ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံစစ်ပွဲ (သို့) တရုတ်-အိန္ဒိယ နယ်မြေလုပွဲ နောက်ခံသမိုင်း
“ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံစစ်ပွဲ (သို့) တရုတ်-အိန္ဒိယ နယ်မြေလုပွဲ”
၁၉၆၂ တွင် ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံနှစ်နိုင်ငံ စစ်မက်ဖြစ်ပွားခဲ့သည်။ တရုတ် – အိန္ဒိယ စစ်ပွဲကြောင့် လူ ၂၀၀၀ အသက် ဆုံးရှုံးခဲ့ပြီး မီတာ ၄၂၇၀ (ပေ ၁၄၀၀၀) ပင်လယ်ရေမျက်နှာပြင်အထက် ခက်ခဲကြမ်းတမ်း တောတောင်ထူထပ်သော ကာရာကိုရမ် တောင်တန်းတွင် အနိုင်လုခဲ့ကြသည်။
“စစ်ပွဲ နောက်ခံသမိုင်း”
နှစ်နိုင်ငံအကြား နယ်စပ် အငြင်းပွားမှုမှာ အိန္ဒိယ နှင့် တရုတ်အကြား ဖြစ်သော ၁၉၆၂ စစ်ပွဲ၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ပေါ်တူဂီနိုင်ငံထက် အနည်းငယ် ပိုကြီးသော ထိုဒေသကို သူတို့ ထိန်းချုပ်သည့် ကက်ရ်ှမီးယားအပိုင်းမှ ပိုင်ကြောင်း အိန္ဒိယ က ခိုင်ခိုင်မာမာ ပြောဆိုပြီး တရုတ်က ထိုဒေသမှာ ရှင်ကျန်းပြည်နယ် အစိတ်အပိုင်း ဖြစ်ကြောင်း တုံ့ပြန်သည်။
အငြင်းပွားရခြင်း အဓိက ရေသောက်မြစ်ကို ပြန်ကြည့်လျင် ၁၉ရာစု အလယ် အင်ဒီးယားကို အုပ်ချုပ်သော ဗြိတိသျ နှင့် ကွင်တရုတ်နိုင်တို့ မိရိုးဖလာ ရှိထားသည့်အတိုင်း တိုင်းပြည်နှစ်ခုအကြား နယ်စပ်သတ်မှတ်ရန် သဘောတူခဲ့ခြင်းမှ ဖြစ်သည်။ ၁၈၆၄ အထိ ကာရာကိုရမ် တောင်ကြား နှင့် ပန်ဂွန် ရေကန် အနီး အစိတ်အပိုင်းများသာ သတ်သတ်မှတ်မှတ် ခွဲထားပြီး ကျန်နယ်စပ်မှာ တရားဝင် နယ်စပ်မျဉ်း ပိုင်းခြားမှု မရှိပေ။
၁၉၆၅ တွင် ကက်ရ်ှမီးယား နယ်မြေအတွင်းရှိ Aksai ချင်း သုံးပုံတပုံ ပါဝင်သော ဂျွန်ဆင် နယ်စပ်မျဉ်းကို ဗြိတိသျှတို့ ရေးဆွဲခဲ့သည်။ ရှင်ကျန်းနယ်မှာ ထိုအချိန်တွင် ပီကင်း ထိန်းချုပ်မှုအောက် မရှိတော့သဖြင့် ဗြိတိသျှတို့က တရုတ်နှင့် နယ်စပ်မျဉ်း ပိုင်းခြားသတ်မှုကို တိုင်ပင်ခြင်း မရှိခဲ့ပါ။ သို့ပေမယ့် တရုတ်က ရှင်ကျန်းနယ်ကို ၁၈၇၈ တွင် ပြန်လည် သိမ်းပိုက်လိုက်သည်။ တရုတ်တို့ နည်းနည်းခြင်း ရှေ့တိုိးကာ ၁၈၉၂တွင် နယ်စပ်မျဉ်း ကိုရာကိုရမ် တောင်ကြားသို့ ရောက်လာပြီး အရှိုချင်းဒေသ ရှင်ကျန်းနယ်သို့ လျင်မြန်စွာ ပြန်ရောက်သွားသည်။
