မိသားစု ဘဝပျက်သွားအောင် လုပ်နိုင်တဲ့ နတ်တိုက်အစီရင် (ဖြစ်ရပ်မှန်)

မိသားစု ဘဝပျက်သွားအောင် လုပ်နိုင်တဲ့ နတ်တိုက်အစီရင် (ဖြစ်ရပ်မှန်)

တစ်နေ့ ကျနော် ဖေ့ဘွတ်ခ်အသုံးပြု နေရင်း မိတ်ဆက်စာ ဝင်လာသည်သံ ကြားရလေသည် ။ ဖွင့်ကြည့်လိုက်တော့ ညီလေးတစ်ယောက်ထံမှ မိတ်ဆက်စာဖြစ်လေသည် ။ “မင်္ဂလာပါ ဆရာ…ကျနော်က ဆရာ့ပရိတ်သတ်ပါ…ဆရာ့ စာတွေ ဟိုနေ့ကမှ ဖတ်လိုက်ရတယ်…အားပေးနေပါတယ် ဆရာ…”

ဖြစ်ချင်တော့ လူက နည်းနည်းနှုံးနေသည် ။ ပရိတ်သတ် တွေနဲ့စကားပြောချင်စိတ် သိမရှိတော့ ။ တစ်ချို့ လာရစ်နေကြ သဖြင့် လက်ခံစကားပြောရင်း ကိုယ့်မှာ ဒုက္ခတွေ များစွာကြုံ တွေ့ရလေ့ရှိ၏ ။ စကားပြန်မပြောလျှင် တစ်မျိုးထင်ပြန်သည် ။ မတတ်နိုင်ပါ ။ သို့သော်…ယဉ်ကျေးစွာ စကားပြောဆိုလာသော ညီလေး ကို အနည်းငယ်စကားပြန်ပြောဖြစ်လေသည်။ “ညီလေး ပြောချင်တဲ့စကားကို ရေးထားခဲ့လေ…သိပ်မ အားဘူးဖြစ်နေတယ်… အစ်ကို့ကို နားလည်ခွင့်လွတ်ပေးပါ… အားတဲ့ အချိန် စာပြန်မယ် ” “ရတယ်ဆရာ…” “ကျေးဇူးပဲ ညီလေး ” ထိုသို့ ပြောပြီး လိုင်းပေါ်က ဆင်းလိုက်ပါသည် ။

ညဘက် လိုင်းပေါ် ပြန်တက်ချိန်တွင် ပို့ထားသော စာတွေ ကို ဖတ်ကြည့်မိပါသည် ။ နေ့ခင်းတုန်းက စကားပြောခဲ့သော ညီလေး ပို့ထားသော စာက အနည်းငယ်များနေသဖြင့် ဖတ် ကြည့်မိလေရာ သူကြုံ တွေ့ခဲ့ရသော အဖြစ်အပျက်များကို နာမည် ၊နေရပ် လိပ်စာ ၊ ဖြစ်ပျက်ပုံ အပြည့်အစုံ ရေးထား သည်ကို တွေ့ရလေသည် ။ စာပြီးဆုံးသည့် အဆုံးတွင် သူတို့ ကြုံ တွေ့ရသည်မှာ ‘ဘာကြောင့်ဖြစ်ရသလဲ ၊ အောက်လမ်းနဲ့ လုပ်တာ ဟုတ်သလား ‘ဟု မေးထားပါသေးသည် ။ အပြည့်အစုံကို ကျနော် မင်းကံစည်ဝင်းမှ ဆီလျော်သလို ပြန်လည်ရေးလိုက်ပါသည် ။

