ထောင်မလဲ သဲကော် နှစ်သောင်းတန်နဲ့ ငါးသောင်းတန်တွေ ထွက်လာနိုင်မယ့် အခြေအနေ

ကျပ်ငွေဟာ မြန်မာကျပ်ငွေ တန်ဖိုးကျလို့ တသောင်းတန် ရိုက်ထုတ်တာတောင် အမြတ်ကျန်ဖို့ ခက်တဲ့အခြေအနေမလို့ ကျပ်ငွေ တသောင်းတန်တွေ စျေးကွက်မှာ အမြောက်အမြားထွက်လာအောင် ထပ်ရိုက်ထုတ်နိုင်ခြင်းမရှိပဲ တန့်လာတာကို တွေ့ရမှာပါ။

ရွှေစျေး ဒေါ်လာစျေးတွေ ပြန်ကျလို့ ကုန်စျေးနှုန်းတွေ ဘာလို့ ပြန်မကျရလဲဆိုတော့ ဝယ်လိုအားတွေ သိသိသာသာ ကျသွားလို့ ဂိုဒေါင်တွေထဲမှာ ကုန်လက်ကျန်တွေ မရောင်းရပဲ ဖြစ်နေတယ်။ လောဘသား ကုန်သည်တွေပီပီ ဒေါ်လာစျေးအကျနဲ့ ကုန်စည်တွေကို ထပ်မသွင်းပဲ ဝယ်လိုအား အကျကို ဖော်ပြပြီး ကုန်စည်စျေးနှုန်းတွေကို ဝယ်လိုအားကျလို့ ကျစျေး ပြန်သတ်မှတ်မရောင်းပဲ ဒေါ်လာစျေးကျတုန်းက ဝယ်ထားတာတွေကို ဒေါ်လာစျေး တက်စျေးတုန်းက တင်ထားတဲ့ စျေးထက် ပိုတင်ပြီး ရောင်းကြတော့ စျေးကွက်မှာ အရင်က ကုန်စည်နှစ်ခုကို တရာနဲ့ ဝယ်သုံးနိုင်သူက တစ်ခု တရာဖြစ်သွားလို့ တခုပဲ ဝယ်နိုင်တော့တဲ့ ဝယ်လိုအားဖြစ်သွားတော့ အရောင်းက ပိုထိုင်းသွားတဲ့သဘော။

ဒေါ်လာစျေးတွေ ပြန်တက်မှာ စိုးလို့ မရှိမဖြစ် ကုန်စည်တွေကို မသွင်းတာမျိုးမဟုတ်တော့ပဲ ရှိနေတဲ့ ရောင်းမကုန်တဲ့ ကုန်တွေကို ပြည်တွင်းမှာ ရှားပါးပြတ်လတ်အောင် လုပ်ပြီး စျေးတွေ အဆမတန်ဆွဲတင်ပြီး အမြတ်ကြီးစားကြလို့ ဒေါ်လာ ရွှေစျေးကျလည်း ကုန်စျေးနှုန်းက အဆမတန်တက်လာတာ။

စကစဟာ ငွေစက္ကူသစ်တွေ ထပ်ရိုက်တာ တွက်ခြေကိုက်ဖို့ဆိုတာ တသောင်းတန် မရိုက်ပဲ ၂၀၀၀၀ တန်၊ ၅၀၀၀၀ တန်ကို အခုလို လုံခြုံရေးအဆင့်မြင့်မြင့် စရိတ်ကြီးကြီးနဲ့ ရိုက်ထုတ်တာမျိုးမဟုတ်ပဲ လိုသလောက် ရိုက်ထုတ်လာနိုင်ချေ ရှိတယ်။

ဒီလိုငွေစက္ကူတွေ စျေးကွက်ထဲ ဖောင်းပွအောင် မလုပ်ပဲ ကြပ်နေတဲ့ စျေးကွက်ကို ပြန်လည်ပတ်ဖို့က အတော်ခဲယဉ်းသွားတဲ့အခြေအနေမျိုး။ နောက်တနည်းက စျေးကွက်ထဲမှာ ငွေကြေးတွေ ပြန်လည်ပတ်လာပြီး ငွေကြေးတွေ လည်ပတ်လာဖို့ လျှပ်စစ်ကား (EV Car) တို့ ကားတင်သွင်းခွင့်တို့ ပြန်ပေးခဲ့ရင်လည်း ကျပ်ငွေတန်ဖိုးကျ ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပြီး စီးပွါးရေးလုပ်ငန်းတွေ ပြန်လည်ပတ်လာနိုင်ဖို့ ရှိနေပေမဲ့လည်း စစ်ဖြစ်နိုင်တဲ့ တိုင်းပြည်မှာ ကားဝယ်လိုအားက အကန့်အသတ်လောက်ပဲ ရှိနေတယ်။

မြေဘက်လှည့်ဖို့ကလည်း ငွေပြန်ဖော်ရ အခက်ဆုံးနဲ့ စျေးတွေက အမြင့်ဆုံးတက်နေတော့ မြေဂျင်း အိမ်ခြံမြေဂျင်းတွေကလည်း လုပ်ဖို့ ခက်နေတော့ အခုလို ဘာမှ ဆက်မလုပ်တတ်တော့လို့ မဲလို့ရ နိုင်လို့ရတဲ့ ရွှေ ဒေါ်လာစျေးကွက်ကို ဖမ်းဆီးအရေးယူပြနေတာ။

နောက်ဆုံး ထွက်ပေါက်မရှိတော့တဲ့အခါကျရင်တော့ အရည်အသွေးနိမ့်စက္ကူတွေ နည်းပညာတွေ သုံးပြီး ငွေစက္ကူဖြစ်ပြီးရောဆိုပြီး နှစ်သောင်းတန်၊ ငါးသောင်းတန်တွေ ရိုက်ထုတ်လာဖို့ပဲ ကျန်တာ။ အဲဒီအခြေအနေဟာ စကစ ရဲ့ နောက်ဆုံးထွက်ပေါက်ဖြစ်ဖို့လည်း များနေတယ်။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page