ကာကိုရမ် တောင်တန်းတလျောက် နယ်မြေကို ပိုင်းခြားသော မက်ကာနေ-မက်ဒေါ်နယ်လ် နယ်ခြားလိုင်းကို ၁၈၉၉ ခုနှစ်တွင် ဗြိတိသျှတို့ ထပ်မံ အဆိုပြုခဲ့ပြီး အိန္ဒိယအား ပိုမိုကြီးမားသော ဝေစု ပေးခဲ့သည်။ အိန္ဒိယကို အုပ်ချုပ်သော ဗြိတိသျှတို့ အင်ဒူမြစ် ရေဝပ်ဒေသကို ထိန်းချုပ်မည် ဖြစ်ပြီး တရုတ်က တာရင်မ်မြစ် ရေဝပ်ပိုင်းကို ရယူသည်။ ဗြိတိသျှတို့ ပေကျင်းသို့ ပေးပို့သော အဆိုိပြုချက်နှင့် မြေပုံကို တရုတ်မှ ပြန်ကြားခြင်း မပြုခဲ့။ အဲဒီအချိန်အတွက်တော့ နှစ်ဖက်စလုံးမှ နယ်ခြားစည်း သတ်မှတ်ချက် သဘောတူခဲ့ကြသည်။
ဗြိတိသျှ နှင့် တရုတ် နှစ်ဖက်စလုံး မတူညီ ကွဲပြားသော နယ်ခြားစည်းမျဉ်းကို အပြန်အလှန် အသုံးပြုခဲ့ပြီး ထိုဒေသဟာ များသောအားဖြင့် လူနေထိုင်မှုကင်းမဲ့ကာ ရာသီချိန် ကုန်သွယ်မှု လမ်းကြောင်းအဖြစ်သာ အသုံးပြုရသောကြောင့် ဘယ်ဖက်ကမှ စိုးရိမ်ပူပန်မှု ကြီးကြီးမားမား မရှိခဲ့ပေ။
တရုတ်အတွက် ပြည်တွင်းစစ် စတင်မည့် ၁၉၁၁ တွင် အဆုံးသတ်သော ကွင်မင်းဆက် နဲ့ နောက်ဆုံး အင်ပါယာ ကျဆုံးခန်းတို့မှာ ပိုစိုးရိမ် ပူပန်စရာ ဖြစ်နေသည်။ ဗြိတိန်မှာလည်း မကြာခင် ပထမကမ္ဘာစစ်နှင့် ရင်ဆိုင်ရတော့မည်။ ၁၉၄၇ မှာ အင်ဒီးယား လွတ်လပ်ရေးရပြီး အိန္ဒိယ တိုက်ငယ် မြေပုံများ ပြန်လည်ရေးဆွဲပေမဲ့ Aksai ချင်းအရေး ပြေလည်မှုမရှိ ကျန်ရစ်သည်။ တရုတ်ပြည်တွင်းစစ်မှာ မော်စီတုံး နဲ့ ကူမြူနစ်များ အနိုင်မရခင် ၁၉၄၉ ခုနှစ် တိုင်အောင် နောက်ထပ်၂နှစ် ဆက်ဖြစ်နေခဲ့သည်။
၁၉၄၇ခုနှစ် ပါကစ္စတန်နိုင်ငံ တည်ထောင်မှု၊ ၁၉၅၀ခုနှစ် တရုတ်ရဲ့ တိဘက်ကို ကျူးကျော်ပြီး နိုင်ငံအစိတ်အပိုင်းအဖြစ် သွပ်သွင်းမှု၊ အင်ဒီးယားမှ ပိုင်ဆိုင်သည်ဟု ကြေငြာသော နယ်မြေမှတဆင့် ဇင်ကျန်း နှင့် တိဘက်ကို ဆက်သွယ်သည့် ကားလမ်းဖေါက်လုပ်မှုတို့က ပြသနာကို ပိုရှုပ်ထွေးစေသည်။ နောက်တကြိမ် တရုတ်တို့၏ ကျူးကျော်စီးနင်းမှုအပြီး တိဘက် ဘာသာရေး နှင့် နိုင်ငံရေး