ကျနော့်နာမည် ပြည့်ဇော်အေးပါ ။ အခု အောင်မင်္ဂလာ အဝေးပြေးကားဝင်း ( – ) ဂိတ်မှာ ဂိတ်မှူးလုပ်နေပါတယ် ။ အခု အဖြစ်အပျက်က ကျနော် ခုနှစ်တန်းကျောင်းသားဘဝမှာ တကယ်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ပါ ။ ကျနော့် ဇာတိကတော့ မန္တလေး ကပါ ။ အဖိုးနာမည်က ဦးတင်အေး ။ ဆည်မြောင်းဝန်ထမ်းတစ်ဦးပါ ။ လွန်ခဲ့တဲ့ နှစ် ဆယ့်ငါးနှစ်က ဆည်မြောင်းဝန်ထမ်းဆိုတော့ ခြံကွက်တစ် ကွက်ရလိုက်ပါတယ် ။ အဲဒီခြံမှာ ပျ ဉ်ထောင်အိမ်လေးနဲ့ နေရ ပါတယ် ။ နောက်ပိုင်း စီးပွားဖြစ်ထွန်းလာတော့ မန္တလေးမြို့ ၊ သွား ဘက်ဆိုင်ရာ တက္ကသိုလ်နားမှာ နှစ်ထပ်တိုက်အိမ်ဆောက် ပြီး နေနိုင်ခဲ့ပါတယ် ။ နှစ်ထပ်တိုက်က အပေါ်ထပ်မှာ အခန်း လေးခန်း ၊ အောက်ထပ်မှာ အခန်းနှစ်ခန်း ၊ ရေချိုးခန်း ၊ အိမ် သာ စသည်ဖြင့် ပြည့်ပြည့်စုံစုံလေးနဲ့ပေါ့ ။

အဖေကတော့ လွိုင်ကော်နဲ့ မန္တလေးကို သစ်ကုန်ကားမောင်းတယ် ။ အဲဒီ တုန်းက ကျနော်တို့ မိသားစုက တည်ငြိမ်အေးချမ်းတဲ့ မိသားစု လေးပေါ့ ။ ခြောက်နှစ်အကြာမှာ မထင်မှတ်ပဲ ကျနော်တို့ဆီကို ကံ ကြမ္မာဆိုးတွေ ကျရောက်လာခဲ့ တယ် ။ အဲဒီတုန်းက ကျနော် က ခုနှစ်တန်းကျောင်းသား ။ ကျနော့်အဖိုးက စိတ်ထား ၊ သ ဘောထား ကောင်းတဲ့ သူပါ ။ ရပ်ရေး ရွာရေး သာရေး နာရေး တွေဆို အမြဲသွားနေကြ ။ အကူအညီပေးနေကြ ။

ဒါပေမယ့် အဖိုးမှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ် ။ အဲဒါက စကားပြောရင် အပေါက်ဆိုးလေ့ရှိတယ် ။ နှုတ်ကြမ်း အာကြမ်းတယ် ပေါ့ဗျာ ။ စကားပြောရင် ဘုကန့်လန့်သမား ။ ကြားဖြတ်ပြောရဦးမယ် ။ ကျနော့်အဖိုးက အိမ်တွင်းနတ် စင် ထားတယ် ။ ပူဇော်ပသတယ် ။ အဖိုးစီးပွားဖြစ်တာ အိမ် တွင်းကြောင့်လည်း ပါတယ်လို့ပြောတယ် ။ အိမ်ရဲ့ဘုရားခန်း ထောင့်လေးမှာ နတ်စင်ကို အသေအချာထားတယ် ။

တစ်နေ့ပေါ့ဗျာ…။ အဖိုးက အပြင်မှာ အမျိုးသမီးကြီးတစ်ဦးနဲ့ ရန်ဖြစ်တယ် ။ အဲဒီ အမျိုးသမီးက ပွဲစားတစ်ဦးပါ ။ အပေါက်ဆိုးတဲ့အဖိုးနဲ့ ဆတ်ဆတ်မခံတဲ့ အမျိုးသမီးဆိုတော့ ရန်ပွဲက အတော်စကားများသွားတယ် ။ နင်လား…ငါလားတွေ ဖြစ်ကုန်တယ် ။ပြဿ နာက အဲဒီ ရန်ပွဲက စတယ်လို့ ပြောရမယ် ။ အဲဒီ အမျိုးသမီးက ထူးဆန်းတယ် ။ အဖိုးနဲ့ရန်ဖြစ်ပြီး ဖြစ်နေပေမယ့် နောက်တော့ အခေါ်အဝေါ်နူးညံ့ချိုသာပြီး အေးအေးသာသာနဲ့ ပြန်လည် ခေါ်ပြောကြပြန်တယ် ။ တကယ် တော့ အဲဒီအမျိုးသမီးက အဖိုးကို ပြန်လည်လက်စားချေဖို့ အကွက်ဆင်နေတယ်ဆိုတာ ကျနော်တို့ မသိခဲ့ပါဘူး ။

