မြန်မာတနိုင်ငံလုံးမှာ ရေးဆွဲသူအနည်းငယ်သာ ရှိတော့တဲ့ ရှားပါးစာရင်းဝင် ပုလင်းပန်းချီ
မြန်မာတနိုင်ငံလုံးမှာ ရေးဆွဲသူအနည်းငယ်သာ ရှိတော့တဲ့ ရှားပါးစာရင်းဝင် ပုလင်းပန်းချီအကြောင်း…
“ပုလင်းပန်းချီနဲ့ ပြည်မြို့က ပန်းချီဇင်မောင်တာ”
အချင်းတစ်လက်မလောက်သာရှိတဲ့ အဝလေးမှတစ်ဆင့် ပန်းချီစုတ်တံထည့်သွင်းကာ ပုလင်းရဲ့အတွင်းမျက်နှာပြင်ပေါ်မှာ ခက်ရာခဲဆစ် ရေးဆွဲရတဲ့ အနုပညာမျိုးတစ်ခုပါ။ စက္ကူတို့၊ ကင်းဗတ်တို့ပေါ်မှာ ပန်းချီကားရေးဆွဲရသလိုမျိုး မဟုတ်ပါဘဲ ပုလင်းရဲ့ဝေ့ဝိုက်နေတဲ့ မျက်နှာပြင်မှာ စိတ်ရှည်ရှည်နဲ့ လက်ဝင်စွာ ဖန်းတီးရတဲ့ အနုပညာမျိုး ဖြစ်ပြီး လိုရာဇတ်ရုပ်ကို အမှားမခံဘဲ ရေးဆွဲရပါတယ်။
မြန်မာနိုင်ငံမှာ ပုလင်းပန်းချီကို ၁၉၆၃ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ဆိုရပါမယ်။ ဆရာမကြီး ဒေါ်စောမုံညင်း တရုတ်ပြည် လေ့လာရေးခရီးသွားရင်း ပုလင်းပန်းချီကို စတင်တွေ့ရှိခဲ့ပါတယ်။ ပုလင်းပန်းချီကို မြန်မာပန်းချီဆရာများ ဆွဲစေလိုတဲ့ စိတ်စေတနာနဲ့ ဆရာမကြီးက ပုလင်းပန်းချီအကြောင်းကို ၁၉၆၃ ခုနှစ် ဧပြီလထုတ် ယဉ်ကျေးမှု မဂ္ဂဇင်းမှာ ဆောင်းပါး ရေးသားခဲ့ရာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ပန်းချီပန်းပု ပညာရှင်များထဲကမှ ဦးညိုလေးဆိုတဲ့ ပန်းချီပညာရှင် တစ်ဦးသာလျှင် ဆောင်းပါးကို သေချာဖတ်ပြီး၊ အနှစ် ၂၀ ခန့် ကြာအောင် ကြိုးစားလေ့ကျင့် တီထွင်ခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှာ ပုလင်းပန်းချီ ဆိုတဲ့ အနုပညာ တစ်ရပ်ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ လူမသိသေးတဲ့ ပုလင်းပန်းချီပညာရှင်တွေ ရှိနေနိုင်ပေမယ့်၊ အနည်းငယ်သာ ကျန်ရှိပါတော့တယ် ဆိုတာ တော့ သေချာပါတယ်။ အဲဒီမှာမှ ထင်ရှားသူတွေကတော့ … မြန်မာပြည်မှာ ပုလင်းပန်းချီကို စတင်ရေးဆွဲခဲ့တဲ့ မန္တလေးက ဆရာဦးညိုလေး (ကွယ်လွန်) နဲ့ လက်ရှိတွင် ရေးဆွဲနေတဲ့ သူ့ရဲ့ သားသမီးတွေ၊ မန္တလေးမြို့စွန် ဗားကရာကျောင်းတိုက်နား