ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ပြောတဲ့ “မြစ်ဆုံ စီမံကိန်းနဲ့ သမ္မတကြီး ဦးသိန်းစိန်”

“မြစ်ဆုံ စီမံကိန်း နဲ့ ဦးသိန်းစိန်”

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးလှုပ်ရှားမှုတွေ တစ်ကျော့ပြန်လှုပ်ရှားလာတဲ့အခါတုန်းက “သမ္မတ ဦးသိန်းစိန် က မြစ်ဆုံ စီမံကိန်းကို ဘာ့ကြောင့် အပြီးအပိုင် ရပ်ဆိုင်းတာမလုပ်ဘဲ ဆိုင်းငံ့ရုံ ဆိုင်းငံ့ခဲ့တာလဲ” ဆို တဲ့ မေးခွန်းတွေပေါ်လာတယ်။

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာတွေ နဲ့ ပတ်သက်လို့ ISEAS က ထုတ်ဝေမယ့် ကျွန်တော့်စာအုပ်ထဲမှာ အပိုင်းတစ်ပိုင်းအနေနဲ့ အပြည့် အစုံရေးထားပါတယ်။ ဒါပေမယ့် စည်းကမ်းအရ စာအုပ်ထုတ်ဝေခြင်းမပြုမီ အဲဒီအချက်အလက် တွေကို အပြည့်အစုံ ထုတ်ဖော်ရေးသားလို့ မရတဲ့ အတွက်အကျဉ်းချုပ်ပဲ တင်ပြပါ့မယ်။

“မေးခဲ့သူတွေ၊ မဖြေတဲ့သူတွေ”

မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဦးသိန်းစိန်၊ဦးဇော်မင်းအပါအဝင် မူဝါဒ ဆိုင်ရာအဆင့်မှာ ပါဝင်ခဲ့ သူ တွေကို မေးခွင့်ရခဲ့တယ်။ ခွင့်တောင်းပေမယ့် မဖြေတဲ့သူ သုံးယောက်ရှိတယ်။ ဦးသန်းရွှေ၊ သူရ ဦး ရွှေမန်းနဲ့ သီဟသူရ ဦးတင်အောင်မြင့်ဦး။

ဦးသန်းရွှေကတော့ တွေ့ဆုံခွင့်တောင်းတာကို ခွင့်မပြုဘူး။ ဦးရွှေမန်းက တွေ့တယ်။ လွှတ်တော် ရေးရာနဲ့ ပတ်သက်ပြီး သူပြောချင်တာ ဆယ့်ငါးမိနစ်လောက်ပြောတယ်။ မေးခွန်းမေးခွင့်မပြုဘုူး။ သူ့ ကော်မရှင်အဖွဲ့ဝင် အချို့နဲ့ပေးတွေ့တယ်။ ဒီလူတွေက မြစ်ဆုံ စီမံကိန်းအကြောင်း သိတဲ့ လူ တွေမဟုတ်တဲ့အတွက် ဥပဒေပြုရေးနဲ့ ပြည်ခိုင်ဖြိုးပါတီအကြောင်းပဲ မေးခွင့်ရတယ်။ ဦးတင် အောင်မြင့်ဦးကတော့ တွေ့တယ်။ ဘာမှမဖြေဘူး။ ပြောချင်ရင်တော့ မင်းကို ပြောမလား၊ ငါ့ ဟာ ငါ စာရေးမှာပေါ့လို့ပြောတယ်။ သူဆီက မြစ်ဆုံနဲ့ပတ်သက်လို့ရော၊ စာအုပ်ပါ အခြားအချက်တွေ နဲ့ပတ်သက်လို့ရော ဘာမှမေးလို့မရခဲ့ဘူး။

“ဇာတ်လမ်း”

ဦးသိန်းစိန် သမ္မတ သက်တမ်းကာလမှာ ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေကို ကြိုတင်အသိမပေးဘဲ ဆုံးဖြတ်ခဲ့တဲ့ အဓိက ဆုံးဖြတ်ချက်ကြီးနှစ်ခုရှိတယ်။

ပထမတစ်ခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ တွေ့ဆုံမယ့်ကိစ္စဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးခေါင်းဆောင် တစ်ချို့က ဦးသိန်းစိန်ဟာ “ကျားသေကို အသက်သွင်းတယ်” လို့ အပြစ်တင်ခဲ့ ကြတယ်။ အဲဒီထက် ဆိုးတဲ့စကားနဲ့ ပြောတာလည်းရှိတယ်။ အဲဒါကိုတော့ စာအုပ်ထွက်မှပဲ ဖတ် ကြပေတော့။