ခေါင်းဆောင် ဒလိုင်လားမား ပြည်ပ ထွက်ပြေးတိမ်းရှောင် သွားချိန် ၁၉၅၉ခုနှစ်တွင် ဆက်ဆံရေးမှာ အနိမ့်ဆုံး ရောက်ရှိခဲ့သည်။ အင်ဒီးယား ဝန်ကြီးချုပ် ဂျာဝါဟာလာ နေရူး မလုပ်ချင်လုပ်ချင်နှင့် ဒလိုင်လားမားအား အိန္ဒိယ တွင် အခြေစိုက်နေထိုင်ခွင့် ပြုခဲ့ခြင်းဖြင့် မော်အား အကြီးအကျယ် စိတ်ဆိုးဒေါသ ထွက်စေသည်။
၁၉၅၉ နောက်ပိုင်း အငြင်းပွားနေသော နယ်စပ်မျဉ်းတလျောက် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။ ထောက်ပံ့ရေး လမ်းကြောင်းကို ဖြတ်တောက်ဖို့ တရုတ်မြောက်ပိုင်း နေရာများအား စောင့်ကြပ် ကင်းလှည့်မည့် နယ်စပ် ရှေ့တန်းစခန်းများ တည်ဆောက်ရန် ကြိုးပမ်းသော ရှေ့သို့ ပေါ်လစီကို ၁၉၆၁ ခုနှစ်တွင် နေရူး အသက်သွင်းသည်။ တရုတ်တို့မှ ငြင်ငြင်သာသာ တုံ့ပြန်ခဲ့ပြီး တဖက်နှင့်တဖက် တိုက်ရိုက် ရင်ဆိုင်မှု မလုပ်ဘဲ ရန်စောင်နေကြသည်။
၁၉၆၂ နွေ နှင့် ဆောင်းဦး ရာသီတွင် Aksai ချင်းဒေသ၌ နယ်စပ် ပြသနာ ပိုဖြစ်လာသည်။ ဂျွန်လတွင် တရုတ်စစ်သား နှစ်ဆယ်ကျော် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။ ဂျူလိုင်လတွင် အိန္ဒိယက သူ့စစ်တပ်အား မိမိကိုယ်မိမိ ခုခံကွာကွယ်ရုံတင်မက တရုတ်တို့အား ပြန်လည်မောင်းထုတ်ရန် ပစ်ခွင့်ပြုလိုက်သည်။ Zhou Enlai မှ နေရူးအား တရုတ်မှ စစ်ပွဲ မဖြစ်ချင်ကြောင်း လူကိုယ်တိုင် အာမခံ ပြောထားပေမယ့် အောက်တိုဘာလတွင် တရူတ်ပြည်လွတ်မြောက်ရေးတပ်မတော် (ပီအယ်လ်အေ) စစ်တပ် နယ်စပ်တလျောက် စုရုံးလာသည်။
၁၉၆၂ အောက်တိုဘာ ၁၀ တွင် ပထမအကြိမ် အကြီးအကျယ် တိုက်ပွဲ ဖြစ်ပြီး အိန္ဒိယ စစ်သား ၂၅ဦး နှင့် တရုတ် စစ်သား ၃၃ ဦး ကျဆုံးသည်။ အောက်တိုဘာ ၂၀ တွင် Aksai ချင်းဒေသမှ အင်ဒီးယားအား မောင်းထုတ်ရန် ပီအယ်လ်အေ တရုတ်တပ် စစ်မျက်နှာ နှစ်ဖက်ဖွင့် တိုက်သည်။ နှစ်ရက်အတွင်း နယ်မြေတခုလုံးအား တရုတ်မှ သိမ်းပိုက်ခဲ့သည်။ နယ်စပ်ထိန်းချုပ်မျဉ်း တောင်ဖက် ဆယ်မိုင်သို့ တရုတ် ပီအယ်လ်အေတပ်များ အောက်တိုဘာ ၂၄တွင် ရောက်ရှိသည်။ သုံးပတ်ကြာ အပစ်အခတ် ရပ်စဲချိန်အတွင်း တရုတ်တပ်များ သူ့တို့နေရာ ထိန်းထားရန် Zhou Enlai အမိန့်ပေးခဲ့ပြီး နေရူးထံ ငြိမ်းချမ်းရေး အဆိုပြုချက် ပေးပို့သည်။ ။
