မြန်မာ့ဆန်တွေကို ဈေးနှိမ်ဝယ်နေတဲ့ ပေါက်ဖော်တွေနဲ့ မူဝါဒအလွဲတွေကြောင့် ဖြစ်လာမယ့် အခြေအနေ

သိပ်ချမ်းသာနေရင်တော့အလကားပေးလို့လည်းရပါတယ်။ ကုန်သွယ်မှု (Trade) နဲ့ပတ်သက်လို့ ဒီနေ့ phyo ko ko naing အကောင့်မှာ ပို့စ်တခုတက်တယ်။ ပို့စ်ထဲကသတင်းက အမှန်လို့ထင်ပါတယ်။

ပို့စ်အရ ဆန်မှအပ ကျန်ပို့ကုန်အားလုံး နယ်စပ်ကုန်သွယ်မှု (Border trade) ပို့ကုန်ရငွေခံစားခွင့် ၆၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်း ဖြစ်သွားပါပြီ။ ဆန်က ဘာလို့ ချွင်းချက်နဲ့ ကျန်ခဲ့တာပါလဲ။ မူဝါဒတွေတူအောင်လုပ်လာတာ ဝမ်းသာစရာပါ။ သို့သော် ချွင်းချက်မရှိသင့်ပါ။

မူဝါဒချသူက စီးပွားရေးဈေးကွက် (economy) တခုလုံးရဲ့ရှုထောင့်က ကြည့်ရပါမည်။ နယ်စပ်ကုန်သွယ်မှု (Border trade) လုပ်သူဘက်က ကြည့်ပြီး ချွင်းချက်ထားလို့ မရပါ။ ဝေဝါးလို့မရပါ။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု (Sea trade) ကနေ ဆန်/ဆန်ကွဲရောင်းရင် ရန်ကုန် FOB စျေး ဘယ်လောက်ရလဲ။ Border trade ကနေရောင်းရင် ရန်ကုန်စျေးဘယ်လောက်ကိုက်လဲ တွက်ကြည့်ပါ။ Border trade ကနေ ဆန်/ဆန်ကွဲ တအိတ်ရောင်းတိုင်း နိုင်ငံတော်က ဘယ်လောက်နစ်နာလည်း မူဝါဒချသူများတွက်ကြည့်ပါ။

၅ မှတ်ဆန်စျေးတွက်ကြည့်ခြင်း၊ FOB ရန်ကုန် ၅၀ ကီလို တအိတ် – ဒေါ်လာ ၂၀၊ နယ်စပ် CIF ကျင်ဆန်းကျော့(မူဆယ်) ၅၀ ကီလိုတအိတ် – ၁၃၅ ယွမ်၊ တဒေါ်လာ – ၇.၂ ယွမ်၊ ၅၀ ကီလိုတအိတ် – ၁၈.၇၅ ဒေါ်လာ၊ ထို့ကြောင့် တရုတ်နယ်စပ်မှ ၅ မှတ် ဆန်တအိတ် ရောင်းတိုင်း ရန်ကုန်မှ မူဆယ်နယ်စပ်ထိ သယ်ယူပို့ဆောင်ခ တအိတ် ၄၅၀၀ ကျပ် (၁.၅ ဒေါ်လာ) နှင့် စျေးလျော့ရငွေ ၂၀-၁၈.၇၅= ၁.၂၅ ဒေါ်လာ ဖြစ်၍ စုစုပေါင်း ၂.၇၅ ဒေါ်လာ ကို နိုင်ငံတော်ကနစ်နာပါသည်။

ဆန်ကွဲစျေးတွက်ကြည့်ခြင်း၊ FOB ရန်ကုန် ၅၀ ကီလို တအိတ် – ၁၉ ဒေါ်လာ၊ နယ်စပ် CIF ကျင်ဆန်းကျော့(မူဆယ်) ၅၀ ကီလိုတအိတ် – ၁၂၈ ယွမ်၊ တဒေါ်လာ – ၇.၂ ယွမ်၊ ၅၀ ကီလိုတအိတ် – ၁၈.၇၈ ဒေါ်လာ

ထို့ကြောင့် တရုတ်နယ်စပ်မှ A1,2 ဆန်ကွဲ တအိတ်ရောင်းတိုင်း သယ်ယူပို့ဆောင်ခ ၁.၅ ဒေါ်လာ၊ ၁၉-၁၇.၇၈ = ၂.၇၂ ဒေါ်လာကို နိုင်ငံတော်က နစ်နာပါသည်။ ကြီးမားသော ဆုံးရှုံးမှုပါ။ ရာခိုင်နှုံးနဲ့ပြောရင် ၁၅ ရာခိုင်နှုန်းခန့် ဆုံးရှုံးတာဖြစ်ပါတယ်။ ကုန်သွယ်မှု (trade volume) သန်း ၁၀၀ တိုင်းအတွက် ၁၅ သန်း ဆုံးရှုံးနေတာဖြစ်ပါတယ်။ ထို့အတူ မြဝတီနယ်စပ်စျေးလည်း တွက်ကြည့်နိုင်ပါသည်။

