အဆမတန် တက်နေတဲ့ စားအုန်းဆီဈေးကို စကစရဲ့ ဆေးမြီးတိုကုထုံးတွေနဲ့ ထိန်းလို့ ရနိုင်ပါ့မလား

ပြည်ပကဝယ်ယူထားသော စားအုန်းဆီတန်ချိန် ၅၀၀၀၀ ခန့် ယခုလအတွင်းရောက်ရှိမည်ဖြစ်ပြီး စားအုန်းဆီများကို အထူးစျေးနှုန်းဖြင့် ရောင်းချပေးသွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

လက်ရှိ ရန်ကုန်ဆီစျေးကွက်အတွင်း စားသုံးဆီလက်ကျန် ပြတ်လုနီးပါး ဖြစ်နေပြီး မတ်လတတိယအပတ်တွင် စားအုန်းဆီတန်ချိန် ၅၀၀၀၀ခန့်မှာ ပင်လယ်ရေကြောင်းဖြင့်ရောက်ရှိလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

စားအုန်းဆီစျေးနှုန်းများမှာ ပြည်တွင်းလက်ကျန်နည်းပါးမှု၊ မှာယူနေသည့် ပင်ရင်းနိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီစျေးနှုန်း မြင့်တက်မှုအပြင် ပြည်ပရောင်းချမှု ခွဲတမ်းစနစ်အပြောင်းအလဲများကြောင့် ဆီစျေးနှုန်းများတက်လာခြင်းဖြစ်ပြီး လက်ရှိပြည်တွင်း စားအုန်းဆီစျေးနှုန်းများမှာ တစ်ပိဿာကို ငွေကျပ် ၉၀၀၀ ကျော်အထိ မြင့်တက်လျက်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအနေဖြင့် စျေးကွက်အတွင်းဖြစ်ပေါ်နေသော စားအုန်းဆီစျေးနှုန်းထက် သက်သာသောစျေးနှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရာ ၄၀ နီးပါးတွင် မော်တော်ယာဉ်ဖြင့် လိုက်လံရောင်းချပေးနေကြောင်း သိရပါတယ်။

လက်ရှိတွင် စကစ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသော လက်ရှိအခြေအနေများအရ ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့နေတဲ့ နိုင်ငံတွေမှာ စားအုန်းဆီစျေးနှုန်းများ မြင့်တက်နေတဲ့အတွက် ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သော စျေးနှုန်း ဖြစ်ပေါ်စေရန် ထိန်းကျောင်းပေးနေကြောင်း ထုတ်ပြန်ထားသော်လည်း လက်ရှိ စျေးကွက်အတွင်း ဆီစျေးနှုန်း မြင့်တက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။

စကစအနေနဲ့ စားအုန်းဆီဈေးကြီးမှုကို ရေတိုဆေးမြီးတိုများဖြင့် ကုသနေပေမယ့်လည်း ထိရောက်မှု မရှိကြောင်း တွေ့ရပါတယ်။ စားအုန်းဆီကို ဆီလုပ်ငန်းရှင်များ အသင်းက ဈေးလျှော့ ရောင်းနေပေမယ့်လည်း ပမာဏ အနည်းငယ်သာ ဖြစ်ပါတယ်။

လတ်တလောတွင် စားအုန်းဆီ ဝယ်ယူရောင်းချခွင့် ပါမစ်စလစ်များကို အရောင်းအဝယ်ပြုလုပ်တဲ့ ဈေးကွက် ပေါ်ပေါက်လာတာကြောင့် စားအုန်းဆီဈေးတွင် ထိန်းမရအောင် တက်လာနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားကြပါတယ်။

စကစအနေနဲ့ အလုပ်မဖြစ်တဲ့ ဆေးမြီးတို နည်းလမ်းတွေနဲ့ အဆမတန်တက်လာတဲ့ စားအုန်းဆီဈေးကို ဘယ်လို ထိန်းညှိမလိုဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page