နတ်တွေ ဖွက်ထားတဲ့ သစ်ပင် (သို့) ကျွန်းနက်အကြောင်း သိကောင်းစရာနဲ့ အစွမ်းသတ္တိများ
ကျွန်းနက်ဆိုတာ ကျွန်းပင်အနက်မဟုတ်ပါ ။ အရင်ကကျွန်းနက်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ရေးတင်ခဲ့ဖူးပါတယ်။ ဗဟုသုတဆိုလို့ ကြီးကြီးကျယ်ကျယ်ပြောတယ်လို့ မထင်ပါနဲ့။ ကိုယ်လေ့လာသိရှိထားသလောက်တွေ မျှဝေခဲ့တာပါ။
အဲ့တုန်းကလဲရေးဖူးတယ်၊ ကျွန်းနက်ဆိုတာ ရေအောက်မြေအောက်မှာ နှစ်ပေါင်းများစွာ အကြာကြီး နစ်မြုပ်နေတဲ့ ကျွန်းပင်ကျွန်းတုံးတွေကနေ ဓါတ်ပြောင်းလဲမှုဖြစ်ပေါ်ပြီး အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ပေသည်။ နှစ်အနည်းငယ်နဲ့တော့ ပြောင်းလဲခြင်းမဖြစ်ပေ။
ထန်းပင်များ မြေအောက်ရေအောက်မှာ နစ်မြုပ်ပြီး ထန်းကျောက်သားဖြစ်သွားသလိုမျိုးဖြစ်သည်။ ကျွန်းနက်ကလည်း နစ်မြုပ်မှု ကြာလာသည်နှင့်အမျှ ကျောက်အဖြစ်သို့ ပြောင်းလဲလာပေသည်။ ကျွန်းနက်အဖြစ် ဓါတ်ပြောင်းလဲလာပါက ပြာရွှေရောင်ဖြစ်ခြင်း၊ ပြာသည်သံလိုက်ခြင်းစတဲ့ အစွမ်းသတ္တိတွေလဲ ပြောင်းလဲရရှိလာပါတယ်။
တစ်ခုထူးခြားသည်က ပျဉ်းကတိုးနက်၊ ပိတောက်နက် တို့သည် ပြာရွှေရောင်ဖြစ်သော်လည်း ကျွန်းနက် ကဲ့သို့ ပြာသည် သံမလိုက်ပေ။ ဒါသည် ကျွန်းနက်ရဲ့ ထူးခြားသော ဂမ္ဘီရအစွမ်း သတ္တိဖြစ်ပေသည်။ ရုက္ခဗေဒပညာရပ်အရ ကျွန်းမျိုးစိတ်များစွာရှိပေမယ့် ကျွန်းနက်ဆိုသည်မှာတော့ မပါဝင်ပေ။
တစ်ချို့က ကျွန်းနက်ဆိုတာ ကျွန်းပင်အနက်၊ အပွင့်က ဘယ်လိုအရောင်ဆိုပြီး ပေါက်ကရတွေ ရေးနေကြတာမြင်ရလို့ ရှင်းပြခြင်းဖြစ်ပါသည်။ သူတို့ပြောသလို ရှိရင်လဲရှိပေမည်၊ သို့ရာတွင် ဓါတ်ကြီးလေးပါးပြောင်းလဲမှုကြောင့် အသွင်ပြောင်း ဖြစ်ပေါ်လာသော သိဒ္ဓိဝင်ကျွန်းနက်လောက်တော့ ဂုဏ်သတ္တိရှိမည်မထင်ပေ။
