သီရိလင်္ကာလို လုံးဝမဖြစ်ဟု စကစ ဝါဒဖြန့်နေချိန် ဒေါ်လာ ၂၈၀၀ သို့ထိုးတက် (မနက်ဖြန် ၃၀၀၀ ဖြစ်မည်)

စကစ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ဇူလိုင် ၂၆ ရက်(ယနေ့) နေ့လည် ၁ နာရီကပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံအား သီရိလင်္ကာနိုင်ငံကဲ့ သို့ ဖြစ်လာနိုင်သည်ဆိုသည့် ပြောဆိုမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံဟာ သီရိလင်္ကာနိုင်ငံလိုမျိုး ဖြစ်လာစရာအကြောင်းမရှိပါဘူး မြန်မာနိုင်ငံဟာ အရန်ငွေကြေးအဖြစ် ဒေါ်လာ ထိုက်သင့်သလောက်စုဆောင်းပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ ထိုသို့ စကစက ဝါဒဖြန့်နေချိန်မှာပဲ ပြည်တွင်းငွေလဲစျေးကွက်တွင် ယနေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၈၀၀ ကျပ်အထိ စျေးထိုးတက်သွားပြီး ရွှေစျေးမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၃ သိန်းခွဲအထိ စျေးတက်သွားကြောင်း ပြည်တွင်းရွှေကုန်သည်တချို့နှင့်ဒေါ်လာဝယ်ရောင်း တချို့ထံမှ သိရပါတယ်။

ဗဟိုဘဏ်၏ နိုင်ငံခြားငွေစာရင်းများ ထိန်းချုပ်သည့် ထုတ်ပြန်ချက်ထွက်ရှိပြီးနောက် ပြင်ပစျေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် ရွှေစျေးနှုန်းများမှာ စျေးတည်ငြိမ်မှုမရှိသည့်အပြင် ထုတ်ပြန်သည့်စျေးထက် များစွာကွာဟလျက်ရှိကြောင်း စျေးကွက်အတွင်းမှ သိရပါတယ်။

“ဒေါ်လာလည်း စျေးတွေ အတက်ကြမ်းနေတယ်။ ဒီတစ်ခါ ထုတ်ပြန်ချက်က တော်တော်ဆိုးတယ်။ ရှေ့နောက်မစဉ်းစားပဲ ထုတ်ချလိုက်တော့ စျေးကွက်မှာ ဒေါ်လာပျောက်နေလေ လက်ထဲကိုင်ထားတဲ့သူက စျေးများလေပဲ။ ဒေါ်လာပျောက်လေ စျေးပိုတက်လေ ဖြစ်လာမှာ။ ဒေါ်လာက အားလုံးနဲ့ တိုက်ရိုက်ပတ်သက်နေတော့ ဒေါ်လာစျေးတက်သမျှ ရွှေ၊စားသောက်ကုန်၊ ဆေးဝါး၊ လူသုံးကုန် အားလုံး လိုက်တက်လာမှာပဲ”လို့ ကုန်သည်တစ်ဦးမှ မှတ်ချက်ပြု ပြောကြားပါတယ်။

လာမည့်ရက်များအတွက် အမေရိကန်ဒေါ်လာနှင့်ရွှေစျေးနှုန်းများ ဆက်လက်မြင့်တက်မည်ဖြစ်ပြီး လက်ရှိ စျေးကွက် အခြေအနေမှာ ကသောင်းကနင်းဖြစ်နေသည်ဟု စျေးကွက်ကျွမ်းကျင်သူများကဆိုကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page