ဒုတိယတစ်ခုကတော့ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားဖို့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကြောင့် သူ့မှာ ရန်သူအသစ်တွေပေါ်လာခဲ့တယ်။ နောင်ဖြစ်လာတဲ့ နိုင်ငံရေးလွန်ဆွဲမှုတွေမှာ သူ့ အတွက် အရေးကြီးတဲ့ ထောက်ခံမှု တစ်ခုကို ဆုံးရှုံးခဲ့ရတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့ ရက်စွဲနဲ့ ပြည်သူ့လွှတ်တော်ကို ပေးပို့တဲ့ သမ္မတ ဦးသိန်း စိန်ရဲ့ သဝဏ်လွှာမှာ မြစ်ဆုံနဲ့ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ ပထမပိုင်းက စီမံကိန်းကို သူ့သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထား ဖို့ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ မြစ်ဆုံစီမံကိန်းနဲ့ ပတ် သက်တဲ့ စာချုပ်စာတမ်းတွေကို မိတ်ဝတ်မပျက်စေဘဲ သဘောတူလက်ခံအောင် တရုတ်နိုင်ငံနဲ့ ညှိ နှိုင်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။

အဲဒီလို နှစ်ပိုင်းခွဲခြားရတာကလည်း ဆိုင်းငံ့တာကို မိမိဆန္ဒနဲ့လုပ်လို့ရပေမယ့် သဘောတူစာချုပ် ကို ပြင်ဆင်တာ၊ ပယ်ဖျက်တာလုပ်မယ်ဆိုရင်တော့ နှစ်နိုင်ငံညှိနှိုင်းပြီးမှ ဆောင်ရွက်ရတဲ့ သဘော သဘာ၀ ကြောင့်ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ တရုတ်၊ စင်္ကာပူတို့နဲ့ ဆောင်ရွက်မယ့် ရထားလမ်း စီမံကိန်းတွေမှာလည်း မဟာသီယာအစိုးရက ဆိုင်းငံ့ထားတယ်။ ပြီးမှာ စာချုပ်ပြင်ဆင်၊ဖျက်သိမ်း နိုင်ဖို့ ဆွေးနွေးတာလုပ်တယ် ဆိုတဲ့ အခြေအနေကို တွေ့နိုင်ပါတယ်။

ဒါပေမယ့် ဦးသိန်းစိန်အနေနဲ့ ဒုတိယအဆင့်ကို ဆက်လက်ဆောင်ရွက်ဖို့ လုပ်ဆောင်တဲ့အခါ မှာ အတွင်း ၊ အပြင် ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။

၂၀၁၁ သမ္မတရာထူးလက်ခံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ မြစ်ဆုံ စီမံ ကိန်းရပ်ဆိုင်းထားမှု တို့ကြောင့် ဦးသိန်းစိန်ဟာ ပြည်တွင်း၊ ပြည်ပမှာ လူကြိုက်များလာခဲ့တယ်။ အဲ ဒီလို လူကြိုက်များလာတာကြောင့်ပဲ တစ်ချို့ပုဂ္ဂိုလ်တွေကြားမှာ ဦးသိန်းစိန်ဟာ သက်တမ်းတစ်ခုပဲ တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ မူလ စိတ်ထားများ ပြောင်းသွားလေမလား၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ဦးသိန်းစိန်နဲ့ ပြည်ခိုင်ဖြိုးကို ထောက် ခံသူတွေများ လာမလား လို့ စိုးရိမ်မှုတွေလည်း ပေါ်ပေါက် လာတယ်။

အဲဒီပုဂ္ဂိုလ်တွေကပဲ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းမှုနဲ့ပတ်သက်ပြီး တရုတ်ဘက်ကို သူတို့ အနေနဲ့ ဒီလို တစ်ဖက်သတ် ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း၊ သူတို့သာဆိုရင် အခြား နည်းနဲ့ ဖြေရှင်းမှာ ဖြစ်ကြောင်း သတင်းစကားပါးခဲ့တယ် ဆိုတာကို အဲဒီ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူအချို့ဆီက နေ ပြန်ကြားခဲ့ရတယ်။ အဲဒီလို လုပ်ဆောင်ချက်တွေဟာ မြစ်ဆုံစီမံကိန်း အနာဂတ်နဲ့ပတ်သက် ပြီး ဆက်ဆွေးနွေးတဲ့အခါ ဦးသိန်းစိန်ရဲ့ အနေအထားကို အများကြီး ထိခိုက် စေခဲ့တယ်။