ရေအာက်မြေအောက်တွင်ရှာဖွေသော်လည်း နေရာတိုင်းမရတတ်ပေ။ နတ်ဖွက်ထားသော သစ်မျိုးဆိုလဲမမှားပေ။ ပေါပါတယ်ကွာ၊ ရောင်းမယ်ဆိုတဲ့သူတွေလဲများ ပေမယ့် ယနေ့အချိန်ထိ သယ်ယူပို့ဆောင်မှု ခက်ခဲခြင်းနှင့် ထိုက်တန်မှုမရှိခြင်းတို့ကြောင့် သစ်မှငွေအဖြစ် မပြောင်းလဲနိုင်ကြတာလဲ အများအပြားရှိကြပေသည်။
တစ်ချို့ကလဲ ရှာတော့တွေ့ပါတယ်၊ ကျောက်ဖြစ် သွားတဲ့အဆင့်မို့ ဘာမှလုပ်မရတာတွေလဲ ရှိပါတယ်။ တစ်ချို့ကျတော့လဲ ရလာတုန်းကတော့ ကောင်းနေပြီး အသုံးပြုဖို့ စီစဉ်တော့မှ အထဲမှာ မွပြီးဆွေးနေတာ မျိုးတွေလဲရှိကြပါတယ်။ (ကိုယ်တိုင်အဓိဋ္ဌာန်တစ်ခု မှားပြီး ကြီးကြီးမားမားဆုံးရှုံးဖူးပါတယ်)
ကျွန်းနက်သည် ကျွန်းပင်အနက်မဟုတ်ပေ။ ကျွန်တော့်ဆီမှ ကျွန်းနက်များသည်လည်း ခက်ခက်ခဲခဲရှာဖွေတွေ့ရှိထားသော ရေအောက် မြေအောက်မှ သဘာဝအတိုင်းဂမ္ဘီရဆန်ဆန် ပြောင်းလဲလာသော သိဒ္ဓိဝင်အသားကိုသာ အသုံးပြုထားပါသည်။ အပင်လဲ ယနေ့ထိ မတွေ့ရှိ ဖူးပါခင်ဗျာ။
ကျွန်းနက်သားဖြစ်စေ၊ ကျွန်းနက်ပုတီးဖြစ်စေ မသင်္ကာပါက မီးရှို့၍ စမ်းသပ်နိုင်ပါတယ်။ မီးရှို့လိုက်ပါက ကျွန်းနက်အစစ်ရဲ့ ပြာအရောင်ဟာ ရွှေအိုရောင်လိုလို ဝါဖန့်ဖန့်အရောင်လိုမျိုးရရှိပါတယ်။
ပြာက ဝါဖန့်ဖန့်ရွေအိုရောင်ဖြစ်တိုင်းလဲ မစစ်သေးပါဘူး၊ ထိုပြာတွေဟာ သံလိုက်တုံးကို ပြေးပြီးကပ်နေမှ အရည်သွေးကောင်းမွန်သော ကျွန်းနက်သားစစ်စစ် ဖြစ်ပါတယ်ခင်ဗျာ။ အဂ္ဂိရတ်သမားများကတော့ ထိုသို့သောအသားမျိုးကို အင်မတန်နှစ်သက်ကြပါတယ်။ သံလုံးအသန့်ရရှိစေရန် ကျွန်းနက်မှုန့်ဖြင့်ဖိုထိုးကြသောကြောင့်ဖြစ်ပါတယ်။
တချို့ … ပြာကတော့ဝါပါရဲ့ … သံလိုက်တုံးကိုတော့ ပြေးကပ်တာမျိုးမရှိတာတို့၊ ကပ်ချင်သလိုမကပ်ချင်သလို သံဓါတ်နဲတာတို့လဲ တွေ့ဖူးပါတယ်။ ကျွန်းနက်လို့ ပြောလို့ရပေမယ့် ထင်သလောက် သိဒ္ဓိမရှိပါဘူး။
ကျွန်းနက်နှင့် အရောင်အဆင်းတူသော်လည်း ပြာရွှေရောင်မဖြစ်သော၊ သံလိုက်မဆွဲသောအသားများ ကတော့ သစ်ကနက်၊ ယင်းတိုက် နှင့် တည် (တယ်) အသားတို့ဖြစ်ပါတယ်။ ဂမ္ဘီရဓါတ်သဘောကိုနားမလည်သော စီးပွားရေးသမားများ ကြိုက်ကြတဲ့အသားတွေဖြစ်ပါတယ်။
