တရုတ်ကြက်သွန်နီများ ဈေးကွက်ထဲသို့ အလုံးအရင်းနဲ့ ဝင်ရောက် (ကြက်သွန်ဈေးကွက် ပျက်တော့မှာလား)

ပြည်ပတရုတ်ကြက်သွန်များ ဝင်လာတာကြောင့် မုံရွာကြက်သွန်စျေး ကျပ် ၃၀၀ မှ ၄၀၀ ကြားကျသွားကြောင်း မုံရွာကြက်သွန်ဈေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။

ကြက်သွန်နီကို မုံရွာနယ်အနေအထားအရ မုံရွာပတ်လည်ကျေးရွာများတွင် စိုက်ကြရာ ယခုအချိန်သည်ကြက်သွန်ပါးသည့်အချိန် ဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာလအထိ ကြက်သွန်က ဆက်လက်ရောင်းချ၍ ရသေးပေမယ့်လည်း ယခုနှစ်မှာ စက်တက်ဘာလကတည်းက ကြက်သွန်များ စောစောစီးစီး ကုန်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်တွင် တောင်သူတွေ လက်ထဲမှာ ကြက်သွန်မကျန်တော့ပဲ အလှောင်သမားလက်ထဲ၊ ဂိုဒေါင်သမားများ လက်ထဲတွင်သာ ကြက်သွန်များ ကျန်တော့ကြောင်း သိရပါတယ်။

“ရှေ့လျောက် ခန့်မှန်းရခက်တယ်။ စျေးကွက်ကောင်းရင် ပြည်ပကြက်သွန်တွေ ဝင်လာတာတွေရှိတယ်။ မြန်မာပြည်အနေအထားက စက်တင်ဘာလတစ်လပဲ စျေးကွက်အေးတတ်ပြီး အောက်တိုဘာလလောက်မှာ ပြန်ကောင်းနိုင်ပါတယ်။ လက်ရှိ ကုန်အားက မရှိတော့ဘူး။ စျေးကွက်တက်နိုင်တယ်လို့ ခန့်မှန်းတာပေါ့။” လို့ ကြက်သွန်နီပွဲရုံ ပိုင်ရှင်တဦးက ပြောပါတယ်။

တရုတ်ကြက်သွန်နီက ဈေးချိုပြီး မြန်မာကြက်သွန်နီက ဈေးများနေကြောင်း၊ ရန်ကုန်၊ မန္တလေး ဈေးကွက်ကို တရုတ်ကနေ ကြက်သွန်နီတွေ စတင်ဝင်ရောက်ပြီ ဖြစ်ကြောင်း၊ အဲဒါကြောင့် မြန်မာကြက်သွန်တွေ ဈေးပြန်ကျတာ ဖြစ်ကြောင်း ပွဲရုံ ပိုင်ရှင်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ကြက်သွန်နီဈေးကွက်ဟာ အပြောင်းအလဲများတဲ့ ဈေးကွက်တခုဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ကြက်သွန်နီ တပိဿာ ၇၀၀၀ နီးပါး ဈေး ရောက်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တပိဿာ ကျပ် ၁၀၀ နီးပါးသာ ရရှိခဲ့တဲ့ ဖြစ်စဉ်များ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ တရုတ်ကြက်သွန်တွေက မြန်မာပြည် ကြက်သွန်နီဈေးကွက်ကို ကမောက်ကမဖြစ်စေနိုင်မလားဆိုတာကို စီးပွားရေး လုပ်ငန်းရှင်များက စိုးရိမ်နေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page