က ဆရာဦးချစ်မြ နဲ့ သားတွေ၊ ပုဂံမြို့က ဆရာယောနသန် နဲ့ ပြည်မြို့က ပန်းချီဇင်မောင်တာ… တို့ပဲ ဖြစ်ပါတယ်။ သူတို့ တွေ ထဲကမှ မြန်မာပြည်မှာ ပုလင်းပန်းချီကို စတင်ရေးဆွဲခဲ့တဲ့ မန္တလေးက ပညာရှင် ဆရာဦးညိုလေး (ကွယ်လွန်) အကြောင်းကို ဂုဏ်ပြုဆောင်းပါး ရေးပြီးသားမို့ ပြည်မြို့က ပန်းချီဇင်မောင်တာ အကြောင်း ဆက်ပါရစေ။
“ပန်းချီဆရာ ကိုဇင်မောင်တာ”
ပန်းချီဇင်မောင်တာကို အဖ ဦးကိုကိုတာ(ပြည်မြို့ သတင်းထောက်)၊ အမိ ဒေါ်ခင်အုန်းမြင့်တို့က မွေးဖွားခဲ့ပြီး ပြည်မြို့မှာပဲ ချက်မြှုပ်ခဲ့ပါတယ်။ မွေးချင်း ၇ယောက်ရှိပြီး ၅ ယောက်မြောက် သားဖြစ်ပါတယ်။ သမိုင်းဝင် ရွှေဆံတော်ဘုရားကြီးအနီး မြောက်စောင်းတန်းလမ်း၊ အမှတ်(၂) ရဲစခန်းတိုက်တန်းလျား အခန်း(၁) ပြည်မြို့လေးမှာ နေထိုင်တဲ့ ပန်းချီဇင်မောင်တာမှာ ငယ်စဉ်ထဲက ပန်းချီကို ဝါသနာပါခဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။
အရွယ်အားဖြင့် အသက် ၈နှစ်အရွယ်၊ ၂ တန်းနှစ်မှာ တီဘီရောဂါဖြစ်ခဲ့ပါတယ်။ အဲ့ဒီခေတ်က တီဘီရောဂါဖြစ်ရင် သုံးနှစ် တီဘီဆေးထိုးရပါတယ်။ ရောဂါအခြေအနေဆိုးရွားလွန်းလို့ သေပြီလို့တောင် ထင်ထားတဲ့ ရောဂါက သုံးနှစ်ကြာပြီးတော့ ကျန်းမာရေး ပြန်လည်ကောင်းလာပါတယ်။ သုံးနှစ်ကြာ ဆေးကုရတော့ ကျောင်းကို ပြန်တက်တဲ့အခါ အခြားရွယ်တူ ကလေးတွေကြားမှာ အရပ်ကြီးရှည်နေတာကို ရှက်တာနဲ့ ကျောင်းကို ပြန်ပြီး မတက်ခဲ့ဘဲ ကျောင်းမှ ထွက်ခဲ့လိုက်ပါတယ်။ အဲ့ဒီတုန်းထဲက ပန်းချီပညာဘက်ကို လေ့လာလိုက်စားခဲ့ပါတယ်။
ငယ်ငယ်ထဲက တစ်ဦးတည်း ပန်းချီပညာနဲ့ပဲ ဆော့ကစားခဲ့တဲ့အတွက် အပေါင်းအသင်း သူငယ်ချင်း နည်းခဲ့တယ်။ ပြည်ရွှေဆံတော်ဘုရားကြီးရဲ စောင်းတန်းတစ်ဝိုက်မှာ သူဆွဲခြစ်ခဲ့တဲ့ လက်ရာတွေ လက်ညှိုးထိုး မလွဲအောင် ရှိတယ်လို့ ငယ်ဘဝအကြောင်းလေးကစ ပြောပြခဲ့ပါတယ်။ ဖခင်ရဲ့ဓာတ်ပုံကာလာထည့်ရမှာ အသုံးပြုတဲ့ စာရွက်ကလေးတွေကို အရည်ဖျော်လိုက်ရင် ရတဲ့ အရောင်လေးတွေနဲ့ ပန်းချီလေးတွေ ဆွဲခဲ့တယ်။ အဲ့ဒီလိုဆွဲတာ အားမရသေးဘဲ ရလာတဲ့ အရောင်လေးတွေကို ခွက်ပလုံလေးတွေထဲပြီး ခပ်တည်တည်နဲ့ သစ်ပင်လေးတွေ၊ တဲလေးတွေ၊ ရှုခင်းပုံလေးတွေကို outdoor မှာ ထွက်ပြီး ဆွဲလိုက်သေးတယ်။