(၁၀၈)လုံးပုတီး တစ်ကုံးမှာ ရောထည့်ထားလျှင် မည်သူမှသိမည်မဟုတ်ပေ။ ထို့ကြောင့် စျေးကြီးပေးဝယ်ရပြီး အမှန်တကယ် ဓါတ်သဘောအတိအကျမှန်ကန်စေရန် “ကြိုက်တဲ့အလုံးခွဲစမ်းနိုင်သည်” ဟု အာမခံပေးသော နေရာမျိုးတွင်သာ ဝယ်ယူသင့်သလို ကိုယ်တိုင်လဲ စမ်းစစ်ကြည့်သင့်ပေသည်။
မည်သည့်နေရာက ဝယ်ယူသည်ဖြစ်စေ အသားစစ်အသားမှန်ရရှိရန်အတွက် ထိုကဲ့သို့ အစမ်းသပ်ခံ/စမ်းသပ်ပြီးမှ ဝယ်ယူသင့်ပေသည်။ ဝယ်ယူပူဇော်ကြမည့်သူများအတွက် စေတနာဖြစ်သည်။ ထို့အပြင် ပုတီးဖြစ်ရင်ပြီးရောဆိုပြီး ဓါတ်သဘောများ နားမလည်ပါကလဲ ထိရောက်သင့်သလောက် မထိရောက်ဟု မပြောလိုသော်လည်း ဓါတ်သဘော နားလည်ပါက မိမိတို့ရဲ့ တန်ဘိုးကြီးပုတီးသည် ပို၍အဖိုးထိုက်တန်လာပေမည်။
ကျွန်းနက် သည် (၂၇) ပေါင်းခြင်း (၉) ဖြစ်သည်။ (၂၇) သည် ငွေနဝင်းဓါတ်ဖြစ်ပေသည်။ ပုတီးတွင်တပ်ထားသော လိမ္မော်ရောင်ပန်းပွားသည် လိမ္မော် (၄၅) ဖြစ်၍ ပေါင်းခြင်း (၉) ပင်ဖြစ်သည်။ (၄၅)သည် လာဘ်ပွင့်နဝင်းဖြစ်ပေသည်။
ထိုကဲ့သို့ ငွေနာမ်ကျွန်းနက်ပုတီးအား လာဘ်ပွင့်အရောင် ပန်းပွားတပ်ထားခြင်းသည် ကျွန်းနက်၏ ဟိတ်ကို ပို၍ ကောင်းမွန်စေပေသည်။ ကျွန်းနက်ပုတီးသည် စျေးကြီးပေသည်။ ထို့ကြောင့် အရောနှောမပါသော အစစ်ဖြစ်ရန်လိုသည်။ ဓါတ်သဘောမှန်ကန်သောပုတီးဖြစ်ရန်လိုသည်။
ကျွန်းနက်ဟာများသောအားဖြင့် ရေအောက်ထဲက ရတတ်တဲ့ကျွန်းပင်တစ်မျိုးပါ ရေထဲနှစ်ကာလကြာ နစ်မြုပ်နေရင်သဘာဝအလျောက် ဓာတ်ပြောင်းပြီး မည်းနက်သွားခြင်းပဲဖြစ်ပါတယ် အလွန်ရှားပြီး သိဒ္ဓိရှိပါတယ်။
ကျွန်းနက် ၂၇ ငွေနဝင်း အသားဖြစ်တဲ့အတွက် ပုတီးစီရင်ပြီး ထိုပုတီးဖြင့် ဂုဏ်တော်၉ပါးနေ့တိုင်းစိပ်ပါက လာဘ်ရွှင်စေပါတယ် လိုအပ်သောအခါ ပုတီးစောင့်နတ်က အိမ်မက်ပေးတယ်လို့လည်း ပြောကြပါတယ် ကျွန်းနက်အသားကိုဆောင်ထားရုံဖြင့် ပယောဂအတိုက်ကင်းစေတယ် သရဲမခြောက်စေ မကပ်စေပါဖူး (သရဲတစ္ဆေကြောက်တတ်သူများအထူးဆောင် သင့်ပါတယ်) အိမ်မက်ဆိုးတွေမမက်စေပါဘူး