အိမ်မှာ အလှူအတန်း တစ်ခုပြု လုပ်ရင်း အဲဒီမိန်းမကြီးကို ဖိတ်ပါသေးတယ် ။ သူလည်း အေးအေးဆေးဆေး လာတယ် ခင်ဗျ ။ ဝိုင်းဝန်းကူညီပါသေးတယ် ။ မကြာပါဘူးဗျာ ။ အလှူပွဲပြု လုပ်ပြီး မကြာပါဘူး ။ ကျ နော့် အဖိုး အပြင်ကနေ ပြန်အလာ မှာ ခေါင်းမူးတယ် …ခေါင်းမူး တယ်နဲ့လူးလိမ့်အောင် ခံနေရတော့တာပဲ ။အဖိုးက ကျန်းမာ ရေး ဒေါင်ဒေါင်မြည်နေတဲ့ သူပါ ။ အခု ဘာဖြစ်နေမှန်း မသိပါဘူး ။ မေးလို့လည်း မရဘူး ။ ပြီးတော့ ဝမ်းတွေ ခဏ ခဏသွားတယ် ။ ဝမ်းသွားလွန်းလို့ အားအင်တွေ ပြတ်ပြီး အဖေနဲ့တွဲခေါ်ရတဲ့အထိ ဖြစ်သွားတယ် ။ ဆေးရုံ သွားမယ် လုပ်တော့ ဝမ်းသွားပြန်ပြီ ။ အဖိုးမျက်နှာကလည်း ခက်ထန် နေတယ် ။ အခြေအနေဖြစ်ပျက်နေတာက အလွန်မြန်ဆန်နေ ပါတယ် ။

တစ်ကြိမ်မှာပေါ့ဗျာ ။အဖေက အဖိုးကို အိမ်သာဆီကို တွဲ ပို့ပြီး အပြင်မှာ စောင့်နေတုန်း အိမ်သာထဲမှာအဖိုးက သောင်း ကြမ်းနေပါလေရော ။ တစ်အုန်းအုန်း တဒုန်းဒုန်းနဲ့ ဖြစ်ကုန်ပါ တယ် ။ အဖိုးက အိမ်သာနံရံတွေ ၊ တံခါးတွေကို ခေါင်းနဲ့ဆောက်ဆောက်နေတယ် ။ အဖေတို့ လူကြီးတွေလည်း အိမ်သာထဲက အဖိုးကိုကယ်ထုတ်ဖို့ အတင်းကြိုးစားကြပါတယ် ။ ဒါပေမယ့် မရတော့ပါဘူး ။ဆေးရုံတောင် မရောက်တော့ပါ ဘူး ။ တစ်ရက်ထဲမှာပဲ အဖိုးတစ်ယောက်တည်း ကမ္ဘာပျက်သလို ဝေဒနာမျိုးစုံခံစားရပြီး ဆေးရုံသွားချိန်တောင်မရတော့ပဲ ဘဝတစ်ပါးသို့ ပြောင်းရွေ့ကွယ်လွန်သွားပါတယ် ။ ကျနော့်အတွက် အံ့သြကြောက်လန့်ဖွယ်ရာ အမှတ်တရ နေ့လေးတစ်နေ့အဖြစ် ကျန်ရှိနေခဲ့ပါတယ် ။အဖိုး ဘာတွေဖြစ်မှန်း ကျနော်တို့ နားမလည်နိုင်ကြပါဘူး ။