သူ အသက် ၁၂ နှစ်ကျော်ဝန်းကျင်မှာ ပန်းချီပညာနဲ့ပဲရပ်တည်မယ်။ ပန်းချီနဲ့ပဲ အသက်မွေးမယ်ဆိုတဲ့ ယုံကြည်ချက်က ပိုပြီးမြင့်မားလာခဲ့တယ်။ တစ်စိုက်မတ်မတ်လေ့ကျင့်တယ်။ အဆက်မပြတ် တောက်လျှောက်ပန်းချီဆွဲဖြစ်ခဲ့တယ်။ အဲ့ဒီ အရွယ် ထဲက အတော်အသင့်ဆွဲတတ်ခဲ့တယ်လို့ ဆိုနိုင်တယ်။ ပြည်တစ်ဖက်ကမ်း၊ မယ်ဇလီကုန်းရွာမှာရှိတဲ့ ဘုန်းကြီး က ပန်းချီဆွဲတော်လို့ဆိုပြီး သူ့ရွာမှာ ဆွဲရအောင် ခေါ်သွားခဲ့တယ်။ ရွာကလူတွေကလည်း ပန်းချီဆရာပါလာတယ် ဆိုပြီး လာကြည့်တော့ ကလေးဖြစ်နေတော့ သိပ်ဆွဲတတ်မှာ မဟုတ်ဘူးလို့ ထင်ကြေးပေးကြတယ်။ အဲ့ဒါနဲ့ ဘုန်းကြီးက ပုံတူ တစ်ခု ဆွဲခိုင်းလိုက်တော့ ပုံလည်းပြီးရော ရွာကလူတွေက သဘောကျပြီး နောက်ထပ်ပုံတူ လေးငါးပုံလောက် ထပ်ဆွဲပေး ခဲ့ရဖူး တယ်လို့ ဘဝမှတ်တိုင် တစ်စိတ်တစ်ပိုင်းလေးကို ပြန်ပြောင်းပြောပြပါတယ်။
လူပျိုပေါက် ၁၇နှစ် ၁၈နှစ် အရွယ်ရောက်တော့ အိမ်က မိသားစု စီးပွားရေးအခြေအနေ ကျဆင်းလာတာကြောင့် သူလိုချင် တဲ့ ဆေးတွေ၊ စုတ်တံတွေကို ငယ်ငယ်ကလို ထောက်ပံ့မပေးနိုင်တော့ပါဘူး။ အဲ့ဒါနဲ့ သူလိုချင်တဲ့ စုတ်တံတွေ၊ သူဆွဲချင်တဲ့ ဆေးရောင်တွေကို ကိုယ်တိုင်ဝယ်ဖို့ ဆုံးဖြတ်လိုက်ပြီး ကြုံရာကျပန်းအလုပ်တွေ လုပ်တယ်၊ စာအုပ်တွေရောင်းတယ်၊ ကွမ်းယာရောင်းတယ်၊ ဂတ်စ်ထည့်ပြီးတော့ ပိုက်ဆံရှာခဲ့ပါတယ်။ ပန်းချီဆွဲနည်းစာအုပ်တွေ ပန်းချီပစ္စည်းတွေ ဝယ်လိုက်လို့ ကွမ်းယာဆိုင်လေးအရင်း ပြုတ်မလို ပျက်မလိုနဲ့ ပိုက်ဆံကို ဟိုလူ့ဆီကချေး ဒီလူ့ဆီကငှားနဲ့ ဝါသနာကို ဆက်လက် လေ့လာ ခဲ့ပါတယ်။