တရုတ် အဆိုပြုချက်မှာ နှစ်ဖက်တပ် ထိတွေ့မှု မရှိတော့ပဲ လက်ရှိ နေရာများမှ ကီလိုမီတာ နှစ်ဆယ် နောက်ဆုတ်ရန် ဖြစ်သည်။ တရုတ်တပ်များသာ သူတို့ မူလ နေရာသို့ ပြန်လည်ဆုတ်ခွာပေးရန် နေရူးမှ တုံ့ပြန်ပြီး ပိုကျယ်ပြန့်သော စစ်မဲ့ဇုံ ထားရန် နေရူးမှ တောင်းဆိုသည်။ ၁၉၆၂ နိုဝင်ဘာ ၁၄ တွင် Walong ဝါလောင်ရှိ တရုတ်စခန်းကို အင်ဒီးယားတို့ တိုက်ခိုက်ခြင်းဖြင့် စစ်ပွဲ ပြန်လည်စတင်သည်။
နောက်ထပ် ရာပေါင်းများစွာ သေဆုံးပြီးနောက် အိန္ဒိယမှ အမေရိကန်တို့ ဝင်ကူမည့် သတိပေးချက်ကြောင့် နိုဝင်ဘာ ၁၉တွင် နှစ်ဖက်စလုံးမှ အပစ်အခတ် ရပ်စဲရေး တရားဝင် ကြေငြာခဲ့သည်။ တရားမဝင် သတ်မှတ်ထားသော မက်မာဟွန် နယ်စပ်မျဉ်း မြောက်ဖက်သို့ လက်ရှိလနရာမှ ၄င်းတို့ ဆုတ်ခွာမည်ဟု တရုတ် ကြေငြာသည်။ သို့သော်လည်း တောင်တန်းများထဲ ပိတ်မိနေသည့် တပ်များ အပစ်အခတ် ရပ်သည့်သတင်းကို ရက်ပေါင်းများစွာကြာသည်အထိ မကြားသိဘဲ နောက်ထပ် ပစ်ခတ်မှုများ လုပ်နေခဲ့ကြသည်။
စစ်ပွဲသည် တစ်လလောက် ကြာမြင့်ခဲ့ပြီး အိန္ဒိယ စစ်သား ၁၃၈၃ ယောက် နှင့် တရုတ် စစ်သား ၇၂၂ ယောက် ကျဆုံးသည်။ နောက်ထပ် အိန္ဒိယ ၁၀၄၇ ဦး နှင့် တရုတ် ၁၆၉၇ ဦး ဒဏ်ရာရပြီး အင်ဒီးယား စစ်သား လေးထောင်နီးပါး အဖမ်းခံရသည်။ ထိခိုက်ကျဆုံးမှု အများအပြားမှာ ရန်သူ ပစ်ခတ်မှုထက် ပေ ၁၄၀၀၀ အမြင့် ပြင်းထန်ဆိုးရွားသော ရာသီဥတု အခြေအနေကြောင့် ဖြစ်သည်။
ဆေးဝါးကုသမှု အချိန်မှီ မပေးနိုင်ခင် ရာသီဥတုဒဏ်ကြောင့် ဒဏ်ရာရ နှစ်ဖက်စစ်သားများ သေဆုံးကုန်သည်။ အဆုံးမှာ Aksai ချင်းဒေသကို ထိန်းချုပ်ခွင့် တရုတ် လက်ဝယ် ရရှိသွားသည်။ ဝန်ကြီးချုပ်နေရူးမှာ ပြည်တွင်း၌ တရုတ်ကို ကျူးကြော်မှုကို သူ၏ အင်အားမသုံး ငြိမ်းချမ်းစွာ ဖြေရှင်းမှု နှင့် တရုတ် တိုက်ခိုက်မှု မတိုင်ခင် လုံလောက်သော ပြင်ဆင်မှု ကင်းမဲ့မှုကြောင့် အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။
ဦးကြောင်ကြီး (မန္တလေးဂေဇက်)