အဖိုးဆုံးပြီး တစ်ပါတ်အကြာမှာ ကျနော်နဲ့ ကျနော့်အဖေ ရဲ့အစ်မ ယောကျ်ား ဦးလေးကြီးနဲ့ အိမ်ပေါ်သန့်ရှင်းရေး ပြုလုပ်ကြတယ် ။ အဲဒီမှာ ဘာတွေ့ရသလဲဆိုရင် အိမ်တွင်းနတ်စင်အောက်မှာပေါ့ဗျာ ။ နံကရိုင်းကျွဲခေါင်းပုံစံလို အရုပ်တစ်ခု ဖွက်ထားတာသွားတွေ့လိုက်ရပါတယ် ။အရောင်က အမဲရောင် ။ စက္ကဖြူ အထုပ်နဲ့ ဝှက်ထားတာပါ ။လက်ရာက အတော်ကောင်းတယ် ။ကျနော်အိမ်မှာ အိမ်တွင်း နတ်ထားပေမယ့် နံကရိုင်းမယ်တော်တော့ မရှိဘူးခင်ဗျ ။ နံကရိုင်းမယ်တော်က ပဲခူးမယ်တော်ပါ ။ အောက်ပြည် အောက်ရွာ ပဲခူးဘက်မှာ ပူဇော်ပသကြပါတယ် ။ သုံးဆယ့်ခုနှစ်မင်းနတ် အပါအဝင်ပါပဲ ။ အတွင်း သုံးဆယ့်ခုနှစ်မင်းလား ။ အပြင်သုံးဆယ့်ခုနှစ်မင်း လားတော့ မသိဘူး ။ မထင်မှတ်ပဲ ကျွဲခေါင်းရုပ်ကိုကျနော်တို့် အိမ်တွင်းနတ်စင်မှာ လာတွေ့နေရနေတယ် …။

ဦးလေးက လောကီဘက် အနည်းငယ်လိုက်စားတယ် ။ တရားလည်း ထိုင်ဘူးတယ် ။အင်းလည်း ရေးဆွဲတတ်တယ်။ ဦးလေးက “ဒါ အဖိုးကို အောက်လမ်းနဲ့တိုက်သွားတာ “လို့ ပြော တယ် ။ ဒါနဲ့ ဦးလေးနဲ့ကျနော် ကျွဲခေါင်းရုပ်ကို ယူပြီး အိမ်ရှေ့ မှာ မီးရှို့မလို့ လုပ်ကြတယ် ။ အဲဒီမှာ ထူးဆန်းတယ်ဗျာ ။ ကျွဲခေါင်းရုပ်ကို မီးရှို့တော့ အလိုလိုနေရင်း ထခုန်ပါလေရော ။ မျက်လှည့်ပြနေသလား ထင်ရတယ် ။ သက်မဲ့ကျွဲခေါင်းရုပ်က အလိုလို ထခုန်နေတယ် ။

ဒါနဲ့ ဦးလေးက ကျွဲခေါင်းရုပ်ကို လက်နဲ့ကိုင်ပြီး မီးရှို့လိုက် တော့မှ မီးလောင်ပြာကျ သွားပါတယ်…။ အားလုံးပြီးတော့ ဦးလေးက အဖွားကို မေးတယ်…။”ဒါ အိမ်တွင်းကိုယ်တော်နဲ့ နံကရိုင်းမယ်တော်ကို အတိုက်ဆင်ပြီး အသေတိုက်သွားတာ … ပြန်လုပ်မလား…” လို့မေးတယ် ။ အဖွားက “မလုပ်တော့ပါဘူးကွယ်…သူ့အကုသိုလ်နဲ့ သူနေပါစေ ” လို့ ဖြေသိမ့်ပြောသွားပါတယ် ။ အဖွားက သည်းခံခွင့်လွတ် ပြီး ဒီကိစ္စကို မေ့ထားဖို့ ပြောဆိုဆုံးမပေးပါတယ် ။ ကျနော်တို့ တိုက်အိမ်မှာ ထူးဆန်းတာတွေ အများကြီးကြုံ ရပါသေးတယ် ။ ကြုံ ရင် ပြောပြပါဦးမယ် ။ အဖိုးမရှိတော့တဲ့ နောက်ပိုင်း ကျနော်တို့အိမ်က စီးပွားရေးတွေ တရိပ်ရိပ်နဲ့ အတော်ကျဆင်း သွားတော့ အဲဒီတိုက်အိမ်ကြီးကို အပြီးရောင်းထုတ်လိုက်ပါတယ် ။ အဖိုးသေသွားတဲ့ကိစ္စက ထူးဆန်း အံ့သြကြောက်လန့်စရာအဖြစ်နဲ့ အမှတ်တရအဖြစ် ကျနော်မေ့လို့မရတာ အခုထိပါပဲဗျာ …..။