ဒီပုဂ္ဂိုလ်တွေက ပြည်တွင်း မှာ မြစ်ဆုံ ကိစ္စနဲ့ပတ်သက်ပြီး သမ္မတကို ထိုးနှက် လို့မရပေမယ့် အခြားကိစ္စ တွေမှာ ထိုးနှက် ခဲ့ကြတယ်။ (အဲဒီဖြစ်စဉ်တွေကို စာအုပ်မှာ သီးခြား အပိုင်းတစ်ပိုင်း အဖြစ် နဲ့ ရေးထား ပါတယ်။ ) ဒ့ါကြောင့်၂၀၁၂ ခုနှစ်ကုန်ပိုင်းက စပြီး ဦးသိန်းစိန်နဲ့ သူ့အစိုးရ အဖွဲ့ နောက်ကြောမလုံတော့ ဘူး။ ရှေ့ တစ်လှမ်း လှမ်းမယ်ပြင်တိုင်း နောက်ကို နှစ်ခါ ပြန်ကြည့် နေခဲ့ရတယ်။ ၂၀၁၃-၁၄ နှစ်တွေက အဆိုးဆုံးပဲ။ ၂၀၁၁နဲ့ ၂၀၁၂ နှစ်လယ်ပိုင်းလောက်အထိ ကာလ တုန်းလို ကိုယ်က ဦးဆောင်တာမဟုတ်ဘဲ ကိစ္စ တစ်ခုခြင်းမှာ တစ်ဘက် ရဲ့ အခြေ အနေ တွေကို လိုက်ပြီး တုန့်ပြန်ဆောင်ရွက်လာရတယ်။ နိုင်ငံရေး လက်ဦးမှု မဲ့လာတယ်။ ဒီလိုအခြေ အနေမျိုးမှာ ဦးသိန်းစိန်အနေနဲ့ မြစ်ဆုံ အနာဂတ်နဲ့ပတ်သက်ပြီး အဆိုပြုချက်တစ်ခုခု (ပုံစံပြောင်း ပြီးလုပ်မလား၊ ပြန်လေ့လာမလား၊ လျော်ကြေးပေး ဖျက်သိမ်းမလား) လုပ်ဖို့ ခက်ခဲခဲ့တယ်။

တစ်ဖက်မှာလည်း မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ မြောက်ပိုင်း နဲ့ အရှေ့ မြောက်ပိုင်း တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ဒေသတွေမှာ တိုက်ပွဲအသစ်တွေပြန်ဖြစ်လာတယ်။ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြောက်ပိုင်းအဖွဲ့တွေ ပါဝင်ဖို့အတွက်အရေးကြီးလာတဲ့ အခါ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အဓိကဖြစ်လာပြီး မြစ်ဆုံ နဲ့ ငြိမ်းချမ်းရေးဟာ အတူတွဲနေ သလို ဖြစ် လာတယ်။ သို့သော် ဦးသိန်းစိန်ဘက်ကလည်း ငြိမ်းချမ်းရေးဘယ်လောက်ပဲလိုချင်လိုချင် မြစ်ဆုံ စီမံကိန်း ပြန်စဖို့ဆိုတာ မဖြစ်နိုင်ဘူး။

အဲဒီအချိန်မှာ ဦးသိန်းစိန်ဟာ သူရဲ့ ဒုတိယ ရည်မှန်းချက်ဖြစ်တဲ့ စာချုပ်ကိစ္စ မိတ်ဝတ်မပျက်ဘဲ သဘောတူညီမှုရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ကျွန်တော်က ၂၀၁၃ နောက်ပိုင်း ဦးသိန်း စိန်ရဲ့ တရုတ်နိုင်ငံခရီးစဉ်တိုင်းမှာ လိုက်ပါခွင့်ရခဲ့တဲ့အတွက် ထိပ်သီးဆွေးနွေးမှုတွေမှာ ဘာတွေ ဆွေးနွေးတယ်ဆိုတာ မြင်ခွင့် ၊ကြားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် လ ျှို့ဝှက်ကိစ္စတွေဖြစ်တဲ့အတွက် အဆိုပြုတာတွေရှိခဲ့တယ်။ သဘော တူညီမှုမရခဲ့ဘူးလို့ပဲ ပြောပါရစေ။

“တာဝန်ခံမှု”

ဦးသိန်းစိန်ဟာ သူတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာရော၊ စာအုပ်အတွက် တွေ့ဆုံမေးမြန်းမှုတွေ လုပ် တဲ့ အချိန်မှာရော နယက အဖွဲ့ဝင်တစ်ဦးအနေနဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တာဝန် ရှိသလို သမ္မတတစ်ဦးအနေနဲ့ အရင်အစိုးရရဲ့ ကောင်းမွေ၊ဆိုးမွေကို ဆက်ခံဖြေရှင်းဖို့ တာဝန်ရှိ တယ်လို့ ခံယူထားတုန်းပဲ။ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းနိုင်ဖို့ အတွက် သဘောတူညီချက် တစ်ခု ရအောင်၊ ဒါမှမဟုတ် အဲဒီသဘောတူညီချက်ကို ရှေ့ရှု စေ မယ့် လုပ်ငန်းစဉ်တစ်ခု ပေါ်လာအောင် မလုပ်နိုင်ခဲ့တဲ့အတွက် နိုင်ငံအပေါ်မှာ သူအကြွေး ကျန်ခဲ့တယ်လို့ စိတ်မကောင်းစွာနဲ့ ပြောနေဆဲပဲ။

