီး စကားအဆုံး တစ်ဖက်ကလူက အသိအမှတ်ပြုတဲ့ပုံနဲ့ ပိုလှုပ်လာပြီး လှဲနေရာက ဆက်ခနဲကောက်ထ လိုက်တယ် ပြီးတော့ လိမ်ကောက်လိမ်ကောက်နဲ့ ကိုကျော်ကြီးနားကို ပြေးလာပါလေရော….တစ်ဖက်ကလူရဲ့ ထူးဆန်းတဲ့ အပြုအမှုကြောင့် ကိုကျော်ကြီးလည်း တစ်ချက်တွန့်သွားပြီးကြောင်ကြည့်နေတုန်း ဟိုလူက သူ့အနား ရောက်လာတော့မယ်…. အနားရောက်ခါလည်းနီးရော ကိုကျော်ကြီး တစ်ဖက်ကလူကို သေသေချာချာ မြင်လိုက်ရတော့ တယ်… ၊ သူ့ဆီပြေးလာနေတာက လူမှမဟုတ်ဘဲ… နံပြားတစ်ခြပ်လိုမျိုး ဖောင်းတဲ့နေရာကဖောင်း ပိန်တဲ့နေရာကပိန်နဲ့ ပြားကပ်နေတဲ့ ခေါင်းကြီးနဲ့ အရိုးအဆစ်တွေနေရာပြောင်းပြီးပြောင်းပြန်တွေဖြစ်တွန့်လိမ်နေတဲ့ ခန္ဓာကိုယ်ကြီးနဲ့ မိန်းမကြီးတစ်ယောက်ပုံစံဟန်မျိုးနဲ့ သရဲဖြစ်နေတာကိုမြင်လိုက်တော့ ဘာပြောကောင်းလေမလဲ ကိုကျော်ကြီးလည်း ဆိုက်ကားကိုထားရစ်ခဲ့ပြီး အော်တောင်မအော်လိုက်နိုင်ဘူး ခွေးပြေးဝက်ပြေးကိုတန်းပြေးတော့တာ သူပြေးလေ နောက်ကလိုက်လေနဲ့ မှီမလိုမှီမလိုဖြစ်ရင်း ကိုကျော်ကြီးအသည်းအသန်ပြေးလိုက်တာဆိုတာ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းကို မသိလိုက်ဘူး… နောက်ဆုံး ကိုကျော်ကြီး သတိရလာတာက သူတို့မြို့နယ်က ဆေးရုံအသေးစားလေး တစ်ခုမှာဖြစ်နေတယ်…. ၊

သူသတိလစ်နေတာ တစ်ရက်ပြည့်တော့မယ်ဆိုတာကိုလည်းသိလိုက်တယ် ဘေးနားမှာလည်း ဆွေမျိုးတွေ နဲ့ ဇနီးသည် ၊ သားလေးက စိုးရိမ်တကြီးစောင့်နေကြတယ်…. “ ဟယ် ကိုကျော်ကြီး သတိရလာပြီတော့…. ” “ သွားသွား ဆရာဝန် သွားပင်ကြပါဦး….. ” “ ကိုကျော်ကြီး ကိုကျော်ကြီး ဘာတွေဖြစ်ခဲ့တာလဲ….. ဘာဖြစ်လို့ ဟိုဘက်ရပ်ကွက်က လမ်းဘေးမှာ သွားအိပ်နေရတာတုန်း ” “ ဟင်..ငါ့ဘယ်မှာအိပ်လို့လဲ ” ဘေးနားက အပေါင်းအသင်းတွေစကားကြောင့် ကိုကျော်ကြီး မသိသလိုနဲ့ ပြန်မေးလိုက်တော့ “ ဟော့ဗျာ…ခင်ဗျားဆိုက်ကားက ဈေးဘေးနားကလမ်းမှာ သော့မခတ် ဘဲထားခဲ့တာကို အဲ့နားကာအိမ်က မနက်ကျတော့မြင်လို့ သိမ်းပေးထားတာလေ… လူက ဟိုးဘက်ရပ်ကွက်က လမ်းဘေးမှာ လဲနေတာကိုတွေ့လို့အကြောင်းကြားတာနဲ့ ကျွန်တော်တို့တွေ့ပြေးပြီးခင်ဗျားကိုသယ်လာပြီး ဆေးရုံ တင်ထားလိုက်တာ..ခင်ဗျားအရက်တွေသိပ်မသောက်နဲ့တော့ဗျာ… အလွန်အကျွံကြီးကျတော့ ဘယ်ကောင်းပါ့မလဲဗျာ…သားသမီးနဲ့ မိန်းမ မျက်နာလည်းထောက်စမ်းပါဦး ”

