ကွန်ကရစ် ကြမ်းပြင်ပေါ်မှာ မျက်နှာတွေ သူ့အလိုလိုပေါ်လာသည့် ထူးဆန်းတဲ့ အိမ်ကြီး

ကွန်ကရစ် ကြမ်းပြင်ပေါ်က မျက်နှာတွေ…

ရုတ်တရက် ကွန်ကရစ်မီးဖိုချောင်ကြမ်းပြင်ပေါ်မှာ မျက်နှာကြီး…။ မာရီယာ (María Gómez Cámara) ဟာအလွန်ပဲ ကြောက်လန့်သွားတယ်..။

အသေအချာ ထပ်ကြည့်လိုက်တယ်…။ တကယ့်မျက်နှာ ထင်းထင်းကြီး… တစ်ယောက်ယောက်က ပုံဆွဲလိုက်သလို…။

မာရီယာ နေတဲ့ Bélmez de la Moraleda ကျေးရွာအုပ်စုလေးဟာ သံလွင်ပင်တွေ အများကြီးရှိတဲ့ တောတွေရဲ့ အကြားမှာ ပုန်းနေသလို ..။ ရှာဖို့တော်တော် ခက်တဲ့နေရာလေး..။ စပိန်နိုင်ငံတောင်ပိုင်းက တောင်စောင်းတစ်လျှောက် ကားမောင်းကြည့်ရင် သံလွင်ပင်တွေ၊ သံလွင်သီးတွေ ဝေဝေဆာဆာတွေ့ရမယ်..။

နေရောင်ခြည်အောက်က အဲဒီ တောတောင်တွေရဲ့ ဆင်ခြေလျှောမှာ အဖြူရောင် အင်္ဂတေအဆောက်အဦတွေရှိတဲ့ ကျေးရွာအုပ်စုလေးတစ်ခုကို တွေ့ရလိမ့်မယ်။ သီးခြား အေးဆေးလှတဲ့ ကျေးရွာအုပ်စုက လူတွေ ဒီသတင်းကိုကြားရတော့ အလွန်ကြောက်ရွံ့သွားကြတယ်..။ ဒါဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ နိမိတ်လက္ခဏာ တစ်ခုလေလား…။

ကြမ်းပြင်ပေါ်က မျက်နှာတွေကို မာရီယာစတွေ့တာ ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ဖြစ်တယ်..။ အဲဒီတုန်းက မာရီယာ့ အသက် ၃၃ နှစ်ပေါ့..။

မာရီယာရဲ့ ခင်ပွန်း (Juan Pereira) နဲ့ သူ့သား မီဂေးလ် (Miguel) တို့ဟာပုဆိန်နဲ့ အဲဒီမျက်နှာကြီးကို ဖျက်ဆီးလိုက်တယ်..။ ပြီးတော့ ကွန်ကရစ်အသစ် လောင်းလိုက်တယ်…။ ကွန်ကရစ်မာသွားတော့ ကြမ်းပြင်ပေါ်မှာမျက်နှာအသစ်ပေါ်လာတယ်…။ သူတို့ အားလုံး အတော်ပဲ တုန်လှုပ်သွားတယ်…။

ဒီသတင်းဟာ Bélmez တောမြို့လေးကို အငြင်းပွားစေတယ်..။ ထိတ်လန့်စေတယ်…။ မြို့တော်ဝန်ဟာ ဒီပြဿနာကို ဖြေရှင်းဖို့ ကြမ်းပြင်ပေါ်က မျက်နှာအသစ်ကိုမဖျက်ဆီးဘဲ ကြမ်းပြင်ကွန်ကရစ်လိုက် ဖြတ်ထုတ်ပြီး ကွန်ကရစ် အတုံးကြီးကိုလေ့လာဖို့ စတင်လိုက်တယ်။ ပြီးတော့ ကြမ်းပြင်ကို ကွန်ကရစ်ပြန်ခင်းတယ်..။

