ရှေးလူကြီးတွေက အတော်ဆုံးပါပဲဆိုပြီး ဂျင်းတွေ စွတ်ထည့်ထားတဲ့ မြန်မာ့သမိုင်း

ရှေးလူကြီးတွေ ဘယ်လိုတော်ခဲ့တာပါဆိုပြီး ဂျင်းတွေ စွတ်ထည့်ခဲ့တဲ့ မြန်မာ့သမိုင်း၊ ကျနော်က ပဒေသရာဇ်စနစ်ကို မုန်းတီး အထင်သေးတယ်။ အထူးသဖြင့် မြန်မာ့ ပဒေသရာဇ်ကိုပေါ့။ သူတို့ခေတ်သူတို့စနစ်မှာ သူလိုကိုယ်လို ညံ့ဖျင်း အတ္တကြီးခဲ့တဲ့ ပဒေသရာဇ်မင်းတွေများစွာရှိတယ်။ ထူးပြီးတော့ အပြစ်တင်စရာမရှိပေမယ့် အထင်ကြီးလို့ မရတာကိုတော့ ဝန်ခံရမယ်။

ရှေးရိုးစွဲသိပ်များလွန်းတဲ့တရုတ်ပြည်ကို မော်စီတုံး ဘာလို့ ယဉ်ကျေးမှုတော်လှန်ရေးလုပ်ခဲ့လဲဆိုတာ နားလည်ပေးလို့ ရလာတယ်။ မော်စီတုံးရိုင်းခဲ့တယ်၊ ရင့်ခဲ့တယ်၊ကြမ်းတမ်းခဲ့တယ် ရိုးရာအမွေအနှစ်တွေ ဖျက်ဆီးပစ်သည်အထိ အစွန်းရောက်ခဲ့တယ်။ တကယ်ပဲ သူတလူငါတမင်းများပြားလွန်းတဲ့ တရုတ်ပြည်၊ ဉာဏ်ရည်လည်းမြင့်၊ရှေးရိုးလည်း စွဲလွန်းတဲ့ တရုတ်ပြည်သူတွေကို ကွန်မြူနစ်စနစ်နဲ့ ခပ်ကြမ်းကြမ်း အုပ်ချုပ်ခဲ့တယ်။ သူကြမ်းတမ်းခဲ့တယ်၊ ခက်ထန်ခဲ့တယ်။ ဒါပေမယ့် သူရိုးသားတယ်။ သူ့ကိုယ်ကျိုးအတွက် ကြမ်းတမ်းခဲ့ခြင်းမဟုတ်ဘူး။ သူ့အုပ်ချုပ်မှုဟာ အကောင်းဆုံးမဟုတ်ခဲ့ပေမယ့် အချိန်အခါအရ သင့်တော်တဲ့ အုပ်ချုပ်နည်းလို့ ပြောလို့ရတယ်။ဒါကြောင့်လည်း တရုတ်တစ်မျိုးသားလုံးက မော်စီတုံးကို လေးစားချစ်ခင်နေကြဆဲပဲ။

ပြင်သစ်ဘုရင် လူဝီ ၁၄ အကြောင်းကို ပြင်သစ်စာရေးဆရာ ဗော်တဲယားက ဒီလိုပြောတယ်။ “အကယ်၍ ဗာဆိုင်းနန်းတော်ကိုသာ မဆောက်ခဲ့ဘူးဆိုရင် လူဝီ ၁၄ က မင်းကောင်းမင်းမြတ်ပဲ” တဲ့။ အခုအချိန်မှာ ဗာဆိုင်းနန်းတော်ကြီးဟာ ပြင်သစ်လူမျိုးတွေရဲ့ အမျိုးသားအမွေအနှစ်ဖြစ်နေပြီ။ ဒါပေမယ့် ဒီနန်းတော်အတွက် လူဝီ ၁၄ ကို ကျေးဇူးတင်စရာမရှိဘူး။ အလားတူပါပဲ။ ပိရမစ်တွေအတွက် ဖာရိုဘုရင်တွေကို ကျေးဇူးတင်ဖို့ မလိုဘူး။ မဟာတံတိုင်းအတွက် ရှီဟွမ်တီကို ကျေးဇူးတင်ဖို့မလိုဘူး။ တာ့ဂျ်မဟာအတွက် ရှားဂျဟန်းကို ကျေးဇူးတင်ဖို့ မလိုဘူး။ ဓမ္မရံကြီးအတွက် နရသူကို ကျေးဇူးတင်ဖို့မလိုဘူး။

