ဆန်ဈေး အဆမတန်တက်နေရတဲ့အထဲ ဧရာဝတီတိုင်းမှာ စပါးဖျက်ကပ်ရောဂါ ဖြစ်ပွား

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ယခုနှစ် စိုက်ပျိုးပြီး စပါးဧက ၄၀၀၀ ခန့်၌ စပါးပင်ဖျက် ကပ်ရောဂါများ ကျရောက်နေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်း မြောင်းမြခရိုင်မှာ ဧက ၁၀၀၀ ခန့်၊ ပုသိမ်ခရိုင်မှာ ဧက ၁၀၀၀ ခန့်၊ လပွတ္တာခရိုင်မှာ ဧက ၃၀၀ ခန့်၊ မအူပင်ခရိုင်မှာ ဧက ၁,၀၀၀ ခန့်၊ ဖျာပုံခရိုင်မှာ ဧက ၇၀၀ အထိ စပါးဂုတ်ကျိုးရောဂါနှင့် ရွက်ညိုပျောက် ရောဂါများ ကျရောက်နေတယ်လို့ သိရပါတယ်။

ဧရာဝတီ တတိုင်းလုံးနီးပါးမှာ ရောဂါ ကျရောက်နေကြာင်း၊ ရောဂါပျောက်ဆေးက ဈေးကြီးလွန်းလို့ မဝယ်နိုင်တဲ့သူတွေက ထိုင်ကြည့်နေရကြောင်း လပွတ္တာမြို့နယ်မှ တောင်သူလယ်သမားတဦးက ပြောပါတယ်။

အဆိုပါ ရွက်ညိုပျောက်ရောဂါနှင့် စပါးဂုတ်ကျိုးရောဂါများ ကျရောက်ခြင်းမှာ တောင်သူများအနေနဲ့ မျိုးသန့်စပါး မဝယ်ယူနိုင်ခြင်းကြောင့် ဖြစ်ပြီး စပါး မစိုက်ပျိုးမီ မြေပြုပြင်စဉ်က လိုအပ်တဲ့ ပိုးသတ်ဆေးနဲ့ အပင်အားဆေးများကို ထည့်သွင်း အသုံးမပြုနိုင်ခဲ့ခြင်းကြောင့်လို့ စိုက်ပျိုးရေး ပညာရှင်တဦးက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်အတွင်းမှာ စိုက်ပျိုးပြီး စပါးခင်းဧက ၃၀၀၀ ထက် မနည်း စပါးပင်ဖျက်ရွှေခရုများ ကျရောက်သဖြင့် ပျက်စီးခဲ့ရပြီးနောက် စပါးရွက်ညိုပျောက်ရောဂါနှင့် စပါးဂုတ်ကျိုးရောဂါများ ထပ်မံကျရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ငွေကြေး ဖောင်းပွမှုကြောင့် ရွှေဘိုပေါ်ဆန်း ဆန်တအိတ်လျှင် တသိန်းနားအထိ ဈေးနှုန်း မြင့်တက်လာချိန်တွင် မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီး ဒေသမှာတော့ ယခုလို အပင်ကပ်ရောဂါများ ကျရောက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် စပါးအထွက်နှုန်း လျော့ကျပြီး တချိန်ကလို ဆန်ရှားတဲ့ ခေတ်ကို ပြန်ရောက်မှာလား၊ ဆန်ဈေး ဒီထက် ကြီးသွားဦးမှာလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page