တရုတ်ပြည်က အကြီးဆုံး ပိုယန်ရေကန်ကြီး၊ ပျက်စီးနေတဲ့ ဂေဟစနစ်နှင့် မြစ်တို့ရဲ့ ကျိန်စာ
“မြစ်တို့ရဲ့ ကျိန်စာ”
🇨🇳 တရုတ်အာဏာပိုင်တွေဟာ ချုမြစ်ရဲ့ ရေကာတာကိုဖောက်ခွဲချလိုက်ပါတယ်။ အန်ဝေးပြည်နယ်ရှိ ရေကာတာကို တနင်္ဂနွေနေ့က အခုလိုဖောက်ချလိုက်ရတဲ့အကြောင်းကတော့ အချိန်မီရေဖိအားကို လျော့ချဖို့ဖြစ်ပါတယ်။ အခုလိုဖောက်ချလိုက်တဲ့အတွက် ချုမြစ်ရဲ့ရေအမြင့်ဟာ ၇၀ စင်တီမီတာ (၂၈) လက်မလောက် လျော့ကျသွားမယ်လို့ မျှော်လင့်ထားပါတယ်။
တရုတ်ပြည်အရှေ့ပိုင်းမှာ ဒီလဆန်းကစပြီး လူ အယောက် ၁၄၀ လောက် သေဆုံး/ပျောက်ဆုံး ဖြစ်စေခဲ့တဲ့အပြင် လူပေါင်း ၂၄ သန်းလောက်ကို ထိခိုက်စေခဲ့တယ်လို့ တရုတ်အရေးပေါ်စီမံရေးဝန်ကြီးဌာနက ဆိုပါတယ်။ တရုတ်ပြည် ယန်ဇီမြစ်တကြောမှာ ဒီနှစ် ဇွန်လိုင်လဆန်းပိုင်းကတည်းက ရေကြီးမှုတွေဖြစ်နေတာပါ။
Covid-19 အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဝူဟန့်မြို့ဆိုရင် ရေအကြီးအကျယ်လွှမ်းမိုးမှုကို ခံခဲ့ရပါတယ်။ ယန်ဇီမြစ်ဝမ်းဒေသက တရုတ်ပြည်ရဲ့ အကြီးဆုံးရေကန်ကြီးဆိုရင် နှစ် ၆၀ ထဲမှာ အကြီးဆုံး ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ပါတယ်။
အဲ့ဒီ ပိုယန်ရေကန်ကြီးဆိုရင် နွေဘက်မှာ သင်္ဘောကြီးတွေ ကုန်းမြေအလယ်ခေါင်မှာ တင်ကျန်ခဲ့သလောက် ရေခမ်းခြောက်ပြီး ငါးတွေအကြီးအကျယ်သေဆုံးခဲ့သလို မိုးရာသီမှာ ရေအကြီးအကျယ်လျှံတဲ့ ပြဿနာကြုံရပါတယ်။ (ပုံတွေကို ကြည့်ပါ)
Covid ပြီးမှ အဲ့ဒီရေကန်ကြီးထဲက ထူးဆန်းတဲ့ ဘာမြူဒါတြိဂံလိုမျိုး နေရာအကြောင်းရေးပါမယ်။
အဲ့ဒီ ဝူဟန်ဒေသ၊ ဟန်ဇီမြစ်နဲ့ ပိုယန်မြစ်တို့ကနေ Romance of the Three Kingdoms ဒဏ္ဍာရီဇာတ်လမ်းရဲ့ နာမည်ကျော် ပိုယန်မြစ်ရေကြောင်းတိုက်ပွဲအကြောင်းပါ ထည့်ရေးစရာတွေရှိနေတာပါ။
အခုသဘာဝဘေးဒဏ်ဖြစ်စေတဲ့ကိစ္စကို ဆက်ဆွေးနွေးရအောင်ပါ။ ဘာဖြစ်လို့ မိုးရွာရင်ရေကြီးရေလျှံတွေဖြစ်ပြီး နွေဘက်မှာရေတစ်စက်မှမကျန်အောင် ခမ်းခြောက်ကုန်တာလဲ⁉️
ရာသီဥတုပြောင်းလဲမှုကြောင့်နဲ့ လူတွေကြောင့်အခုလို မြစ်တို့ရဲ့ကျိန်စာကို ခံနေရတာပါ။ ဒီနှစ်မှာ အနောက်မြောက်ပစိဖိတ်ဒေသမှာ subtropical high pressure system က အတော်ဖိအားမြင့်မားတယ်လို့ ဆိုပါတယ်။ အဲ့ဒီဖိအားနဲ့ လေအေးနဲ့ တွေ့ရာက ယန်ဇီမြစ်ဝှမ်းဒေသမှာ မိုးအကြီးအကျယ်ရွာသွန်းစေခဲ့တယ်လို့ ဆိုပါတယ်။
နောက်တစ်ချက်က ကမ္ဘာကြီးပူနွေးလာမှုပါ။ ကမ္ဘာကြီးပူနွေးမှုဟာ နှစ်ပေါင်းများစွာ ကြာလာတဲ့အခါမှာ ရာသီဥတုဖောက်တဲ့နှစ် အကြိမ်များများပိုကြုံလာရပါတော့တယ်။ နာတာရှည်ရောဂါဖြစ်နေသူမှာ ရောဂါဆိုးတွေမကြာခန ထဝင်တတ်တဲ့ သဘောပါပဲ။ တကယ်တော့ ကျနော်တို့မှီတင်းနေထိုင်တဲ့ ကမ္ဘာမြေကြီးကိုချစ်ခင်ကြင်နာစွာပြန်ဂရုစိုက်ဖို့ အချိန်ကျရောက်နေပါပြီ။