ပန်းချီဆိုတာနဲ့ ကောက်ရိုးပန်းချီ၊ ဓားပန်းချီစတဲ့ ပန်းချီဆွဲတဲ့ နည်းမျိုးစုံကို အကုန်လေ့လာခဲ့တယ်။ ဒီလိုနဲ့ စာအုပ်ရောင်းတဲ့ အလုပ်လုပ်နေရင်း ပထမဆုံးလက်ဦးဆရာဖြစ်တဲ့ ပန်းချီဆရာကိုချို [ကာတွန်းကိုရွှေထူး(ပြည်)ရဲ့ဆရာ] ဆီမှာ ပန်းချီ ပညာကို သင်ကြားခဲ့ရတယ်။ ဦးသောင်းဟန်လေးရဲ့ ကိုယ်ဟန်ရေးနည်းစာအုပ်၊ တစ်ခြားစာအုပ်တွေနဲ့ တစ်ခြားပန်းချီဆရာ တွေ ရဲ့စာအုပ်တွေက သူ့ရဲ့ ပန်းချီပညာကို တိုးတက်စေခဲ့ပါတယ်။ ပန်းချီပညာလေ့လာရင်းကနေ ဖခင်ရဲ့သူငယ်ချင်း ပန်းချီကျောင်းဆင်း ပန်းပုဆရာကိုအောင်ရွှေက အိမ်ကိုဝင်ထွက်သွားလာရင်း ကိုဇင်မောင်တာကို ပန်းပုဆရာပါ ဖြစ်နိုင် တယ်လို့ ပြောလာခဲ့တယ်။ အဲ့ဒါနဲ့ ပန်းပုပညာကို ပန်းပုဆရာကိုအောင်ရွှေက သင်ပေးခဲ့လို့ တတ်မြောက်ခဲ့ပြန်တယ်။ ဖခင်က သတင်းထောက်ဆိုတော့ အပေါင်းအသင်းမိတ်ဆွေများတယ်။ ဖခင်ရဲ့ မိတ်ဆွေများခြင်းအကျိုးကျေးဇူးကြောင့် ရန်ကုန်က သူ့ရဲ့မိတ်ဆွေ ရှေ့သို့ ဦးလှကြည်ဆီကနေ အင်ပရက်ရှင်နစ်ပန်းချီဆွဲနည်းကို သင်ကြားခဲ့ရတယ်။ ဒီလိုနဲ့ အသက်၂၀ ကျော်ပတ်ဝန်းကျင်မှာ လိုအပ်တဲ့ ပန်းချီပစ္စည်းတွေကို ဝယ်ဖို့အတွက် ရွှေဆံတော်ဘုရားရှေ့မှာ ဓားပန်းချီ ရေးဆွဲရင်း ဘဝကိုရုန်းကန်ခဲ့ပါတယ်။
“ပုလင်းပန်းချီ စတင်ဆွဲခြင်း”
အသက်၂၅နှစ်လောက်မှာ ရိုးရိုးပန်းချီတွေဆွဲရင်းနဲ့ ဆရာဖြစ်တဲ့ ကိုချိုက ပုလင်းပန်းချီဆရာဖြစ်တဲ့ ဦးညိုလေးရဲ့ အကြောင်း ကို တစ်စွန်းတစ်စ ပြောပြရင်းကနေ ပုလင်းပန်းချီဘက်ကို စိတ်ဝင်စားသွားခဲ့ပြီး စဆွဲဖြစ်ဖို့ အစပျိုးလာပါတယ်။ ဆရာဦးညိုလေးလို ပုလင်းပန်းချီဆွဲဖို့အတွက် လနဲ့ချီပြီး ပုလင်းထဲမှာ အလွှာတွေဘယ်လိုထပ်မလဲ….၊ မှန်ပန်းချီဆွဲနည်းက ဘယ်လိုလဲ စတဲ့ လိုအပ်တာတွေကို ထပ်လေ့လာခဲ့တယ်။ လေ့လာပြီးနောက် ပုလင်းရဲ့ အပြင်ဘက်ကနေ ကောက်ကြောင်း (sketch) ပေးပြီးတော့ အမျိုးသမီးတစ်ဦး ရေအိုးရွက်လာတဲ့ ပုံကို စဆွဲဖြစ်ခဲ့တယ်။ အဲ့ဒီနောက် ငုဝါပန်းပုံ၊ ကလေးမလေးတစ်ယောက်နဲ့ ကလေးလေးတစ်ယောက် ခေါင်းလောင်းကို ထိုးနေတဲ့အချိန် ငှက်ကလေးတွေ ထပျံနေတဲ့ ပုံလေးတွေကနေ ပုလင်းပန်းချီ စဆွဲဖြစ်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ဘဝရပ်တည်ရေးဖြစ်တဲ့ commercial အလုပ်တွေနဲ့ပါ တွဲလုပ်ရလို့ ပုလင်းပန်းချီကို ခြေဦးသိပ်မလှည့်နိုင်ဘဲ ၁၀လုံးကျော်လောက်သာ ရေးခဲ့ပါတယ်။