ဒီအဆောက်အဦးတွေကို ဘယ်လိုတည်ဆောက်ခဲ့တယ်၊ ဘာကြောင့်တည်ဆောက်ခဲ့တယ်လို့ ခင်ဗျားသိရင်၊ ဒါမှမဟုတ် ခင်ဗျားသာအဲဒိခေတ်က ပြည်သူတစ်ယောက်ဆိုရင် ဒီလူတွေကို ခင်ဗျားလည်း အံ့သြရွံရှာမိမှာပဲ။ ကျနော်တို့ မြန်မာ့မြေမှာ ပဒေသရာဇ်ဟာ အင်္ဂလိပ်လာမသိမ်းမချင်း ရှင်သန်ခဲ့တယ်။ ဘယ်တုန်းကမှ ပြည်သူပြည်သားတွေအတွက် တကယ်မကြည့်ခဲ့ဘူး။ ဘယ်ဘုရင်ကမှ အာဏာစွန့်ပြီး ပြည်သူ့အရေးကို မတွေးပေးခဲ့ဘူး။ မင်းကျင့်တရားဆယ်ပါးဆိုတာ တကယ်သာလိုက်နာမယ်ဆိုရင် အထင်ကြီးလောက်စရာပါ။ မြန်မာ့မြေမှာသာ မပေါ်ခဲ့ဖူးတာ။

ပဒေသရာဇ်ကို လော်ရေးတဲ့ စာများစွာဖတ်ခဲ့ဖူးတယ်။ လေးစားရတဲ့ ဘုရင်တချို့ကို ရွေးနှုတ်ကြည့်တော့လည်း အဆိုးနည်းတဲ့ဘုရင်ကသာ မင်းကောင်းမင်းမြတ်ဖြစ်နေရဲ့။ သူလိုကိုယ်လို ဆိုးသွမ်းနေကြတော့ လက်ညှိုးထိုးပြစရာက ခပ်ရှားရှားရယ်ပါ။ အပြောင်းအလဲဖြစ်နိုင်ခဲ့တဲ့ မင်းဆိုလို့ ညောင်ရမ်းခေတ် သာလွန်မင်းတစ်ပါးကိုသာမြင်တယ်။ အုပ်ချုပ်မှုနည်းစနစ်တော်တော်ကျခဲ့တယ်။ ဒါပေမယ့် ထီးမွေနန်းမွေပေးပြန်တော့ စနစ်ဟောင်းကြီးအတိုင်းပဲမို့ အရည်အချင်းနဲ့ မရွေးဘဲတော်စပ်ပုံနဲ့သာရွေးချယ်ခဲ့တယ်။ ရွှေပြည်တော် မျှော်တိုင်းဝေးခဲ့ရပေါ့လေ။

တစ်ချက်လွှတ်အာဏာတွေကြား၊ ပဒေသရာဇ်ဂျင်းတွေကြားမှာ စွန့်ဦးတီထွင်သူတွေ၊ လွတ်လပ်တွေးခေါ်သူတွေ တစ်ယောက်ဆို တစ်ယောက်မှ မပေါ်ထွက်ခဲ့ဘူး။ ကောင်းမွေ မပေးနိုင်ခဲ့ရင်တောင် ဆိုးမွေတွေ မထားခဲ့စေချင်ဘူး။အတ္တကြီးလွန်းသူ၊သဘောထားသေးလွန်းသူတွေကြောင့် မြန်မာ့တီထွင်မှုစနစ်တွေမှာ မှတ်တမ်းမှတ်ရာမရှိဘူး။ကိုယ်တတ်တဲ့ပညာကို အခြားသူရသွားမှာ အသေကြောက်တဲ့လူမျိုးပေါ့။ ဆရာစားချန်တာကို အမှန်တရားလို ကိုးကွယ်ခဲ့တယ်။ ဒါကြောင့်လည်း မြန့်မာမြေမှာကွယ်ပျောက်သွားတဲ့ ပညာတွေများစွာရှိတယ်။ကျန်ခဲ့တဲ့အမွေဆိုလို့ သုတေသနမရှိဘဲ ရမ်းပြောခဲ့တဲ့ အကိုးအကားမဲ့ စကားပုံတွေသာရှိရဲ့။