ပေါ်လစီ၏ ဟာကွက် loophole ကြောင့်သာ Border trade က တွက်ချေကိုက်နေခြင်း ဖြစ်ပါတယ်။ အပေါ်စီးကကြည့်ရင် မြန်မာပြည်က ဆန်ရောင်းတာ ဘယ်လိုဖြစ်နေလဲဆိုတော့ ရန်ကုန်ထိစျေးပိုပေးပြီး လာဝယ်သူရှိလျက် မရောင်းစေပဲ(မရောင်းနိုင်အောင်လုပ်ထားပြီး) လျော့စျေးနဲ့ တရုတ်နယ်စပ်ထိ အရောက်ပို့ရောင်းခိုင်းတာနဲ့ အတူတူပါပဲ။

ဒီ ဟာကွက် (loophole)ကို မြန်မြန်မပြင်ပဲ ချွင်းချက်ထားရတဲ့ ရည်ရွယ်ချက်က Border trade လုပ်သူတွေ အဆင်ပြေစေဖို့လား။ ဒါဆိုရင်တော့ အတော်ကြီးလွဲချော်သွားပါပြီ။ တကယ်တော့ နယ်စပ်ကနေဝယ်မည့်သူက ရန်ကုန်ဆိပ်ကမ်းမှာဝယ်မည့်သူစျေး + နယ်စပ်ထိသယ်ယူပို့ဆောင်ခ + အခြားစရိတ်များ (risk) ပေးနိုင်မှ သူတို့ကို ရောင်းပေးရမှာပါ။

ရန်ကုန်မှာယူမည့် နိုင်ငံတကာဝယ်လက်တွေရှိနေတဲ့ ဆန်/ဆန်ကွဲကို မည်သည့်အကြောင်းနှင့်မှ တူညီသည့်စျေးမပေးနိုင်သူကို ရောင်းပေးရန်မလိုပါ။ မူဝါဒတူကိုမှ Border trade ကိုက်ရင် Border ကနေသွားပါ။ အားလုံး ၆၅/၃၅ လုပ်ပြီး သူ့ကျမှ ချွင်းချက် ၁၀၀% ပေးလို့ အလုပ်ဖြစ်နေတာ၊ လုပ်ခွင့်သာနေတာကို နိုင်ငံတော်အဆင့်မူဝါဒချသူက မြင်နိုင်ဖို့လိုပါတယ်။

အဲလိုမှမဟုတ်ရင် ဟိုအဖွဲ့ကတမျိုး တင်ပြ၊ ဒီအဖွဲ့ကတမျိုးတင်ပြ၊ ဟိုဟာကလည်းဟုတ်သလိုလို၊ ဒီဟာကလည်းဟုတ်သလိုလိုဖြစ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေမှာပါ။ ဘက်အသီးသီး၏ အကျိုးစီးပွါးများလည်းမတူကြလို့ မူဝါဒချမှတ်သူက macro level ကနေပဲ စျေးကွက်စီးပွါးရေးစနစ်ရဲ့ အခြေခံဖြစ်တဲ့ မျှတတဲ့ ပြိုင်ဆိုင်မှု (Fair Competition) ဖြစ်ရန် လုပ်ပေးဖို့လိုပါတယ်။

မူဝါဒက အားလုံးကို မျှမျှတတ (Fair) ဖြစ်အောင်လုပ်ထားဖို့ပဲလိုတာပါ။ ကုန်သည်က စျေးပိုပေးနိုင်သူကိုရှာပြီး ရောင်းသွားပါလိမ့်မည်။ မူဝါဒချမှတ်သူက Economy တခုလုံးအတွက် သက်ရောက်မှုကို ကြည့်ရမှာဖြစ်ပါတယ်။ ပို့ကုန် (Export) တကယ်အားပေးချင်ရင်တော့ ၆၅/၃၅ ဆိုတာ မရှိသင့်ပါဘူး။ ပင်လယ်ရေကြောင်း ကုန်သွယ်မှု (Sea trade) ရော၊ နယ်စပ်ကုန်သွယ်မှု (Border trade) ရော အားလုံးကို ၁၀၀ ရာခိုင်နှုန်း လွှတ်ပေးရမှာဖြစ်ပါတယ်။ နိုင်ငံ့စီးပွါးရေးကို စီးပွါးရေးရှုထောင့်ကသာ ရေးခြင်းဖြစ်ပါသည်။ (Thin Thin Nwe)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page