အသက် ၃၀ ဝန်းကျင်လောက်မှာ ရန်ကုန်က သာသနာပြုလုပ်ငန်းတွေ လိုက်လုပ်နေတဲ့ ဒေါ်အကြည်လေးက မန္တလေးတောင် သံသရာအေးကျောင်းမှာ ပန်းချီကားတစ်ချပ်ရေးဖို့ လှမ်းခေါ်ရကနေစပြီး မန္တလေးမှာ ပန်းချီဆွဲဖို့ စိတ်ကူးရခဲ့ပါတယ်။ မန္တလေးမှာ နိုင်ငံခြားသား အဝင်အထွက်များတာကို တွေ့မြင်ရပြီး အားကျတာနဲ့ ပုလင်းပန်းချီဆွဲဖို့ စိတ်ကူးရတာကြောင့် ပြည်ကနေ မန္တလေးကို ထွက်လာခဲ့တယ်။ မန္တလေးရောက်တော့ ရွှေကျောင်းကြီးရှေ့မှာ နေရာရှာပြီး ပုလင်းပန်းချီကို စရေးခဲ့တယ်။ ကိုရင်လေးတစ်ပါးထဲကို ဆွမ်းခံတဲ့ပုံ၊ လမ်းလျှောက်နေတဲ့ပုံ စတဲ့ ပုံစံမျိုးစုံက နိုင်ငံခြားသား တွေ အကြိုက်ဖြစ်ဟန် တူပါတယ်။ တစ်နေ့ကို ၃ လုံး ၄ လုံးလောက် ရောင်းခဲ့ရတယ်။ တစ်ခြား တဲလေးတွေ သစ်ပင်တွေ ရှုခင်းတွေလည်း ပုလင်းကျဉ်းကျဉ်းလေးထဲမှာ ခက်ခက်ခဲခဲဆွဲရတဲ့ ပညာက သူတို့အတွက် အဆန်းဖြစ်နေတော့ ဝယ်ယူသူ များခဲ့ပါတယ်။ သုံးနှစ်တာ ကာလအတွင်း ၁လုံးကို ၁၀ဒေါ်လာလောက်နဲ့ပဲဆိုတော့ ဈေးနှုန်းလည်း ချိုသာတာကြောင့် ပုလင်းပန်းချီပေါင်း အလုံးရေ ၂၀၀ နီးပါးရောင်းခဲ့ရတယ်။ လုပ်ရင်းနဲ့ သင်သလိုဖြစ်ပြီး ဆွဲရတာများလာတဲ့အတွက် ကျွမ်းကျင်မှု ပိုရလာခဲ့တယ်။ တကယ်တမ်းမှာ ပုလင်းပန်းချီတစ်လုံးဆွဲဖို့ မလွယ်ကူပေ…။
“ပုလင်းပန်းချီရဲ့ ခက်ခဲမှု”
လက်မဝက်လောက်သာရှိတဲ့ ပုလင်းအဝကနေတစ်ဆင့် ၉၀ဒီဂရီ ကွေးထားတဲ့ စုတ်တံကို စိတ်ငြိမ်ငြိမ်ထားပြီး ပုလင်း အတွင်းကို ထည့်ကာ အတွင်းနံရံပတ်ပတ်လည်မှာ ကိုယ်လိုချင်တဲ့ ဗုဒ္ဓဝင်ပုံ၊ ဇတ်နိပါတ်ပုံ၊ ရှုခင်းပုံ၊ လူပုံတို့ကို ဖန်တီးရတာ လွယ်ကူးလှတဲ့အလုပ်မဟုတ်ပါ။ တော်ရုံစိတ်ရှည်မှု၊ သည်းခံမှုတို့လောက်နဲ့ ရတဲ့ပညာမဟုတ်ပါ။ ဝယ်ယူသူက ဓာတ်ပုံ ပေးပြီး ပုံတူအော်ဒါဆွဲခိုင်းတဲ့အခါ သက်ရှုရပ်မတတ် စိတ်ရှည်ရှည်နဲ့ ဆွဲရတဲ့ ပန်းချီပညာမျိုး ဖြစ်ပါတယ်။ မဆိုင်တဲ့နေရာမှာ မလိုမအပ်တဲ့ ဆေးရောင် ပေမိသွားမှာမျိုးကိုလည်း မပေအောင် လက်ကိုထိန်းရသေးပါတယ်။ လက်ကိုရော၊ စိတ်ကိုရော အတည်ငြိမ်ဆုံး ထိန်းပြီး ဆွဲရတဲ့ ပညာမျိုးဖြစ်ပါတယ်။