ပြည်ပအားမကိုးဘဲ မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့အမွေအနှစ်နဲ့ သာ ရပ်တည်မယ်ဆိုရင် ဖွံ့ဖြိုးမှုနောက်ကျဆုံး လူမျိုးအဖြစ်နဲ့ ဂင်းနစ်မှတ်တမ်းဝင်လောက်ရဲ့။ ရှေးထုံးလည်းမပယ်နဲ့တဲ့။ရှေးစကားတွေ ဘယ်လောက်အထိမှန်ကန်နေသေးလဲ။ဘယ်လောက်အထိ လက်တွေ့ကျလဲ။ဘယ်လောက်သုတေသနလုပ်ခဲ့လဲ။ သားသမီးဆုံးမနည်းကစ လူမှုရေးကျင့်သုံးမှုအဆုံး အရိုင်းဆန်နေတုန်းပဲ။

နှစ်ထောင်ချီကြာတဲ့ သမိုင်းမှာ ကောင်းကွက်အနည်းငယ်ရှိကောင်းရှိနိုင်ပေမယ့် ဆိုးမွေသာပိုများပါရဲ့။ ရှေးလူကြီးတွေဘယ်လိုတော်တာဆိုတဲ့စကားတွေနဲ့ နှောင်းလူတွေကို သိမ်ငယ်စေခဲ့တယ်။ နှောင်းလူတွေ ပိုပိုတော်လာတာကို ကြိုဆိုရမယ့်အစား ရှေးလူတွေကသာ ပိုတော်ပါတယ်လို့ ခေတ်ကို ဆုတ်ကပ်ဖြစ်စေချင်ကြတယ်။ သားထက်အဖေက ပိုတော်ရင် မြေးထက်အဘိုးက ပိုတော်ရင် အဲ့ဒါဆုတ်ကပ်ပဲ။ ဆုတ်ကပ်ကိုပုံဖော်တယ်၊ ဆုပ်ကပ်မဖြစ်ဖြစ်အောင် ပုံသွင်းတယ်။ ငါတို့ခေတ်က မင်းတို့ခေတ်ထက်ပိုကောင်းတယ်ဆိုတဲ့စကားကို တွင်တွင်ပြောတယ်။ နောက် generation တွေကို လက်တွဲခေါ်ရမယ့်အစား ဖိနှိပ်ထားချင်တယ်။

ဒါကြောင့်လည်း မြန်မာ့ပဒေသရာဇ်ခေတ်မှန်သမျှ ဆုတ်ကပ်တွေချည်းဖြစ်ခဲ့တယ်။ ဘိုးတော်မင်းနဲ့ ခေတ်ပြိုင် ဂျော့ဝါရှင်တန်နဲ့ စခဲ့တဲ့ အမေရိကန်သမိုင်းဟာ အခုထိ တက်ခေတ်ချည်းပဲ။ ဘိုးဘေးတွေကို ရှုံ့ချပြီး ရိုင်းစိုင်းတဲ့ လူငယ်ဝါဒကို ထူထောင်ချင်တာမဟုတ်ဘူး။

ဒါပေမယ့် နှောင်းလူတွေကို ဖိနှိပ်ထားတဲ့ ရှေးရိုးစွဲ အယူအဆတွေကို ပြင်းပြင်းထန်ထန်တော်လှန်သင့်နေပြီ။ ခေတ်တိုင်းခေတ်တိုင်းမှာ အောက်မျိုးဆက်ကို နှိမ်ချင်တဲ့ဉာဉ်ဆိုးတွေ ရှိခဲ့ကြတယ်။ ကျနော်ယုံကြည်နေတာတစ်ခုပဲ။ ကျနော့်အောက်မျိုးဆက်ဟာ ကျနော့်ထက်ပိုတော်ရမယ်။ ကောင်းမွေကိုသာချန်ခဲ့ရိုးမှန်ရင် အောက်မျိုးဆက်တွေ ဟာ တော်ပြီးရင်းတော်လာရမယ်။ ဆိုးမွေတွေ ချန်ခဲ့ရင်တော့ အောက်မျိုးဆက်တွေ ညံ့ပြီးရင်း ညံ့လာမှာပဲ။ (Sithu)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page