ဒါပေမဲ့ မကြာခင်မှာပဲ အခြားပုံတွေ ဆက်တိုက် ပေါ်လာတော့တာပဲ..။ မျက်နှာတွေက တုန်လှုပ်ချောက်ချားဖွယ်၊ သရဲမျက်နှာတွေလို…။ ကြမ်းပြင်ပေါ် ပိုများလာတယ်..။ မျက်နှာသေးသေးလေးတွေ၊ မျက်နှာကြီးကြီးတွေ…။

မြို့က ထောက်လှမ်းရေးတွေက ရွာဆူအောင်လုပ်တဲ့ မာရီယာတို့ မိသားစုကို အရေးယူဖို့ ဒါဟာ လူလုပ်တာပါလို့ သက်သေပြမယ်ပေါ့..။ ပညာရှင်တွေကတော့ အဲဒီမျက်နှာတွေရဲ့ အရေးပါမှုကို လေ့လာမယ်ပေါ့…။

ရဲထောက်လှမ်းရေးဘက်က ဒီလိုပြောတယ်..။ ကွန်ကရစ်ပေါ် ပထမဦးဆုံး အက်စစ်နဲ့ သုတ်လိုက်တာ…။ ပြီးတော့ ခဲနဲ့စပ်ပြီး ပုံဆွဲထားတာ..။ ဆိုးဆေးတွေဖြစ်တယ်..။ ခရိုမီယမ် နည်းနည်းပဲသုံးထားတယ်..။ ခဲနဲ့ ခရိုမီယမ်ပေါ်မှာ ပုံဆွဲလိုက်တော့ အလင်းထဲမှာ အရောင်သိပ်မပေါ်ဘဲ ဖြစ်နေတာ..။

ဒါဟာ လိမ်လည်လှည့်ဖြားမှု တစ်ခုပဲ…။ ဒါကြောင့် ငါတို့ မြို့တော်ကို နောက်ထပ်ခရီးသွားတွေမလာရလို့ မြို့တော်ဝန်က အမိန့်ထုတ်လိုက်တယ်..။

မာရီယာ မိသားစု .. ဒါဆို အခကြေးငွေ မယူပါဘူး ..ကမ္ဘာလှည့်ခရီးသည်တွေ ဒီမျက်နှာတွေ ကြည့်ခွင့်ပေးပါရစေ.. ခွင့်ပေးပါ .. လို့ တောင်းဆိုတယ်..။ မြို့တော်ဝန်က ငြင်းခဲ့တယ်..။

အဲဒီတော့ သိပ္ပံပညာရှင်တွေက မာရီယာ မိသားစုက ဒီလိုလုပ်တယ်ဆိုရင် အဲဒီနည်းတူပုံတစ်ခုကို ကွန်ကရစ်မှာဆွဲပြပြီး သက်သေပြပါဆိုတော့… ဘယ်သူမှ သက်သေမပြနိုင်..။ ပိုဆိုးတာက အဲဒီမျက်နှာတွေက ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ မျက်နှာအမူအရာပြောင်းသွားလိုက် အမျိုးမျိုးဖြစ်နေကြတာကိုး။

ICV ဆိုတဲ့ စပိန်မှာသာမက ဥရောပက အသိအမှတ်ပြုရတဲ့ နာမည်ကြီး စစ်ဆေးရေးအဖွဲ့က ပညာရှင် တစ်ဦးဖြစ်တဲ့ Carballal က.. “ ဒီကွန်ကရစ်မှာ ဆေးသုတ်ထားတာ၊ ရေးဆွဲထားတာဆိုတာ တစ်ခုမှ မဟုတ်ဘူး… ဒါ ICV analysis” လို့ ထုတ်ပြန်ပြီး အပြတ်ငြင်းလိုက်တယ်..။

စိတ်ပညာယုံကြည်သူတွေ တချို့က ဒီလိုပြောပြန်တယ်..။ ဒါ Psychokinesis လို့ခေါ်တယ်..။ မာရီယာ့စိတ်ထဲကပုံတွေဟာ မာရီယာ ကိုယ်တိုင် ရေးဆွဲခြင်းမရှိဘဲ ကြမ်းပြင်ပေါ် ရောက်သွားတာပဲတဲ့..။

