သန်လျင်က မြင်းလှည်းဆရာ ကြုံခဲ့ရတဲ့ ပရလောက အဖြစ်အပျက်တခု (ကြောက်တတ်သူများ မဖတ်ရ)

လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဖြစ်သည်။ ရုပ်ပြစာအုပ်များ ရေးနေရစဉ် အချိန်ကဆိုလျှင် မှန်ပါသည်။ ယခုအချိန် ရုပ်ပြစာပေများ ခေတ်မကောင်းသဖြင့် ရုပ်ပြရေးခဲ့သော ပန်းချီဆရာ အတော်များများ အခြားလုပ်ငန်း၊ စီးပွားရေးလိုင်းများသို့ ရောက်ကုန်ကြပြီ ဖြစ်သည်။

ထိုအချိန် ရုပ်ပြစာအုပ်များရေး စဉ် သံလျင်မြို့သို့ ကိစ္စတစ်ခုနဲ့ သွားခဲ့ သည့်အချိန် ကားမှတ်တိုင်မှာ မြင်းလှည်း ဆရာနှစ်ယောက် ပြောပြသော အဖြစ် အပျက်ကို ပြန်ပြောင်းသတိရသည်နှင့် ဤအကြောင်းအရာ အဖြစ်အပျက်ကို ပြန်လည်ရေးသားလိုက်ခြင်းဖြစ်ပေသည်။

ကျနော်၏ ရုပ်ပြစာအုပ်မှာ(ဆက်ဂရောင်း) ရေးဆွဲနေသော ကိုဉာဏ်ထွန်းက သံလျင် မှာနေထိုင်သည့် ဦးမြင့်သိန်း(စံရွှေမြင့်) သားအောင်ဇော်မြင့်သိန်း၏ စာအုပ်မှာ ဘက်ဂရောင်းရေးနေရင်း သူတို့ပိုင်သော ခြံလွတ်အတွင်းမှာ တဲထိုးပြီးနေသည်။ ထိုခြံမှာနေထိုင်ရင်း ရုပ်ပြစာအုပ်မျိုးစုံ ဘက်ဂရောင်းကို လက်ခံရေးဆွဲခဲ့သည်။

ကျနော်လည်း သူ့ကိုအပ်ထားသော ရုပ်ပြတစ်ဖောင်ကို ချိန်းထားသည့်အချိန် ရောက်မလာသည့်အတွက် နေ့ခင်းပိုင်း အိမ်မှာ ကိုဉာဏ်ထံ စာရွက်ယူရန် သံလျင် သို့ (ပါရမီ)ကားကို စီးကာ ထွက်ခဲ့သည်။

ကိုဉာဏ်ထွန်းထံမှ စာရွက်ပြီးသလောက် ယူရင်း သူ့အိမ်နှင့် မနီးမဝေးမှာရှိသော လက်ဖက်ရည်ဆိုင်မှာ နာရီဝက်ခန့် စကားထိုင်ပြောကြသည်။ နှစ်ယောက်သား လမ်းခွဲကြတော့ သုံးနာရီခွဲခန့်ရှိပြီ။

ကျနော်လည်း ရန်ကုန်ထဲပြန်ရန် ကားမှတ်တိုင် ရှိရာသို့ လမ်းလျှောက်လာခဲ့သည်။ မှတ်တိုင် ရောက်ရန် ဆယ်မိနစ်ခန့်လျှောက်ရသည်။ မှတ်တိုင်နားရောက်တော့ သံလျင် (G.T.C)မှာ ဂိတ်ထိုးသည့် ပါရမီကားကြီး မှတ်တိုင်မှ ထွက်သွားသည်ကို တွေ့လိုက်ရသည်။

မှတ်တိုင်ရောက်တော့ ကားပေါ်သို့ လူရှိသမျှတက်သွားသည့်အတွက် မှတ်တိုင်မှာ တစ်ယောက်တည်း ကျန် ခဲ့သည်။ နေကပူ အရိပ်မရှိသည့်အတွက် မှတ်တိုင်နှင့်မဝေးသည့် ဗန်ဒါပင်အောက် သွားရပ်ပြီး အရိပ်ခိုနေလိုက်သည်။

ထိုအပင်အောက်မှာ မြင်းလှည်းမောင်းသည့် လူနှစ်ယောက်မြင်းလှည်းများကို အနားပေးရင်း စစ်တုရင်ကစားနေကြသည်။ ကျနော်နေရိပ် ခိုသည့် သစ်ပင်အောက်မို့ သူတို့ကစား သည်ကို စိတ်ဝင်စား၍ ကြည့်နေစဉ် ထိုဝိုင်း ရှိရာသို့ မြင်းလှည်းတစ်စီးပေါ်မှ မြင်းလှည်း ဆရာတစ်ယောက် ဆင်းလာသည်။

ထိုလူ အနီးရောက်လာသည်နှင့် ကစားဝိုင်းပျက်သွားသည်။ “လှဝင်း မင်းမိန်းမဗိုက်နာလို့ ဆေးရုံ အမြန်သွားရမယ်၊ အမြန်လာခဲ့ဖို့ မင်းအမေ ငါ့ကို မှာလိုက်တယ်” ဟု ပြောသဖြင့် …