“အဲဒါပါပဲ ဆရာ… ” “ဪ…..စိတ်မကောင်းစရာပဲကွာ…တကယ်ဖြစ်ရပ်မှန် ဆိုရင်တောင် ယုံရခက်နေတယ်…” “မယုံရင် ကျနော့်ဖုန်းနံပါတ် ၊ ကျနော်နေခဲ့တဲ့ တိုက်အိမ် ပုံစံ ပြရမလားဆရာ…အမေလည်း ရှိနေသေးတယ်…အဖွား တော့ မရှိတော့ဘူး…” “ရပါပြီ ညီလေး…အဲဒီလောက် မလိုပါဘူး…” ရှိသေးတယ်ဆရာ…အဖွားသေပြီးတဲ့နောက်ပိုင်း အဲဒီ အိမ်မှာ ထူးဆန်းတာတွေ အများကြီး ရှိနေသေးတယ်… ဆရာ့ကို စာစီပြီး ပို့လိုက်မယ်…”

“အေး…ဟုတ်ပါပြီ…ကျေးဇူးပါ ညီလေး…” “ဟုတ်…ဆရာ…ဒါနဲ့ အဲဒါတွေက အောက်လမ်းနဲ့လုပ် တာလားခင်ဗျ …” “ဖြစ်နိုင်ပါတယ်…အောက်လမ်းပညာမှာ တစ်ချို့ အစွမ်း ထက်တဲ့ဆရာတွေက သုံးဆယ့်ခုနှစ်မင်းကို စေစားနိုင်စွမ်း ရှိကြပါ တယ်…သုံးဆယ့်ခုနှစ်မင်း မှော်ပညာဆိုပြီး ပညာရပ် တစ်ခု ရှိပါသေးတယ်…အဲဒါ အပြင် သုံးဆယ့်ခုနှစ်မင်းကို အထက် ၊ အလယ်ခုလပ် ၊ အောက် ဆိုပြီး အမျိုးမျိုးရှိပါသေး တယ်… သုံးဆယ့်ခုနှစ်မင်းကို လိုသလို အတိုက်ပညာမှာ လည်း သုံးသလို ခုခံကာကွယ်ရေးပညာ ၊ စောင့်ရှောက်ရေး ပညာရပ်တွေမှာလည်း အသုံးပြု ကြပါတယ်…မတည့်သူတွေ ကို မတည့်အောင် အစီအရင်နဲ့ပြု လုပ်ပြီး အတိုက်ဖြစ်အောင် ပြု လုပ်ကြတော့ ခံရတဲ့သူက ဘာမှမသိပဲ ခံလိုက်ရတာပေါ့… ပညာရပ်တွေက ကျယ်ပြန့်နက်နဲတယ် ညီလေး…လောကမှာ ကိုယ်မသိနိုင်တဲ့ ပညာရပ်အစွမ်းတွေက အများကြီးပါ…”

“ဟုတ်ကဲ့ပါ ဆရာ…” “အေး…အေး……နောက်မှ တွေ့ကြတာပေါ့…” “ဟုတ်ကဲ့ပါ ဆရာ…” “အခုလို အပင်ပန်းခံ စာစီပို့ပြီး ပြောပြပေးတဲ့အတွက် ကျေးဇူး နော်…” “ရပါတယ်ဆရာ…ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ် ” “နောက်မှ တွေ့ကြမယ် ” “ဟုတ်ကဲ့ပါ ဆရာ….” အဲဒီနောက်တွင် ကျနော့်မှာ တွေးစရာ ၊ ရေးစရာများစွာ ကျန်ခဲ့လေတော့သည် ။ ဪ…လောက လောက…ဟုသာ ရွတ်ဆိုနေမိတော့လေသည် ။ အိမ်တွင်းအတိုက်ကား ကြောက်မက်ဖွယ်ရာ ကောင်းလေစွတကား…ဟု တွေးရင်း… အခု အဖြစ်အပျက်ကို ပြောပြပေးသော ညီလေး ပြည့်ဇော်အေး ခေါ် ရာဇာအား ကျေးဇူးတင်ပါကြောင်း။ (မင်းကံစည်ဝင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page