လကို နေ့ဖက်မှာ မြင်ရတဲ့ အကြောင်းအရင်းနဲ့ အမှန်တကယ် တပို့တွဲ လပြည့်မယ့်နေ့
မြူနှင်းကြားက တပို့တွဲလမင်း
မြန်မာပြက္ခဒိန်မှာ တပို့တွဲလက ဖေဖော်ဝါရီ ၁၅ ရက်ဆိုပေမယ့် တကယ်တမ်း လပြည့်မှာကတော့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ဖြစ်ပါတယ်။ ဒီလမင်းကြီးကို အနောက်တိုင်းရိုးရာမှာတော့ မြူနှင်းလမင်း (Full Snow Moon) လို့ ခေါ်ကြပါတယ်။ ဆီးနှင်းတွေကျဆင်းချိန်မှာ ပြည့်တဲ့ လမင်းကြီးမို့ပါ။
ရှေးပုဂံခေတ် ကျောက်စာများမှာ တပို့တွဲကို “တပိုင်ထွဲ” ၊ “တပိုင်တွယ်” “တပို့ထွယ်” စသည်ဖြင့်ရေးဖွဲ့ကြတယ်လို့ ဆိုပါတယ်။ “တပိုဝ်” ဆိုတာ “ထန်းဖူး” ကို ဆိုလိုပြီး “တွဲ” ဆိုသည်ကား အသီးအခိုင်တွဲလောင်းကျသည် ဟု အဓိပ္ပါယ်ရပါတယ်။ ထန်းဖူး ထန်းခိုင်တို့ တွဲညွတ်သော လရာသီ ဖြစ်သည်။
လနှင့်ယှဉ်သော စန်းယှဉ် နက္ခတ်မှာ မာဃ နက္ခတ် (Regulus ကြယ်) ဖြစ်သည်။ သိဟ်ရာသီ (Leo) ကြယ်စုအတွင်းမှာ ရှိပါတယ်။
အဆင်သင့်လို့ လနှင့်ပတ်သက်သော မေးခွန်းတစ်ခုကို ဖြေပေးချင်ပါတယ်။ လကို နေ့ဘက်မှာ မြင်ရပါတယ်။ လဆန်းရက်တွေမှာ ညနေခင်းပိုင်း မြင်တွေ့ရတတ်ပြီး.. လဆုတ်ရက်တွေမှာ နံနက်ခင်းပိုင်း တွေ့ရတတ်ပါတယ်။
လဟာ ကမ္ဘာကို ပတ်နေတယ်ဆိုပေမဲ့ တစ်ပါတ်ပြည့်ဖို့ ကမ္ဘာရက် ၂၇ ရက် ကြာမြင့်ပါတယ်။ ဆိုလိုတာကတော့ ကမ္ဘာလည်တဲ့အချိန်ဟာ လ လှည့်ပတ်တဲ့ အချိန်ထက် ပိုမြန်တဲ့အတွက် လ ဟာ ငြိမ်နေသယောင်ရှိပါတယ်။ လ ရွေ့လျားခြင်းကိုတော့.. တစ်ရက်နှင့် တစ်ရက် လ ရှိတဲ့နေရာ မတူခြင်းဖြင့် သိရှိနိုင်ပါတယ်။ (ပုံ)
လရဲ့ လင်းနေတဲ့ အစိတ်အပိုင်းဟာ .. နေရှိတဲ့အရပ်ကို ညွှန်ပြပါတယ်။ လပြည့်ညမှာတော့ လဟာ နေရဲ့ ဆန့်ကျင်ဘက်အရပ်တည့်တည့်မှာရှိတဲ့အတွက် လကို တညလုံး အပြည့်အဝ တွေ့မြင်ရနိုင်ပါတယ်။ တပို့တွဲလပြည့်ညမှာ လရှိနေမည့် အကွာအဝေးဟာ ကမ္ဘာမှ မိုင်ပေါင်း ၂၄၂၉၀၀ အကွာမှာဖြစ်ပါတယ်။
ယခုရက်ပိုင်း နံနက်ခင်းပိုင်းမှာတော့ ဗီးနပ်စ် (သောကြာဂြိုဟ်) နဲ့ မားစ် (အင်္ဂါဂြိုဟ်) တို့ကို အတူယှဉ်တွဲပြီး အရှေ့အရပ် နေမထွက်မီ အချိန်မှာ တွေ့မြင်ရနိုင်ပါတယ်။
အနာဂတ်ပညာရေးအတွက်
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)