အိမ်ခြေပေါင်း တသောင်းနဲ့ ကျောင်းပေါင်းတထောင် နစ်မြုပ်နေတဲ့ နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်း

အိမ်ခြေပေါင်း တသောင်းနဲ့ ကျောင်းပေါင်းတထောင် နစ်မြုပ်နေတဲ့ နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်သည် ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၏ သမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီး အနီးဝန်းကျင်တစ်ဝိုက်တွင် ထူးခြားအံ့ဖွယ် ကျောက်မောင်းတောင်တော်စေတီ၊ ရှေးဟောင်း ပျော်တောင်ဘုရား၊ ဂျိုးတောင် တောင်မကြီးဘုရား၊ တော်ရှောဘုရား၊ မော်နိုင်းကျောင်းတိုက် ရွှေကူကုန်းမြေ၊ ကျောက်လှုပ်လဲ့စေတီ၊ ကင်းကန်တောင် ဆုတောင်းပြည့် စေတီတော်၊ ကင်းမြင်သာကန်စသည့် ဒေသန္တရခရီးသွားလေ့လာလည်ပတ်၊ ဖူးမြော်ကြည်ညိုဖွယ် နေရာများစွာ ရှိပါတယ်။

ယခုအခါ ထိုနေရာများအပြင် တောတောင်ရှုခင်းများနှင့် လေ့လာလည်ပတ်ဖူးမြော်ကြည်ညိုစရာ တစ်ခုထွက်ပေါ်လာသည့် ရှေးနှစ်ပေါင်းများစွာက မောင်ပျင်း (ခေါ်) စောနန္ဒဘုရင် တည်ထားခဲ့သော အိမ်ခြေပေါင်းတစ်သောင်း၊ ကျောင်းပေါင်းတစ်ထောင်ရှိ မြို့ကြီးကို နတ်ဖွက်ထားခဲ့သည် ဟုဆိုကြသည့် နတ်မြို့ (ခေါ်) ကျောက်မြို့ဟောင်းကြီးပင် ဖြစ်ပါတယ်။

အဆိုပါနတ်မြို့(ခေါ်)ကျောက်မြို့ဟောင်းကြီးသည် ဝန်းသိုမြို့နယ်အဆုံး ပင်လည်ဘူးမြို့နယ်နှင့် ထိစပ်နေသည့် အောင်းပင်ကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာ ဝိန်ဘာတောင်တွင် တည် ရှိသည်။ ကျောက်ဆောင်ကျောက်တံတိုင်းကြီးများနှင့် တစ်မိုင်ပတ်လည်ခန့် ကာရံထားပြီး မြို့ဝင်ပေါက် (၄) ခုရှိပါတယ်။

ထို့အပြင် ထူးခြားသည့် ကျောက်စေတီ၊ ကျောက်မဏ္ဍပ်၊ ယမ်းထောင်းသော ကျောက်ဆုံ၊ ကျောက်ကျည်ပွေ့၊ ကျောက်အမြောက်၊ နတ်ရေကန်၊ ဥစ္စာတိုက်၊ ကျောက်လှေ၊ ကျောက်ထိုင်ခုံ၊ နှစ်ပေါင်း(၅၆) နှစ်ရှိ စူဠာမုနိစေတီတော်၊ ကျောက်ဘီလူး၊ ကျောက်ဟင်္သာ၊ ကျောက်နံရံကြီးများ၊ နတ်ခြေရာများ၊ ကျောက်မျှော်စင် စသည့်နေရာများကို လေ့လာဖူးမြော်ရမည်ဖြစ်ပြီး ကျောက်မျှော်စင်မှ ပင်လည်ဘူး နယ်ကွင်း၊ မိုင်းသုံကွင်း၊ ဂျိုးတောင်ကွင်း၊ အောင်းပင်အုပ်စုကွင်းတို့၏ သဘာဝတောတောင်ရှုခင်းများနှင့် သစ်ရိပ်၊ ဝါးရိပ်ဖြင့် စိတ်အေး ချမ်းသာစွာ ကြည့်ရှုခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

အဆိုပါ နတ်မြို့(ခေါ်)ကျောက်မြို့ဟောင်းသို့ ရပ်ဝေးရပ်နီးမှ ခရီးသွားလေ့လာကြမည်ဆိုလျှင် ဝန်းသို-ကျောက်မြောင်း- ကွန်းပေါင်း- လက်ပံကျင်း- အောင်းပင်ရွာထိ ၁၂မိုင်ခန့် ကား/ဆိုင်ကယ် များဖြင့် လည်းကောင်း၊ အောင်းပင်ရွာမှ ကျောက်မြို့ဟောင်းထိ (၃)မိုင်ခန့် ခြေလျှင်ဖြင့်လည်းကောင်း ဆိုင်ကယ်ဖြင့် လည်းကောင်းသွားရောက်လေ့လာနိုင်ကြပြီး လမ်းတစ်လျှောက်တွင်လည်း သစ်ရိပ်၊ ဝါးရိပ်များ၏ တောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page