အဲ့ဒီ့အခါမှ ကိုကျော်ကြီး အဖြစ်အပျက်ကို သေချာသိသွားပြီး သူပြေးခဲ့တာတွေ အပြေးလွန်ပြီး အမောဆို့လို့ သတိလစ် သွားတာတွေကိုပြန်မြင်လာတယ် ၊ တစ်ခုနဲ့တစ်ခု ချိတ်ဆက်မိလာတာနဲ့ သူဖြစ်ခဲ့သမျှကို အားလုံးနားလည်အောင် သေသေ ချာချာရှင်းပြလိုက်တော့တယ် အဲ့ဒီ့အခါမှ လူတွေကလည်း လန့်သွားကြပြီး တကယ်လားဆိုပြီးမေးလာကြတယ် ၊ တစ်ချို့ကလည်း ကိုကျော်ကြီး အရက်ကြောင် ကြောင်ပြီးလျှောက်ပြောတာလို့သတ်မှတ်ထားကြတယ်… ။ နောက်ပိုင်း လတွေတော်တော်ကြာလာတော့ လူတွေသိလာတာက ကိုကျော်ကြီးအပြင် ညဘက် သန်းခေါင်ချိန်လောက် လူပြတ်တဲ့ အချိန်တွေမှာ အဲ့ဒီ့လမ်းကတစ်ယောက်တည်း ပြန်ဖြစ်တဲ့အခါ အနောက်ကနေ ကိုကျော်ကြီးကြုံသလို သရဲမက ပြေးလိုက် တတ်တာတွေ ကြုံလာတယ်ဆိုတဲ့ သတင်းတွေကြားတော့မှ ကိုကျော်ကြီးစကားကို လက်ခံလာကြတယ် ၊

အစားအသောက်ပါလာရင် လိုက်ဆွဲတဲ့အထိကို ဆိုးတယ်လို့ကြားရတယ်.. ၊ တစ်ချို့ကျတော့လည်း အပုတ်နံ့နဲ့ အနံ့ ပေးပြီးအခြောက်အလန့်ခံရတယ်လို့လည်းပြောကြတယ်…. ၊ အားလုံးကို ဆက်စပ်ကြည့်တော့ ဒီသရဲမက ဘယ်သူလဲ ဆိုတာတော့ အားလုံးလည်း ရိပ်စားမိကြမှာပါ ။ တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ ဈေးတစ်ခုရှိတယ် ၊ အဲ့ဒီ့ဈေးနားမှာ လည်း လမ်းသွယ်လေးတစ်ခုရှိတယ် ၊ ညဘက်ဆို လူပြတ်တတ်တယ်ဆို တစ်ယောက်တည်း ညနက်မှ အိမ်ပြန်ရတဲ့ အခါမျိုးမှာ ဘုရားတရားမမေ့ဘဲ သတိထားပြီး ပြန်ကြဖို့ အထူးမှာကြားပါရစေ… ၊

ဈေးနေရာနဲ့ဖြစ်ရပ်မှန်လေးဖြစ်ခဲ့တဲ့နေရာတွေကို ပြောခွင့်မရှိတဲ့အတွက် ဒီလောက်ပဲသတိပေးပါရစေ…. ၊ မဖြစ်မနေ ဒီလမ်းကနေ ညဘက် ကိုယ်တစ်ယောက်တည်း အိမ်ပြန်ရမယ်ဆိုရင်လည်း အတွေးထဲမှာ တစ်ခုတော့ ကြိုတွေးထားပါ ကိုယ်သာ ကိုကျော်ကြီးနေရာမှာဆို ဘာတွေလုပ်မိမှာလဲဆိုတာလေးကိုပေါ့………… ။

ကြိုးစားပါဦးမည်… (မိုးစွေ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page