မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်ရဲ့ မြစ်ဆုံကိစ္စ ပြတ်ပြတ်သားသား ပြောကြားချက်များ

ကွယ်လွန်သွားပြီဖြစ်တဲ့ မိုးလေဝသပညာရှင်ကြီး ဦးထွန်းလွင်ရဲ့ မြစ်ဆုံကိစ္စ ပြတ်ပြတ်သားသား ပြောကြားချက်များ…

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်သို့ တချိန်က ဆက်သွယ်မေးမြန်းချက်…

“ဧရာဝတီမြစ်ဆုံမှာ ဒမ်ဆောက်တာက ၁၀၀ ရာခိုင်နှုန်း လုံးဝကိုခွင့်မပြုသင့်ဘူး” မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်သည် ဧရာဝတီမြစ်ဆုံစီမံကိန်း တည်ဆောက်မည့် အစီအစဉ်ကို အစဉ်အဆက် ကန့်ကွက်ခဲ့သော ပညာရှင်ဖြစ်သည်။

မေး – မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဒီရက်ပိုင်းမှာ တရုတ်ဘက်က ပြန်စမယ့်သဘော ပြောလာတယ်။ အန်တီကလည်း ကချင်ခေါင်းဆောင်တွေနဲ့ တွေ့တုန်းက စီမံကိန်းလုပ်မယ်၊ မလုပ်ဘူး ဆိုတာကို ယတိပြတ်မပြောသွားဘူးဆိုတော့ မြစ်ဆုံ ပြန်စသင့်၊ မသင့်ဖြေကြားပေးစေချင်ပါတယ်။

ဦးထွန်းလွင် – ဒေါ်အောင်ဆန်းစုကြည်က အရင်တုန်းကတည်းက သူကိုယ်တိုင်လည်းပြောတယ်။ ရွေးကောက်ပွဲ မဝင်ခင် ကတည်းက NLD ရဲ့ သဘောထားရပ်တည်ချက်ဆိုတဲ့ စာအုပ်မှာလည်း မြစ်ဆုံဆည်က မလုပ်သင့်ဘူးဆိုတာက ဖော်ပြ ထားတယ်။ သူ နောက်ထပ် ဘာမှမပြောမချင်း ဒါကိုပဲအတည်ယူမယ်လေ။ သူက ဒါကို မထောက်ခံဘူးဆိုတာတော့ ပြောပြီးသား။ မလုပ်ဘူး ရပ်မယ်ဆိုတာလည်းပါတယ် အချုပ်အခြာထိတယ်ဆိုတာလည်း ပြောပြီးသား၊ နောက်တစ်ခုက တရုတ် သံအမတ်က ခြိမ်းခြောက်ပြောဆိုတယ်လို့ ဒေသခံခေါင်းဆောင် တွေက ပြောတယ်လေ၊ ဒါမှန်ခဲ့ တယ်ဆိုရင်တော့ ဘယ်လို မှ လက်ခံလို့မရဘူးလေ။ တိုင်းပြည်ကို လာခြိမ်းခြောက်ရအောင် ဥပဒေအရရော ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။

မေး – စီမံကိန်းက လုံးဝရပ်သင့်တာလား၊ ပုံစံတစ်မျိုးမျိုးနဲ့ ခွင့်ပြုသင့်ပါသလား။

ဦးထွန်းလွင် – ဆရာတို့ကတော့ လုံးဝပဲ၊ မြစ်ဆုံဆည် မဂ္ဂါဒမ်မှာတော့ လုံးဝပဲ။ ဘာပုံစံတစ်မျိုးမှမရှိဘူး။ ဧရာဝတီမြစ်ဆုံမှာ ဒမ်ဆောက် တာ က ၁၀၀ ရာခိုင်နှုန်း လုံးဝကို ခွင့်မပြုသင့်ဘူး။

မေး – ဧရာဝတီမြစ်ကို ဘယ်လိုနည်းနဲ့ ထိန်းသိမ်းသင့်ပါသလဲ။

ဦးထွန်းလွင် – အဲဒါက မဂ္ဂါဒမ်ကို ပြောနေတာ။ တခြားဒမ်သေးသေးလေးတွေ ဘယ်နေရာဆောက်ဆောက် မြစ်ကို မထိခိုက်ဘူး။ သူ့အပိုင်းနဲ့ သူ ဆောက်လို့ရတယ်။ ပညာရှင်တွေကလည်း အကြံပေးထားတာရှိတယ်။ ဧရာဝတီမြစ် တစ်လျှောက်မှာ အသေးစား၊ အလတ်စားလေးတွေ ဆောက်ပြီးတော့ သူ့အပိုင်းအလိုက် လျှပ်စစ်ပေးတာဖြစ်ဖြစ်၊ ရေပေး တာ ဖြစ်ဖြစ်လုပ်လို့ရတယ်။ ဒါမျိုးကိုတော့ မကန့်ကွက်ဘူး။ အခုစီမံကိန်းက မတရားကို ကြီးမားပြီးတော့ ထိန်းသိမ်းရလည်း ခက်တယ်။ ပြန်လည်ပြီးတော့ အကျိုးအမြတ် ကြည့်တော့လည်း မြန်မာနိုင်ငံအနေနဲ့က ဘာမှအကျိုးအမြတ်မရှိဘူး။

နောက် ကမ္ဘာမှာ မဂ္ဂါဒမ်တွေက ဘယ်တော့မှ အရင်းပြန်ရတယ်ဆိုတာ မရှိဘူး။ ဒါ အောက်စဖို့ဒ်တက္ကသိုလ်က သုတေသန လုပ်ပြီး သား။ နည်းပညာအရလည်း မထောက်ခံဘူး။ ပတ်ဝန်းကျင်ယိုယွင်းမှုလည်း ဖြစ် တယ်။ ရာသီဥတုပြောင်းလဲမှု လည်းဖြစ် တယ်။ မြန်မာနိုင်ငံအနေနဲ့ကြည့်ရင် အချုပ်အခြာအရရော ဘယ်ရှုထောင့်ကကြည့်ကြည့် အရှုံးချည်းပဲ။ အဲဒါကြောင့် မထောက်ခံဘူးလို့ ပြောတာ။

“မြန်မာနိုင်ငံရဲ့ ဧရာဝတီလား။ ဧရာဝတီရဲ့ မြန်မာနိုင်ငံလား။ ဒါလေးကို ပြန်စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ ဧရာဝတီက မြန်မာနိုင်ငံထက် ပိုအသက်ကြီးတယ်။ မြန်မာနိုင်ငံမပေါ်ခင်ကတည်းက ဧရာဝတီဆိုတာ ဖြစ်ထွန်းခဲ့တယ်။ ပညာရှင်တွေ လေ့လာတာကတော့ ဧရာဝတီဆိုတဲ့အမည်ကို အင်းဝခေတ်မှာ ပထမဦးဆုံး စတွေ့တယ်လို့ ပြောပါတယ်။ ဒီအရှေ့ပိုင်းမှာတော့ ရှိမှာပါ။ ဒါပေမဲ့ မသိဘူးပေါ့လေ။ သို့သော် ဘာပဲပြောပြော ဧရာဝတီအပေါ်မှာ မှီပြီးတော့ မြန်မာပြည်ဆိုတာ ဖြစ်လာတယ်။ ဒီတော့ အဖြေကရှင်းပါတယ်။ ဧရာဝတီ မရှိရင် မြန်မာပြည်လည်း မရှိနိုင်တော့ပါဘူး” ဟု ဒေါက်တာဦးထွန်းလွင်က မှတ်ချက်ပေး ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page