အလွန်ရှားပါးပြီးသိဒ္ဓိဝင်အသားတစ်မျိုး ဖြစ်တာကြောင့်လောကီသားများ အကြိုက်လည်းဖြစ်ပါတယ် အိမ်တွင်ဘုရားထုလုပ်ပူဇော် လိုရာဆုတောင်းပြည့်စေသည့်အတွက် တချို့ဆို ၅လက်မပတ်လည်၁တုံးကို ၄သိန်းခွဲလောက်နဲ့ဝယ်ပြီးဘုရားထုကြတာလည်း မြင်တွေ့ဖူးပါတယ် (သစ်ကနက်သားထက်၁၀ဆရှားပါတယ်)
ဘုရားထုမည်ဆို အိမ်စီးပွားတိုးဖို့ ဇဗ္ဗူ ပတိ မဟာမုနိ ကုမဏ္ဍီရုံးခန်း စျေးဆိုင်များတွင် ပူဇော်ကိုးကွယ်မည်ဆိုပါက လာဘမုနိ ရှင်သီဝလိ ရှင်ဥပဂုတ် တို့ထုလုပ်ပူဇော်ကြပါတယ် မိတ်ဆွေတယောက် မှာယူပူဇော် ထုလုပ်တဲ့ရှင်ဥပဂုတ်ဟာဆိုရင် ဆိုင်ရှေ့အရောင်တင်နေတုန်းတွင်ပင် စျေးဝယ်သူများတဖွဲဖွဲကျလာ ထူးထူးခြားခြားမြင်တွေ့ရပါတယ်။
နောက်ပြီး ဝိဇ္ဇာဓာတ်နှင့် နဂါးသိုက်တို့နဲ့ဆက်စပ်ပြီး ပြဌာန်းဆက်ရှိသူများသာ ပိုင်ဆိုင်ခွင့်ရှိပါတယ် အတက်ရောဂါ ရှိသူများကတော့ မီးရှို့ပြီးအငွေ့ကိုရှုစေခြင်းဖြင့် အတက်ရောဂါသက်သာစေပါတယ် ဆေးအဖြစ်ကတော့ ကျွန်းနက်ပြာကို ပျားရည်နှင့်ရောကာတစ်နေ့တစ်ဇွန်းစားပေးပါက လေငန်းရောဂါသွေးတိုးရောဂါတို့ပါသက်သာစေတဲ့အပြင် အသက်ရှည်စေပါတယ်။
ဝိဇ္ဇာလမ်း ထွက်ရပ်လမ်းကိုလိုက်သူများ အဂ္ဂိရတ်ထိုးရာတွင် သံဓာတ်လုံးထိုးရန် သံအနှစ်သားကျွန်းနက်မှထုတ်ယူကြပါတယ်။ စာချိုးအရပြောရမယ်ဆိုရင်တော့ လက်ခတ်သံကျွန်းဖိုသားသောင်းတိုင်က ကြားသလေလေ…ဆိုသောသီချင်းမှာ ကျွန်းနက်ကို ဆိုလိုကြောင်း မှတ်သားဖူးပါတယ်။ အထက်ကောင်းကင်အထိပင်လက်ခမောင်းခတ်လောက်အောင် သိဒ္ဓိ၀င်စေသောသံမှာ ကျွန်းနက်သံဖြစ်သည်ဟုလည်း ဆိုကြပါတယ်။
ကျွန်းနက်ရဲ့ ကောင်းကျိုးတွေကတော့ ရှာဖွေလေ တွေ့ရှိလေ ဖြစ်ပါတယ်။ လောကီအစီအရင်နဲ့ အဓိဋ္ဌာန် လောကမှာ အလွန်အသုံးဝင်တဲ့ တန်ဖိုးကြီဂ ရှားပါး ဂမ္ဘီရပစ္စည်းတမျိုး ဖြစ်ကြောင်း ပြောလိုပါတယ်။
ဇော်မြတ်မင်း (မြစကြာကျောင်းသား)