ပုလင်း အဝိုင်း၊ လေးထောင့်ကို လိုက်ပြီးတော့ ခက်ခဲမှုကလည်း ကွဲပြားနေပါသေးတယ်။ မြန်မာပြည်မှာ အဆွဲများတဲ့ ကုန်ကြမ်းပုလင်းတွေကတော့ ဂလုကို့စ်ပုလင်းဝိုင်း၊ ရမ်ပုလင်းအပြားနဲ့ ဝီစကီပုလင်း လေးထောင့်တို့ပဲ ဖြစ်ပါတယ်။ အဝိုင်းပုလင်းတွေထက် လေးထောင့်၊ အပြားပုလင်းတွေက ပိုပြီး ခက်ခဲပါတယ်။ အဝိုင်းပုလင်းဖြစ်တဲ့ အတွက် စုတ်တံ ထည့်လိုက်ရင် အထဲမှာ လွတ်လွတ်လပ်လပ် ဆွဲနိုင်ပါသေးတယ်။ အပြားပုလင်းမှာတော့ စုတ်တံထည့်လိုက်တာနဲ့ စုတ်တံကွေးထားတဲ့ ထောင့်နဲ့ ကျန်တစ်ဖက်မှာရှိတဲ့ ပုလင်းနံရံထိမိပြီး စိတ်ကသိကအောက်ဖြစ်ဖြစ် ကပ်သီးကပ်သပ် ဆွဲရတဲ့အတွက် ပိုခက်ခဲပြန်ပါတယ်။
ပုလင်းအတိုမှာ စုတ်တံကိုင်ရတာ တည်ငြိမ်မှုရှိပြီး ဆွဲတဲ့အခါမှာ လိုအပ်သလို ပုံဖော်လို့ ရပေမဲ့ ပုလင်းအရှည်ကျပြန်တော့ စုတ်တံအရှည်ကြီးထုတ်ရတဲ့အတွက် တည်ငြိမ်မှုကို ပိုပြီးဂရုတစိုက် ဆွဲရပါတယ်။ ပုလင်းတိုလေ ဆွဲရလွယ်လေဖြစ်ပြီး ပုလင်းရှည်လေ စုတ်တံကိုထိန်းရပိုခက်လေ ဖြစ်ပါတယ်။ တစ်ခြားပုံဆွဲခံဖြစ်တဲ့ စက္ကူတို့၊ ကင်းဗတ်တို့ပေါ်မှာ ပန်းချီကား ရေးဆွဲရသလိုမျိုး မဟုတ်ဘဲ ပုလင်းအတွင်းမျက်နှာပြင်မှာ သည်းခံပြီးစိတ်ရှည်ရှည်နဲ့ အချိန်ပေး ကပ်သီးကပ်သပ် ဖန်းတီးရတဲ့ အနုပညာမျိုး ဖြစ်ပြီး၊ ဆွဲလိုရာဇတ်ရုပ်ကို အမှားမခံဘဲ ရေးဆွဲရပါတယ်။
ပန်းချီဇင်မောင်တာအရေးများတာက သဘာဝရှုခင်းနဲ့ လူပုံစံလေးတွေ ဖြစ်ပါတယ်။ ကြည့်ရှုသူကို ပိုပြီး ရသပေးနိုင်အောင် ပုလင်းနောက်မှာ သက်ဆိုင်ရာ ခံစားချက်စာလေးတွေ၊ ခေါင်းစဉ်လေးတွေ တပ်ထားပါတယ်။ ပုလင်းအဝိုင်းထက် ဆွဲရတာ ပိုခက်တဲ့ ပုလင်းအပြားမှာ ရေးဆွဲတာ ပိုများတယ်။ ကြည့်ရှုသူက ကြည့်လိုက်တာနဲ့ အာရုံရှုပ်မထွေစေဘဲ ပြလိုတဲ့ ပုံကို တစ်ခါတည်း ရှင်းရှင်းလင်းလင်းမြင်စေချင်တဲ့အတွက်ကြောင့် ပုလင်းအပြားမှာ ဆွဲရတာ ပိုနှစ်သက်တယ်လို့ ပြောပါတယ်။