နောက်တစ်ချက်က လူတွေရဲ့ သစ်ပင်ခုတ်ခြင်းနဲ့ ရေကန်တွေ အင်းတွေကို မြေဖို့နေရာယူခြင်းပါ။ မြေဟာတန်ဖိုးရှိတော့ လူတွေက မြေဖို့ပြီး ဟော်တယ်ဆောက်ကြ အိမ်ယာစီမံကိန်းတွေလုပ်ကြပါတယ်။ သဘာဝဂေဟစနစ်ကြီးဟာ လူတွေမဖျက်ဆီးခင်က နှစ်သန်းပေါင်းများစွာ သူ့ဟာသူစည်းချက်ညီစွာနဲ့ လှပအောင်တည်ရှိနေခဲ့တာပါ။
သဘာဝရေဝေလက်ခံရေကန်တွေရှိတယ်။ သစ်ပင်သစ်တောတွေရှိတယ်။ မိုးများရင် အပင်တွေက မြေမပြိုအောင်ထိန်းချုပ်ပေးတယ်။ သစ်ပင်တွေမရှိလို့ မြေတွေပြုန်းတီးမျောပါသွားရင် မြစ်ကြောင်းတိမ်ကောသွားမယ်။ မြစ်ကြောင်းတိမ်ကောသွားရင် ရေလက်ခံနိုင်တဲ့ပမာဏလျော့သွားမယ်။ မိုးတွင်းရေကြီးမယ်။ နွေမှာ ရေခမ်းခြောက်မယ်။ မြစ်ထဲရှိသောင်ကမ်းတွေ၊ အင်းတွေ၊ ရေကန်တွေကို မြေဖို့ပြီး ဟော်တယ်တွေ၊ အိမ်ယာစီမံကိန်းတွေလုပ်ကြတဲ့အခါမှာ မိုးရေကို လက်ခံနိုင်တဲ့ ရေလက်ခံကန်အရွယ်အစား လွန်စွာလျော့ကျသွားတယ်။ ဒါတွေကြောင့် အင်းအိုင်တွေ၊ ရေကန်တွေမှာ မိုးရွာရင် ရေလျှံပြီး နွေမှာရေခမ်းခြောက်တဲ့ ပြဿနာတက်လာတယ်။
သူ့ဟာသူ လှပအောင် သဘာဝကို အလှဆင်ပေးနေတဲ့ ထမင်းကျွေး၊ ဟင်းလျှာပေး၊ ရေတိုက်နေတဲ့ မြစ်တွေကန်တွေကို ဖျက်ဆီးတော့ မြစ်တို့ရဲ့ကျိန်စာကို ပြန်ခံစားရတာပဲ။
သဘာဝမဟုတ်တဲ့ ဆည်တွေဆောက်ခြင်းဟာလည်း ပြဿနာကို ပိုမိုရှုပ်ထွေးစေတယ်လို့ဆိုပါတယ်။ အဲ့ဒီဆည်ကိစ္စက ဘက်စုံကကြည့်ပြီးသုံးသပ်ရမှာမို့ တရုတ်ရဲ့ Three George’s Dam ရဲ့ ပြဿနာတွေကို နောက်မှတင်ပြပါရစေ။ ကောင်းကျိုးဆိုးကျိုးက ဒွန်တွဲနေစမြဲပါ။
တရုတ်ပြည်ရဲ့အကြီးဆုံး ရေချိုကန်ကြီးဖြစ်တဲ့ ပိုယန်ရေကန်ကြီးကိစ္စပြန်ဆက်ရရင် ရေကန်ကြီးဟာ အရင်က ၅၁၆၀ စတုရန်းကီလိုမီတာရှိရာကနေ ၃၈၆၀ စတုရန်းကီလိုမီတာအထိ ဧရိယာလျော့ကျသွားတယ်။
လူတွေက ရေနည်းလေမြေဖို့လေနဲ့ လုပ်လာခဲ့ကြတဲ့ ရလဒ်ပဲ။ အခုလို ကန်ရေလက်ခံဧရိယာရဲ့ ၂၅ ရာနှုန်းကို လုယူလိုက်တော့ ကန်ကရေလက်ခံစရာနေရာမရှိပဲ ရေကြီးရေလျှံတွေဖြစ်ပေါ်စေပါတယ်။ ဒါမျိုးကန်စပ်မှာ မြေဖို့ပြီးအိမ်ယာတွေဆောက်တာ နေရာတော်တော်များများမှာရှိသတဲ့။
ဒါ့ကြောင့် ဒီနှစ်မှာ တရုတ်ပြည်မှာ မကြုံဖူးအောင်ရေကြီးရေလျှံဖြစ်ကာ တာရိုးချိုးချရတဲ့ ဘဝရောက်နေတာဖြစ်ပါသတဲ့။ သောက်စရာရေ၊ စားစရာဟင်း၊ စိုက်စရာချိုးစရာရေကို အမြဲပေးလှုခဲ့တဲ့ မြစ်တွေ၊ ရေကန် အင်းအိုင်တွေဟာ အခုတော့ ကျိန်စာတိုက်နေပြီလို့ ဆိုနေကြပါကြောင်း။
Richard Myo Thant (22-July-2020)
https://www.facebook.com/richard.myothant