စားအုန်းဆီ တပိဿာ တသောင်းကျော်သွားပါပြီ (တသောင်းခွဲအထိ ရောက်နိုင်ဟုဆို)

ပြည်တွင်းမှာ စားအုန်းဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာနေပြီး ရန်ကုန်လက်လီဈေးကွက်မှာ စားအုန်းဆီ တစ်ပိဿာဈေးနှုန်းဟာ ကျပ် ၉၄၀၀ အထက်ကို ရောက်ရှိလာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ တစ်ပိဿာ ကျပ် ၈၀၀၀ ဝန်းကျင်သာရှိခဲ့တဲ့ ရန်ကုန်လက်လီစားအုန်းဆီ ဈေးနှုန်းဟာ အခုဩဂုတ်လအတွင်းမှာ တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်လာပြီး ဒီနေ့ ဩဂုတ် ၂၀ ရက် နေ့မှာ တစ်ပိဿာဈေးနှုန်းဟာ ၉၄၀၀ ကျပ်ကနေ ၉၈၀၀ ကျပ်အကြားအထိ မြင့်တက်လာနေပါတယ်။ အချို့နေရာတွေမှာ တစ်ပိဿာကျပ် ၁၀၀၀၀ ကျော်နဲ့ ရောင်းချမှုတွေပါ ရှိလာနေပါတယ်။

ဗဟိုဘဏ်က တစ်ဒေါ်လာငွေလဲနှုန်းကို ၂၁၀၀ ကျပ်သတ်မှတ်ပြီးတဲ့နောက် အခုလို ဈေးကွက်အတွင်းမှာ စားအုန်းဆီ‌ ‌ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာနေတာဖြစ်ပြီး ဆီဆိုင်တွေမှာလည်း စားအုန်းဆီလက်ကျန်နည်းပါးလာတဲ့ အခြေအနေကလည်း ဆီဈေးနှုန်း မြင့်တက်လာစေတာဖြစ်တယ်လို့ ဆီလုပ်ငန်းရှင်တွေက သုံးသပ်ပြောပါတယ်။

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဩဂုတ်လ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၁၄၀ ကျပ်ဖြစ်တယ်လို့ သတ်မှတ်ပေးထားပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းရဲ့ စီစဉ်မှုနဲ့ ဆီလုပ်ငန်းရှင်တွေ လိုက်လံရောင်းချပေးနေတဲ့ စားအုန်းဆီဈေးနှုန်းက တစ်ပိဿာ ၄၃၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

ဆီလုပ်ငန်းရှင်များ သတ်မှတ်တဲ့ ဈေးနဲ့ ပြင်ပဈေးနှုန်း ထက်ဝက်ကျော် ကွာဟနေပြီး ပြည်သူများအနေနဲ့ ခွဲတမ်းနဲ့ ရောင်းချနေတဲ့ စားအုန်းဆီတွေကို တိုးဝှေ့ ဝယ်ယူနေကြပါတယ်။ ဒေါ်လာဈေး ပုံသေ သတ်မှတ်မှုကြောင့် စားသုံးဆီဈေး ထပ်မံ မြင့်တက်နိုင်ပြီး ဆီတပိဿာ တသောင်းခွဲ နီးပါးသို့ ရောက်ရှိနိုင်တယ်လို့ ဈေးကွက်အတွင်းမှ စီးပွားရေး လုပ်ငန်းရှင်တဦးက မှတ်ချက်ပြုပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page