နဝကမ္မနဲ့ ငွေကို ကွဲကွဲပြားပြား မသိသူများနှင့် ဗုဒ္ဓသာသနာ အထွန်းကားဆုံး မြန်မာပြည်

နဝကမ္မနဲ့ ငွေကို ကွဲကွဲပြားပြား မသိသူများနှင့် ဗုဒ္ဓသာသနာ အထွန်းကားဆုံးပါ ဆိုတဲ့ မြန်မာပြည်…

အခုတလော မြောက်ဦးမှာ ဘုရားဖူးခရီးသည် အနည်းငယ်တွေ့လာရတယ်။ ရခိုင်မှာ စစ်ပွဲတွေငြိမ်သက်နေတာကြောင့် ဖြစ်မယ်ထင်တယ်။ ဘုရားဖူးခရီးသည်အများစုက သဒ္ဓါပြဌါန်းပြီး သွားကြတဲ့သူတွေမို့ ဒါနပြုဖို့ကတော့ ဝန်မလေးကြသူတွေများပါတယ်။

ဒီနေ့ ကျောင်းကနေ မြို့ထဲ ဆွမ်းခံသွားတော့ လောင်ပန်းပြောက်စေတီအနီးမှာ ဘုရားဖူးတစ်ချို့နဲ့ဆုံတယ်။ မိမိတို့အစုက စီတန်းပြီး ဆွမ်းခံသွားတာမို့ ကြည်ညိုလို့ထင် ဘုရားဖူးထဲကတစ်ယောက်က နဝကမ္မငွေ လှူလို့ရပါသလားလို့ လျောက်တယ်။ ဆွမ်းခံထွက်နေချိန်မို့ အထူးအထွေ တရားဟောမနေတော့ပါဘူး။ ငွေအလှူမခံဘူးလို့သာ ပြောခဲ့တယ်။ မြို့ထဲကို ဆွမ်းခံကြွချိန်မှာလည်း ဆွမ်းအလှူရှင်တစ်ယောက် ငွေလှူဖို့ပြင်တယ်။ ငွေကို အလှူမခံဘူးဆိုတော့ နည်းနည်းတွေတွေလည်း ဖြစ်သွားတာတွေ့တယ်။ သူတို့က ရဟန်းတွေကို ငွေလှူနေကျဖြစ်နေတာမို့ ငွေအလှူမခံတဲ့ရဟန်းကို အခုမှ မြင်ဖူးသလိုဖြစ်သွားတာတွေ့တယ်။ ဆွမ်းခံချိန်မို့ ဝိနည်းအကြောင်းတွေလည်း ဘာမှဟောမပြခဲ့တော့ဘူး။

ပြဿနာက နဝကမ္မနဲ့ငွေကို လူတွေရှင်းရှင်းလင်းလင်း မသိတာဖြစ်ပါတယ်။ ပိုဆိုးတာက ရဟန်းအချို့ကပါ နဝကမ္မနဲ့ ငွေကို ကွဲကွဲပြားပြားမသိတာပါ။ လူအများရော ရဟန်းအချို့ကပါငွေကိုဘဲ နဝကမ္မလို့ နားလည်ထားကြတာများတယ်။ သံယုတ္တနိကာယ်ထဲက မဏိစူဠကသုတ်မှာ ငွေကိုမည်သည့်နည်းပရိယာယ်နဲ့လှူလှူ အလှူခံဖို့ ခွင့်မပြုဘူးလို့ ဘုရားဟောခဲ့တယ်။ ငွေကို ရဟန်းတွေ အလှူခံကောင်းရင် ကာမဂုဏ် ၅ပါး (မိန်းမ) ကိုလည်း အလှူခံနိုင်တယ်။ အဲဒါဆိုရင် ရဟန်းသဘောမဟုတ်တော့ဘူး။ ဘုရားသားတော်မဟုတ်တော့လို့ ပြင်းပြင်းထန်ထန် သတိပေးထားခဲ့တယ်။

ငွေကို ရဟန်းတွေ အလှူမခံရဘူးဆိုတာ မသိတဲ့ ရဟန်းမရှိဘူး။ အဲဒီငွေကိုဘဲ နဝကမ္မဆိုပြီး ရဟန်းအများစု အလှူခံနေကြတယ်။ လှူတဲ့သူတွေကလည်း ငွေကို နဝကမ္မဆိုပြီး လှူနေကြတယ်။ နဝကမ္မဆိုတာ ငွေကိုပြောတာမဟုတ်ဘူး။ နဝကမ္မဆိုတာ ငွေနဲ့ဝယ်လို့ ဖြစ်လာမယ့် ဆွမ်း သင်္ကန်း ဆေး ကျောင်း ပစ္စည်း (၄) ပါးကိုပြောတာပါ။

မြတ်စွာဘုရားက ရဟန်းတွေကို ပစ္စည်းလေးပါး အလှူခံဖို့ခွင့်ပြုတယ်။ ငွေကို အလှူခံဖို့ခွင့်မပြုဘူး။ ဗုဒ္ဓသာသနာအထွန်းကားဆုံးပါဆိုတဲ့ ဒီနိုင်ငံမှာ ငွေနဲ့နဝကမ္မကိုတောင် ကွဲကွဲပြားပြား နားလည်သူနည်းနေတာ ဘယ်သူ့ကိုသွားပြီးအပြစ်တင်ရမလဲ။

(မှတ်ချက်။ စာရေးဖို့ အချိန်မရလို့ ကျမ်းကိုတွေနဲ့ ဝေဝေဆာဆာ မရေးလိုက်တော့ပါ)။

အရှင်ဂါရဝ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page