“ဟာ…ပွဲကောင်းတဲ့နေ့မှ မိန်းမက ဗိုက်က နာရသေးတယ် ”

ထိုမျှပြောပြီး မြင်းလှည်းဂိတ်မဟုတ်သော်လည်း အရိပ်ကောင်းသည့် သစ်ပင်နှင့်ဘောလုံးကွင်းလို ပြောင်ရှင်းနေသည်မြေပြင်အခြေအနေတို့ကြောင့် မြင်းလှည်းသုံးလေးစီး နေ့စဉ်အနားပေးသည့် နေရာလိုဖြစ်နေသည်။ မြင်းလှည်းလာငှားသူ ရှိလျှင်လည်းလိုက်သည်။

အနားယူ၍ အားရမှ ဂိတ်သို့သွားပြီး ဂိတ်ထိုး ကြသည်။ လှဝင်းဆိုသူ မြင်းလှည်းပေါ်တက်ပြီး ထွက်သွားသည်နှင့် ကျန်ခဲ့သော မြင်းလှည်း မောင်းသမားက သူ့အနီးရောက်လာသည့် မြင်းလှည်းသမားကို စကားစလိုက်သည်။

“လာ ထိုင်ပါဦး၊ ကစ္စနား မနေ့က ညနေပိုင်း မင်း မြင်းလှည်းကို သရဲတွေငှားစီးလို့ဆို” “ဟာ…ဟုတ်ပါ့အကိုရာ …မနေ့က မဟုတ်ဘူး၊ တစ်နေ့က ညခုနှစ်နာရီမထိုးခင်လေးမှာ ကျနော် ခရီးသည်နှစ်ယောက် သွားပို့ပြီးအပြန် ခရမ်း သုံးခွလမ်းခွဲ အလွန်လေးအရောက် လင်မယား နှစ်ယောက် ကလေးမလေးတစ်ယောက် လမ်းဘေးမှာ ရပ်ပြီး မြင်းလှည်းကို တားတယ် ကျနော်လည်း အပြန်ခရီးသည်ရပြီဆိုပြီး ဝမ်းသာစိတ်နဲ့ ပျော်သွားတာပေါ့ဗျာ”

“နေ့တွက်ကိုက်ပြီဆိုပြီးတော့ပေါ့ ဟုတ်လား” “ဟုတ်တယ်လေ သံလျင်မှာ မြင်းလှည်း ဆိုက်ကားတွေ ဒီလောက်ပေါတာ နေ့တွက် ကိုက်အောင် မနည်းရှာရတာ၊ အခု အသွား ခရီးသည်ပို့ပြီး သံလျင်ကိုပြန်အလာ ခရီး ကြုံလိုက်မယ့်သူတွေဆိုတော့ ဝမ်းသာ ရတာပေါ့’

‘ ကျနော်သံလျင်မြို့ထဲ ပြန်တော့မှာ၊ လမ်းကြုံတယ်ဆိုရင်တော့ လိုက်ပို့ပေးမယ် ဒီ့ပြင်ကိုမလိုက်တော့ဘူး၊မြင်းလှည်းပြန် အပ်ရတော့မယ်’ “လမ်းသင့်ပါတယ် သံလျင်မြို့ဆေးရုံကို သွားမလို့ပါ”

‘ဟာ…နောင်ကြီး…ခင်ဗျားကျနော်ကို မသိဘူးလား’ ‘အင်း …သိသလိုပဲ …ဘယ်မှာမြင်ဖူး ပါလိမ့်’

‘ဆရာကြီး ကျနော့်မြင်းလှည်းကို မကြာ မကြာစီးနေတာ သံလျင်ဈေးကြီးမှာ စတိုးဆိုင်ရှိတယ် မဟုတ်လား’ ‘ဟာ…ဟုတ်တယ်၊ သံလျင်ဈေးထဲမှာ စတိုးဆိုင်ရှိတယ်၊ အင်း…မြင်းလှည်းပေါင်းစုံ စီးနေတာဆိုတော့ သေသေချာချာ မသိဘူး’

‘ အိမ်ပြန်မှာမဟုတ်ပဲ ဆေးရုံကို ဘာကိစ္စနဲ့သွားမှာလဲ’ ‘ဆေးကုသရမယ့် ကိစ္စရှိလို့ပေါ့၊ အိမ်ပြန်စရာ မလိုသေးဘူး၊ ဆေးရုံကိုသာပို့ပေးပါ’

ကစ္စနားနှင့် ခရီးသည်ယောင်္ကျားတို့ စကားပြောနေပေမယ့် အမျိုးသမီးက ငါးနှစ်အရွယ်ခန့် ကလေးမလေးကို လက်ဆွဲထားပြီး မျက်နှာခပ်တည်တည် ရှိနေသည်။ ခရီးသည်ယောင်္ကျားက အရင်တက်ပြီး ကလေးမလေးကို ဆွဲတင်လိုက်သည်။