စပိန်ပြည်ထဲရေးဝန်ကြီးဌာန အထိရောက်သွားတယ်..။ ထောက်လှမ်းရေးတွေက ဒီမျက်နှာတွေအကြောင်း အသေးစိတ်လေ့လာဖို့အတွက် ကွန်ကရစ်ဓာတုဗေဒအထူးပြုပညာရှင် အမျိုးမျိုးပါဝင်တဲ့ ကော်မရှင်ကို ဖွဲ့စည်းလိုက်တယ်..။

မာရီယာ မိသားစုကို ၃ လ အခြားတစ်နေရာမှာထားပြီး ကော်မရှင်အဖွဲ့ဟာ အဲဒီအိမ်မှာနေပြီး စောင့်ကြည့်ကြတာပဲ..။ အဲဒီ အဖွဲ့အစည်းကို ဂျော်ဒန် Jordán (Spanish Society of Parapsychology) က ဦးစီးတယ်..။

ဂျော်ဒန် အစီရင်ခံစာမှာ ဒါဟာ အညိုရောင်ရှိသော အရာဝတ္ထုတစ်မျိုးနဲ့ အရောင်ခြယ်ထားတာဖြစ်တယ်..။ ကျပ်ခိုး (အိုးမဲ) နဲ့ ရှာလကာရည်ပေါင်းပြီး ဆွဲထားတာဖြစ်တယ်..။ ဒါကြောင့် အချိန်အနည်းငယ်ကြာမှ ပေါ်လိုက် ပျောက်လိုက်နဲ့ လျှို့ဝှက် ရုပ်ပုံတွေဖြစ်နေတာ..လို့ ဖြေရှင်းပြန်တယ်..။

ဒါပေမဲ့ ကော်မရှင်အဖွဲ့ထဲက တချို့က ဂျော်ဒန်ရဲ့ အစီရင်ခံစာကို သဘောမတူဘူး..။ ကြမ်းပြင်ပေါ်က မျက်နှာတွေဟာ သိပ်ချောက်ချားဖို့ ကောင်းတယ်တဲ့..။

ပထမ တစ်ခုလိုပါပဲ …အဲဒီနည်းတူပုံတစ်ခုကို ကွန်ကရစ်မှာဆွဲပြပြီး သက်သေပြပါဆိုတော့… ဘယ်သူမှ သက်သေမပြနိုင်ပြန်..။

ICV analysis က ကွန်ကရစ်ကို ထပ်ပြီး စစ်တယ်..။ အဖြေက အတူတူပဲ..။ ဒါ ဆွဲထားတဲ့ မျက်နှာတွေမဟုတ်…။ ICV ဟာ စပိန်အမျိုးသားသုတေသနကောင်စီပိုင်တဲ့ ဂုဏ်သိက္ခာရှိသောအဖွဲ့အစည်းတစ်ခုမို့ မငြင်းသာကြ..။

၁၉၉၂ ခုနှစ်မှာ Pilón က နာမည်ကြီး စပိန်မဂ္ဂဇင်း MásAllá မှာ ကွန်ကရစ်မှာပါဝင်တဲ့ ဓာတ်တွေကို ဇယားနဲ့တကွ တရားဝင် ထုတ်ပြန်ခဲ့ပြန်တယ်..။

၂၀၁၄ ခုနှစ်ရောက်တော့ သိပ္ပံပညာတွေ ပိုတိုးတက်လာပြီ..။ ဒီတစ်ခါတော့ investigative journalism TV show က နာမည်သိပ်ကြီးတဲ့ Cuarto Milenio ပရိုဂရမ် က ဒီကိစ္စကို ဆက်ပြန်တယ်..။ အဖြေက ဒီမျက်နှာတွေဟာ တစ်ယောက်ယောက်က ပုံဆွဲထားတာ လုံဝ မဟုတ်ပါဘူး..။ သဘာဝ အလျောက်ပေါ်နေတာဖြစ်တယ်တဲ့…။

