မြန်မာ့ပညာရေးကနေ သိပ္ပံပညာရှင်တွေ ဘယ်တော့မှ ထွက်ပေါ်လာမှာ မဟုတ်တဲ့ အကြောင်းရင်း
၂၀၀၈ခုနှစ်လောက်ကထင်တယ်။ သိပ္ပံပညာနဲ့ နိုဘယ်ဆုရတဲ့အမေရိကန်နိုင်ငံဖွား ဂျပန်လူမျိူးတစ်ယောက် စင်ကာပူကို ရောက်လာခဲ့ပါတယ်။ သူ့ကို စင်ကာပူအစိုးရက စရိတ်အကုန်ခံပြီး ဖိတ်ကြားခဲ့တာပါ။ သူ့ရဲ့ နိုဘယ်ဆုရအောင် ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်း စင်ကာပူလူငယ်လေးတွေကိုပြောပြပေးဖို့ပါ။
သူ့ ဟောပြောပွဲကိုစင်ကာပူအစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ NUS တက္ကသိုလ်မှာ ပြုလုပ်ပါတယ်။ စင်ကာပူတက္ကသိုလ်ပေါင်းစုံက ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက် နားထောင်ကြပါတယ်။သူက ဟောပြောပြီးသွားတော့မေးခွန်းမေးစရာရှိရင် မေးပါလို့ ဖိတ်ခေါ်ပါတယ်။ပရိသတ်က တစ်ယောက်တစ်ခွန်း မေးကြတယ်။သူကလည်း ပြန်ဖြေပေးပါတယ်။
ဆရာတစ်ယောက်ကမေးခွန်းတစ်ခုကို ခုလို မေးလိုက်ပါတယ် “ကျွန်တော်တို့ စင်ကာပူနိုင်ငံကရော သိပ္ပံပညာနဲ့ နိုဘယ်ဆုရနိုင်ဖို့ အခွင့်အလမ်း ရှိပါသလား” တဲ့။နိုဘယ်ဆုရှင်က ခုလို ပြန်ဖြေပါတယ်။ “မရှိပါဘူး။ စင်ကာပူနိုင်ငံမှ မဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေမှာ သိပ္ပံပညာနဲ့ နိုဘယ်ဆုရှင် ဘယ်လိုမှ မပေါ်နိုင်ပါဘူး” တဲ့။
အိမ်ရှင် စင်ကာပူနိုင်ငံသားတွေလည်း မျက်စိမျက်နှာပျက်ကုန်ကြတယ်။ နိုဘယ်ဆုရှင်က ထပ်ပြောပါတယ် “ခုလိုပြောရတာ အရှေ့တောင်အာရှနိုင်ငံတွေမှာ အများနဲ့မတူ တစ်မူထူးခြားတဲ့ကလေးကို မြေတောင် မြှောက်ပေးတဲ့အကျင့် မရှိလို့ပါ။ ကလေးတစ်ယောက်ဟာ စာသင်ခန်းထဲမှာဆရာကို ထူးထူးဆန်းဆန်းမေးခွန်းတွေ မေးမယ်။ သာမန်ကလေးတွေနဲ့ မတူတဲ့ အပြုအမူတွေ လုပ်နေတယ်ဆိုရင် ဒီကလေးကို တခြားကျောင်းသားတွေနဲ့တူအောင်နေခိုင်းမယ်။ ပြောမရရင် ပြစ်ဒဏ်ပေးပြီး ဦးချိုးကြတယ်။ ဥပမာတစ်ခုအနေနဲ့ပြောရရင် ကြမ်းခင်းမှာထောင်ထွက်နေတဲ့သံချောင်းတွေ့ရင် ကြမ်းထဲပြန်ဝင်သွားအောင် ပြန်ရိုက်သွင်းပေးလိုက်တယ်။ ဒါမှ တခြားသံချောင်းတွေနဲ့ ညီသွားအောင်ပေါ့” တဲ့။
သူက ဆက်ပြောပါတယ်။ သူ ငယ်ငယ်လေးတည်းက သူ့မိဘတွေနဲ့အတူလိုက်ပါရင်း အမေရိကန်နိုင်ငံကို ရောက်သွားတယ်။ အဲဒီမှာ ကျောင်းတက်ခဲ့တယ်။ အမေရိကန်ကျောင်းတွေမှာမေးခွန်းတွေ ကြံကြံဖန်ဖန် မေးတဲ့ ကလေး၊ တခြားကလေးတွေနဲ့ မတူဘဲ ထူးခြားတဲ့ အပြုအမူတွေ လုပ်တတ်တဲ့ကလေးမျိုး တွေ့ပြီဆိုရင် ဆရာ၊ ဆရာမတွေက IEP (Individualized Education Plan) တစ်ကိုယ်ရည်ပညာရေးအစီအစဉ်ချမှတ်တဲ့အဖွဲ့ကို အကြောင်းကြားရတယ်။
အဲဒီအဖွဲ့က တာဝန်ရှိသူတွေဟာ ကျောင်းကို ရောက်လာတယ်။ စိတ်ပညာရှင်လည်း ပါတယ်။ အဲဒီကလေးကို စောင့်ကြည့်တယ်။ စကားပြောကြည့်တယ်။ တကယ်ပဲ ဒီကလေးမှာ ထူးချွန်နိုင်တဲ့ အရည်အချင်းရှိနေတာတွေ့ရင် အထူးအစီအစဉ်တွေနဲ့ ကလေးရဲ့အရည်အချင်းကို မြှင့်တင်ပေးကြတယ်။ ထူးချွန်ပညာရှင် Genius တစ်ယောက်ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြတယ်။
ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ နိုဘယ်ဆုရှင်အများဆုံးထွက်တာ အမေရိကန်နိုင်ငံကပါပဲလို့ ရှင်းပြသွားပါတယ်။ (ဗန်းမော်သိန်းဖေ)
မြန်မာပြည်က ပညာရေးကတော့ သိတဲ့အတိုင်းပါပဲ။ ဆရာမ ပေးထားတာကို ၏၊ သည် မရွေး ကျက်ပြီး စာမေးပွဲမှာ ချရေးခိုင်းတဲ့ စနစ်ကြောင့် အလွတ်ကျက်တာကို မှတ်မိတဲ့သူတွေသာ အမှတ်ကောင်းခဲ့ပြီး ကျန်တဲ့ အရည်အချင်းရှိတဲ့သူတွေကတော့ စာမတော်တဲ့သူအဖြစ် ကျန်ခဲ့တာ ဖြစ်ပါတယ်။
တီထွင်ဉာဏ် ရှိသူ၊ တမူထူးခြားတဲ့ အရည်အသွေးရှိသူ၊ အားကစား ကျွမ်းကျင်သူ၊ ဖြတ်ထိုးဉာဏ် ကောင်းသူ စတဲ့ ကျောင်းသားတွေကတော့ စာမတော်ဘူးလို့ သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို စနစ်တွေနဲ့ ဆက်သွားနေရင်တော့ ဒီလိုပဲ ဆက်ဖြစ်နေဦးမယ်လို့ သုံးသပ်ရင်း…