ကြံရာမရတဲ့ ဗဟိုဘဏ်၊ ခေတ်နောက်ပြန်ဆွဲတဲ့ စနစ်နဲ့ မြန်မာ့မိုဘိုင်းငွေပေးချေမှုရဲ့ ကျဆုံးခန်း

မိုဘိုင်းငွေပေးချေရေး အက်ပလီကေးရှင်းကို အသုံးပြုသူများ ၏ ကိုယ်ရေးအချက်အလက်များကို လဝကရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်သည့်အတွက် မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Level 2 အ ဆင့်မြှင့်ကြရန်နှင့် အချက်အလက်ပြည့်စုံစွာမဖြည့်သွင်းသည့် အကောင့်များကို အပြီးတိုင် ပိတ်သိမ်းသွားမယ်လို့ စကစ လက်အောက်ခံ ဗဟိုဘဏ်က စက်တင်ဘာလ (၁၆) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

သတ်မှတ်ကာလအတွင်း အချက်အလက် ပြည့်စုံစွာ ဖြည့်သွင်းခြင်းမရှိတဲ့ မိုဘိုင်း ငွေကြေးစာရင်းတွေကို အပြီးတိုင် ပိတ်သိမ်းမယ်ဆိုပြီးတော့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိတွင် ဗဟိုဘဏ်က ခွင့်ပြုထားတဲ့ မိုဘိုင်းငွေပေးချေမှု အသုံးပြုသူများ အနေဖြင့် နီးစပ်ရာ ဘဏ်တွေနဲ့ ကိုယ်စားလှယ် (Agent ) တွေဆီမှာ မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက် များကို အဆင့် ၂ (Level -2) အဆင့်သို့အချိန်မီ မြှင့်တင်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။

ယင်းကဲ့သို့ (Level -2) အဆင့်သို့ တိုးမြှင့်လိုခြင်း မရှိသော မိုဘိုင်းငွေကြေး စာရင်းပိုင်ရှင်တွေအနေနဲ့ မိမိတို့ရဲ့လက်ကျန်ငွေများအား အသုံးပြုနိုင်မည့် နည်းလမ်းကို ဘဏ်နဲ့ မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဆက်သွယ်ဆောင်ရွက်ပါ ဆိုပြီးတော့ ထုတ်ပြန်ထားပါတယ်။

၂၀၁၈ ခုနှစ်ကနေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတဲ့ မြန်မာပြည် မိုဘိုင်းငွေပေးချေမှု စနစ်ဟာ လက်ရှိကာလမှာ အစိုးရိမ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အသုံးပြုသူ သန်းနဲ့ချီရှိနေတဲ့ မိုဘိုင်းငွေပေးချေမှု စနစ်ဟာ နောက်ကို ခြေလှမ်းဆုတ်သွားပြီလို့ စီးပွားရေး ပညာရှင်တဦးက သုံးသပ်ပါတယ်။

အသုံးပြုသူအားလုံး မှတ်ပုံတင်ရှိနိုင်မှာ မဟုတ်ကြောင်း၊ နယ်ကနေ level 1 ဖွင့်ထားသူအနေနဲ့ level မြှင့်ဖို့ အခက်အခဲတွေ ရှိမှာ ဖြစ်ကြောင်း၊ ဘဏ်တွေအနေနဲ့ အခုလိုခေတ်ကာလမှာ level မြှင့်ဖို့ကိစ္စတွေ ဆောင်ရွက်ရာမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ ဘဏ်လုပ်ငန်းနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ဘဏ်မရှိတဲ့နေရာတွေမှာ ပြည်သူတွေ အဓိကအားထား အသုံးပြုနေရတဲ့ မိုဘိုင်းငွေပေးချေမှု စနစ်ကို ယခုလို ကန့်သတ်မှု ကြီးကြီးမားမား ပြုလုပ်လိုက်တာကြောင့် မြန်မာပြည် ဒစ်ဂျစ်တယ် ငွေပေးချေမှုလောကရဲ့ ရှေ့အလားအလာအတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ပညာရှင်များက မှတ်ချက်ပြုနေကြပါတယ်။

ပြည်သူများအနေနဲ့ လတ်တလောအခြေအနေမှာ ဘယ်လိုကန့်သတ်မှုတွေ ထပ်မံကြုံတွေ့လာနိုင်တယ်ဆိုတာ မသိရသေးတာကြောင့် မိုဘိုင်းငွေပေးချေမှု အကောင့်တွေထဲက ပိုက်ဆံတွေကို အလျင်အမြန်ထုတ်ယူထားဖို့ လိုအပ်ပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page