ဒါပေမယ့် တကယ်တော့ ဦးသိန်းစိန်ဟာ ၂၀၀၇ နှစ်အောက်တိုဘာလက စပြီး ဝန်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့ပေမယ့် လည်း မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းကြီးတွေအတွက် သဘော တူစာချုပ် ဆွေးနွေးမှု၊ ချုပ်ဆိုမှုတွေမှာ အဓိက အခန်းက ပါခဲ့တာ မဟုတ်ဘူး။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ တရုတ် ဒုသမ္မတ ရှီကျင့်ဖျင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ရှေ့မှာ ရေအား လ ျှပ်စစ်ဆိုင်ရာ သဘောတူစာချုပ်တွေ လက် မှတ် ထိုးခဲ့တဲ့ အခမ်းအနားမှာတောင် ဦးရွှေ မန်းနဲ့ ဦးတင် အောင် မြင့်ဦးတို့ တက်ရောက်ခဲ့ပေမယ့် ဦးသိန်းစိန်မပါခဲ့ရဘူး။ ဝန်ကြီးချုပ်အနေနဲ့ ဝန်ကြီး ဌာန လုပ်ငန်း တစ်ခုဖြစ်တဲ့ မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းကြီးတွေရဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေကို စစ်ဆေးရတာပဲရှိတယ်။ ဒါတောင် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ဆိုရင် အ ထက်ကို ပြန်တင်ပြရသေးတယ်။

“အားနည်းချက်”

ကျွန်တော့်အမြင်အရတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဦးသိန်းစိန် နဲ့ သူ့အစိုးရအဖွဲ့မှာ အားနည်းချက်လို့ ပြောနိုင်တဲ့အချက်နှစ်ခုရှိတယ်။

ပထမအချက်ကတော့မြစ်ဆုံ အနာဂတ် အရေးနဲ့ပတ်သက်ပြီးလူထုလှုပ်ရှားမှုပုံစံနဲ့ ထောက်ခံမှု ရအောင်မလုပ်နိုင် ခဲ့တာဖြစ်ပါတယ်။ အဲဒီလို လုပ်ရင် ပြည်ခိုင်ဖြိုး အပါအဝင် အခြားနိုင်ငံရေး အင်အားစုတွေ က ထောက်ခံပါ့မလား၊ မီဒီယာတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပူးပေါင်း ပါ့မလား။တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပိုဆိုးသွားမလားဆိုတဲ့ စဉ်းစားရန်အချက်တွေ ရှိပေမယ့် ကြိုးစားကြည့် ခဲ့သင့်တယ်လို့ထင်ပါတယ်။

ဒုတိယအချက်ကတော့ မြစ်ဆုံစီမံကိန်းသဘောတူစာချုပ်နဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှု၊ လ ျှပ်စစ် ဓာတ်အားခွဲဝေမှုဆိုတဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်ခဲ့တာရှိပေမယ့် စာချုပ် ဖျက်သိမ်း မယ်၊ ပြင်ဆင်မယ်ဆိုရင် လိုက်နာရမယ့် အချက်တွေကို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း အသိပေး တာမရှိခဲ့ဘူး။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့တောင် သတင်းထုတ်ပြန်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက်တွေပဲ သိခဲ့ရတယ်။ အဲဒီအချိန်ကတော့ ဖျက်သိမ်း/ ပြင်ဆင်တာ နဲ့ပတ်သက်တဲ့ သ တင်း အချက်အလက်တွေကို ထုတ်ပြန်ခဲ့ရင် တရုတ်ကို နောက်ထပ်ဖိအားတစ်ခု ထပ်ပေးသလို ဖြစ် မှာကို စိုးရိမ်တဲ့ စိတ်က အားကောင်းနေခဲ့တယ်ထင်တယ်။ သို့သော် လူထုဘက်ကကြည့်ရင်တော့ အဲ ဒီအချက်တွေကို မသိရတဲ့အတွက် အစိုးရအပေါ် ယုံကြည်မှုလျော့ပါးခဲ့တယ်။

ဒါကတော့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဦးသိန်းစိန်ဆောင်ရွက်ခဲ့တဲ့အခြေအနေ အကျဉ်းချုပ်ပါပဲ။ အသေးစိတ်ကတော့ စာအုပ်ထွက်မှပဲဖတ်ကြပါ။ (Ye Htut)

အနှစ်ချုပ်ကတော့ မြစ်ဆုံကိစ္စမှာ ဦးသိန်းစိန်ရဲ့ ပယောဂ မပါဘူးဆိုတဲ့ အကြောင်းပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page