လူတွေကြောင့် သဘာဝ အရံအတားတွေ ပျောက်ကွယ်သွားမှုနှင့် မြစ်ရေကြီးခြင်း နောက်ကွယ်
မြစ်ကမ်းဘေးနေထိုင်တဲ့ လူတွေအတွက် မြစ်ရေကြီးမှုကနေ ကာကွယ်ပေးဖို့ သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ အရံအတားတွေရှိပါတယ် ။ အဲဒါတွေကတော့ မြစ်ကမ်းဘေးတလျှောက် နဲ့ မြစ်ကမ်းဘေးအတွင်းပိုင်းက အင်းတွေ၊ အိုင်တွေ၊ ရေဝပ်ဧရိယာအနိမ့်ပိုင်းတွေပါပဲ..
မြစ်ရေမြင့်တက်လာပြီ ဆိုရင် ပုံမှန်အားဖြင့် မြစ်ကမ်းဘေးက အင်းတွေ၊ အိုင်တွေ၊ ရေဝပ်ဧရိယာတွေထဲ မြစ်ရေ ပထမ စဝင်ပါတယ်…
အဲဒီနေရာတွေ ရေပြည့်သွားပြီဆိုမှ ကျန်တဲ့နေရာတွေ မြို့ဧရိယာတွေထဲကို ရေဝင်တာပါ.. တော်ရုံမြစ်ရေကြီးတာလောက်ဆိုရင် အဲဒီနေရာတွေ ရေပြည့်သွားတဲ့အချိန်မှာ မြစ်ရေလည်းပြန်ကျသွားပါတယ်…
ပြောရရင် မြစ်ကမ်းဘေး တစ်လျှောက်က အင်းတွေ၊ အိုင်တွေ၊ ရေဝပ်ဧရိယာအနိမ့်ပိုင်းတွေဟာ မြစ်ရေကြီးခြင်းကိုကာကွယ်ပေးတဲ့ လူတွေသတိမထားမိကြတဲ့ သဘာဝဒိုင်းကြီးပါ…
အဲဒီ သဘာဝဒိုင်းကြီးတွေဖြစ်တဲ့ အင်း၊ အိုင်တွေနဲ့ ရေဝပ်ဧရိယာတွေဟာ မြစ်ကမ်းဘေးနေထိုင်တာချင်း အတူတူ မြစ်အောက်ပိုင်းလူတွေအတွက် ပိုပြီးတန်ဖိုးကြီး၊ အကျိုးရှိပါတယ်…
ဘာကြောင့်လဲဆိုရင် မြစ်ရေကြီးလာရင် မြစ်ကမ်းဘေး တလျှောက် နေထိုင်တဲ့ လူတွေ အားလုံး မြစ်ရေကြီးမှုကို ခံစားရတယ်ဆိုပေမယ့် မြစ်ဖျားပိုင်းဟာ အမြင့်ပိုင်းကြတာ၊ တောင်ကုန်းတောင်တန်းတွေ ရှိတာကြောင့် မြစ်ဖျားပိုင်းမှာနေတဲ့လူတွေအတွက် မြစ်ရေဝင်လာရင် ပြောင်းရွှေ့နေထိုင်စရာ နေရာ ရှိပါတယ် ။
မြစ်အောက်ပိုင်းမှာကြတော့ တောင်ကုန်းတောင်တန်း မရှိပဲ၊ မြေပြန့်လွင်ပြင် သာဖြစ်တဲ့ အတွက် မြစ်ရေလွှမ်းရင် ရှောင်ပြေးစရာနေရာ မရှိပါဘူး…
ဒါကြောင့်လည်း သဘာဝတရားကြီးက မြစ်အောက်ပိုင်းနေတဲ့ လူအတွက် မြစ်အောက်ပိုင်းမှာ မြစ်ရေဝင်ဖို့နေရာ အင်း၊ အိုင်တွေ၊ ရေဝပ်ဧရိယာတွေကို မြစ်အထက်ပိုင်းထက် ပိုများများ ဖန်တီးပေးခဲ့တာပါ ။။
ဒါပေမယ့် အခုနောက်ပိုင်းမှာ လူဦးရေထူထပ် သိပ်သည်းလာမှုကြောင့်၊ အိမ်ယာ စီမံကိန်းတွေကြောင့် စတဲ့ အကြောင်းရင်း တွေကြောင့် အင်း၊ အိုင်တွေ၊ ရေဝပ်ဧရိယာတွေကို မြေဖို့ပြီး လူနေအိမ်တွေဆောက်ပစ်တဲ့အခါ မြစ်ရေဝင်စရာနေရာမရှိတော့ ပါဘူး…
အဲဒီအခါ မြစ်ရေက သူစီးဝင်လို့ရတဲ့ အနိမ့်ပိုင်းနေရာ၊ မြေသားခိုင်ခန့်မှု အားနည်းတဲ့နေရာတွေကို ဝင်ရောက်တိုက်စားတာတွေဖြစ်လာပါတယ် ။ အဲဒီကနေတဆင့် မမျှော်လင့်ထား တဲ့ ရေဘေးအန္တရာယ်တွေ တွေ့ကြုံရတော့ပါပဲ ။
မြန်မာနိုင်ငံ မြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်ဖျားပိုင်းတွေမှာ သစ်ခိုးထုတ်တာ၊ သတ္တုတူးဖော်တာတွေကြောင့် မြစ်အထက်ပိုင်းဧရိယာတွေက ရေဝေရေလဲ သစ်တောတွေပြုန်းတီးပြီး မိုးရေ ၊ တောင်ကျရေနဲ့ မြစ်ရေတွေကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့ပါဘူး…။
ဒါကြောင့် မြစ်အထက်ပိုင်း မှာရေကြီးရင် အဲဒီကရေတွေဟာ မြစ်အောက်ပိုင်း ကို အထိန်းအကွပ် မရှိ ရောက်လာမှာပါ…
အဲဒီအချိန်မှာ မြစ်အောက်ပိုင်းကလည်း သူတို့ရဲ့ သဘာဝဒိုင်းတွေ၊ အရံအတားတွေကို သူတို့ကိုယ်တိုင် ချိုးဖျက်၊ ဖျက်ဆီးထားမယ်ဆိုရင် မြစ်ရေကြီးမှုဖြစ်စဉ်ကို တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ဆိုးဆိုးရွားရွားခံစားကြရမှာ ပါပဲ…
(Phay Nyein)