“ပုလင်းပန်းချီမှသည် ပုလင်းပန်းပုသို့”
မန္တလေးမှာ ၃နှစ် ပုလင်းပန်းချီဆွဲပြီးနောက် အသက် ၃၄ လောက်မှာ ပြည်ကို ပြန်လာခဲ့ပါတယ်။ ပြည်မှာက မန္တလေးလို နိုင်ငံခြားသားဝယ်သူ မများပေမယ့် သူဌေးတွေ ပြည်တွင်းဝယ်သူတွေက အော်ဒါမှာတာလေးနဲ့ ပုလင်းပန်းချီကို ဆက်ဆွဲ ဖြစ်ခဲ့တယ်။ အော်ဒါမှာသူတွေက ပုလင်းပန်းချီကနေ ပုလင်းပန်းပု မလုပ်ဘူးလား မေးကြတာများလားလို့ နဂိုပန်းပုထုတတ် တဲ့ ပညာကို အသုံးချပြီး ပုလင်းပန်းပု လုပ်ဖြစ်လာခဲ့တယ်။ အဲ့ဒါနဲ့ ပုလင်းပန်းပုအတွက် လေ့လာဖို့ ဝေးဝေးလံလံ ရှာစရာ မလို အိမ်မှာဘဲ ငယ်ငယ်ထဲကမိဘတွေ အညာဘက်က ကိုးကွယ်ဖို့ ဝယ်ထားတဲ့ ဘုရားပုံလုပ်ထားတဲ့ ပုလင်းပန်းပုကို ထည့်ပုံထည့်နည်း လေ့လာကြည့်ပြီး ပုလင်းပန်းပု လုပ်ဖြစ်ခဲ့တယ်။ ပုလင်းပန်းပုကိုလည်း အလုံး ၁၁၀ လုပ်ခဲ့ပြီးပါပြီ။
အခုလက်ရှိမှာ ပန်းချီဇင်မောင်တာက အခုအသက် ၄၀ ဝန်းကျင်လောက်ထိ ဝမ်းစာကို ပန်းချီ၊ ပန်းပု၊ ပုလင်းပန်းချီ၊ ပုလင်း ပန်းပုတွေ လုပ်ရင်းနဲ့ပဲ ပြည်မြို့မှာပဲ နေထိုင်နေပါတယ်။ အခြား commercial အလုပ်တွေဖြစ်တဲ့ ဆိုင်းဘုတ် ရေးဆွဲခြင်း၊ ဘုရားစောင်းတန်းတွေမှာ ဗုဒ္ဓဝင်ပုံများ ရေးဆွဲခြင်းစတဲ့ ပန်းချီအနုပညာနဲ့ ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်နေပါတယ်။ ပြုလုပ်သူရှားပါးတဲ့ ပုလင်းပန်းချီကို ဆက်လက်လုပ်ဆောင်တော့မယ်လို့ ခံယူချက်ချရင်း တစ်ကိုယ်တော်ပြပွဲလေး လုပ်ချင် တဲ့ ဆန္ဒရှိကြောင်းနဲ့ လက်ရှိပုလင်းပန်းချီ အလုံး ၅၀ လောက် လုပ်ပြီး ရောင်းရတဲ့ငွေနဲ့ မိဘမဲ့ကလေးတွေ လှူဖို့ဆန္ဒရှိ ကြောင်း သူ့ဆန္ဒလေးတွေနဲ့ ဘဝတစ်စိတ်တစ်ပိုင်း သိခွင့်ရခဲ့ပါတယ်….။
ပုလင်းပန်းချီများကို ဆက်သွယ်မှာယူချင်တယ်ဆိုရင် ပန်းချီဇင်မောင်တာ ဖုန်းနံပါတ် 09 682 624 491၊ ရွှေဆံတော် ဘုရားကြီးအနီး မြောက်ဆောင်းတန်းလမ်း၊ အမှတ်(၂) ရဲစခန်းတိုက်တန်းလျား၊ အခန်း(၁) ပြည်မြို့ ဖြစ်ပါတယ်။ (mPAS)