ဒါပေမဲ့ nitric, sulfuric, muriatic, acetic acid နဲ့ အခြားဒြပ်စင်တွေ ပေါင်းစည်းရင် ဒီလို ကောက်ကြောင်းတွေဖြစ်လာနိုင်တယ်..။ အဲဒီကောက်ကြောင်းတွေဟာ မျက်နှာပုံစံတွေဖြစ်ရတဲ့ အကြောင်းကတော့ အဖြေမရှိပါတဲ့..။ အဲဒီမျက်နှာတွေဟာ သိပ္ပံပညာနဲ့ နားလည်လို့မရတဲ့ ဖြေရှင်းလို့မရတဲ့ ပုစ္ဆာတစ်ပုဒ်လို…။

လေ့လာသူတွေဟာ ကွန်ကရစ်အောက်ကို နှစ်မီတာအထိ ကျင်းတူးခဲ့ကြတယ်…။ “ဟာ…” လူတွေ အားလုံး ရေခဲရိုက်လိုက်သလို တောင့်တင်းသွားကြတယ်..။ အရိုးတွေ…။ နည်းတာမဟုတ်…။

စာရေးဆရာ Lorenzo Fernandez က faces of Bélmez စာအုပ်ထဲမှာ ဒီလိုရေးထားတယ်..။ “ အံ့သြစရာက သူတို့အရိုးတွေ ရှာတွေ့ခဲ့ပေမဲ့ ဦးခေါင်းခွံတွေ မရှိခဲ့ဘူးဆိုတာပဲ”

အရိုးတွေဟာ စပိန်ပြည်တွင်းစစ်တုန်းက အသတ်ခံရတဲ့ ဂိုမာ မျိုးဆက်တွေ (Gómez’s family) ရဲ့ အရိုးတွေလို့ ခန့်မှန်းရတယ်..။ သူတို့ ဦးခေါင်းတွေ ဘယ်မှာလဲ….?

အဲဒီ အရိုးစုတွေဟာ ကက်သလစ် သင်္ချိုင်းတစ်ခုလေပဲလား…။ အရိုးတွေရဲ့ အသက်က နှစ်ပေါင်း ၇၀၀ ခန့်ရှိပြီလို့ ခန့်မှန်းရတယ်…။ အရိုးတွေဖော်ယူပြီး ကြမ်းပြင်ကို ကွန်ကရစ်အသစ်နဲ့ ထပ်လောင်းလိုက်ကြတယ်…။

ရက်သတ္တပတ် အနည်းငယ်ပဲကြာပါတယ်..။ မျက်နှာတွေ တစ်ခုပြီး တစ်ခုပေါ်လာပြန်တယ်…။ ပိုဆိုးသွားတယ်..။ ပိုများလာတယ်..။ တချို့မျက်နှာတွေဆို နာရီပိုင်းအတွင်း ပြောင်းကုန်တာ…။

တကယ့် အံဩစရာက မာရီယာ (María Gómez) သေသွားပြီးနောက်ပိုင်းပေါ့..။ မာရီယာဟာ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလအသက် ၈၅ နှစ်အရွယ်မှာ သေဆုံးခဲ့တယ်…။ မာရီယာရဲ့ မျက်နှာဟာ ကြမ်းပြင်မှာပေါ်လာတာပဲ…။ ပြီးတော့ မျက်နှာအသစ်တွေ တစ်ခုပြီးတစ်ခု…။

သက်ကြီးရွယ်အိုတွေ၊ ယောကျာ်း မျက်နှာ ၊မိန်းမ မျက်နှာ ၊ကလေးတွေ မျက်နှာ.. ပြီးတော့ မိသားစုတွေ အစုလိုက်…။ အော်ဟစ်နေတဲ့ပုံတွေ၊ ဒေါသဖြစ်နေတဲ့ပုံတွေ….ရေတွက်လို့မရတော့ ဘူး…။ ပျောက်လိုက် ပေါ်လိုက်ကိုး..။

ဒီနေ့အထိ မာရီယာရဲ့ အိမ်ဟာ La Casa de las Caras (The house of the faces) ဆိုပြီး နာမည်ကြီးတယ်..။ ကမ္ဘာလှည့်ခရီးသည်တွေအဖို့ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ အိမ်ပေါ့..။

လိပ်စာ- 5 Real Street, village of Bélmez de la Moraleda, southern province of Jaén

ကြမ်းပြင်ပေါ်မှာ မျက်နှာတွေရှိတယ်…။

မရွှေမိုး (ကိုရီးယား)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page