အမျိုးသမီးက နောက်မှတက်လာသည်။ အားလုံးအပေါ်ရောက်သည်နှင့် မြင်းလှည်းကိုမောင်းလိုက်သည်။ မြင်းလှည်းကိုမောင်းရင်း ကစ္စနားက စကားများသူပီပီ စပ်စုလိုက်သေးသည်။

“နောင်ကြီးတို့ ဆေးရုံကိုကိစ္စရှိလို့ သွားတာတော့ ဟုတ်ပါပြီ ကလေးကိုတော့ ဆေးရုံကိုခေါ်မသွား သင့်ဘူး၊ လူနာတွေလာကြည့်ရင် ကလေးခေါ် မလာရဘူးလို့ ဆရာဝန်တွေပြောတာ ကြားဖူးတယ်” “အခုတော့ မခေါ်လို့မဖြစ်၊ ခေါ်ကိုခေါ်သွား ရမှာပဲ၊ မြင်းလှည်းခက ထုံးစံပဲမဟုတ်လား ဆင်းတော့ပေးမယ်”

မြင်းလှည်းစီးနေကျ ခရီးသည်များကတော့ ဈေးကိုမေးစရာမလို၊ အားလုံးသိနေကျဖြစ် သည်။ သံလျင်သားမဟုတ်သည့်ခရီးသည် များကတော့ ဈေးကိုမေးစမ်းပြီး ကျေနပ်မှ စီးကြသည်။

ကစ္စနားလည်း မြင်းလှည်းခကိုပြောမနေတော့ နောက်ဆုံးသိမ်းတော့မည့် အခေါက်မို့ စီးနေကျ ဖောက်သည်ကို မိတ်မပျက်စေချင်၊ ပေးသရွေ့သာယူမည်ဟု ဆုံးဖြတ်ပြီး ငြိမ်နေလိုက်သည်။

‘ပြီးခဲ့တဲ့ငါးရက်လောက်က သုံးခွနဲ့ ရန်ကုန် သွားတဲ့ကားမှောက်တာ မင်းကြားလိုက်သေးလား’ ‘ဟာ…ကြားတာပေါ့၊ ခရီးသည်ငါးယောက် သေပြီး လေးငါးခြောက်ယောက် ဒဏ်ရာတွေ ရပြီး ဆေးရုံရောက်တယ်လို့ မြင်းလှည်းဂိတ်မှာ ပြောနေကြတယ်’

‘အခု ဆေးရုံသွားမှာ ကားမှောက်လို့ ဆေးရုံရောက်နေတဲ့ လူနာထဲမှာ အသိရှိလို့သွားမှာလား’ ‘ဟုတ်တယ် ‘ ‘ဟင်…အပုပ်နံကြီးက နံလိုက်တာ ဟောင်နေတာပဲ’

ကစ္စနားက ရုတ်တရက်မခံမရပ်နိုင်အောင် နံသည့်အပုပ်နံကို နှာခေါင်းရှုံ့ရင်း ပြော လိုက်သည်။ ‘ငါတော့မနံဘူးကွ၊ မင်းပဲ ထူးထူးဆန်းဆန်း လမ်းဘေးက ခွေးသေကောင်ပုပ်ပြီး နံတာ နေမှာပေါ့’ ‘ဒီလောက်ပုပ်ဟောင်နေတာ မနံဘူးတဲ့”

စိတ်ထဲက ဝေဖန်နေတုန်းမှာပင် ရုတ်တရက် အပုပ်နံပျောက်သွားသည်။ ‘မနံတော့ဘူး၊ ခွေးသေကောင်ပုပ်ပဲဖြစ်မယ်၊ နောက်မှကျန်ခဲ့ပြီ…’

စကားဆက်မပြောဖြစ်ပဲ ဆက်ပြီးမောင်းလာ ခဲ့သည်။ ဆေးရုံနားရောက်တော့သည်။ အချိန် က ခုနှစ်နာရီကျော်ပြီး လမ်းမီးတိုင်မှိန်တုပ်တုပ် အောက်မှာ မြင်းလှည်းက ဖြည်းဖြည်းမှန်မှန် သွားနေသည်။

‘ရောက်တော့မယ်၊ အထဲဝင်ပေးရမလား၊ အပေါက်ဝနားမှာ ဆင်းမလား’ ကစ္စနားက ခရီးသည်ယောင်္ကျားကို မြင်းလှည်း မောင်းရင်း မေးလိုက်သည်။ နောက်မှ ကစ္စနား ၏ အမေးကို ပြန်ဖြေသံ မကြားရ၊ သို့ကြောင့် နောက်ကိုလှည့်ကြည့်လိုက်သည်။

‘ဟင်’ နောက်မှာထိုင်နေသည့် ခရီးသည်သုံးယောက် လှည်းပေါ်မှာ ရှိမနေတော့၊ မြင်းလှည်းပေါ်က မည်ကဲ့သို့ ဆင်းသွားသည်ကို မသိလိုက်၊ ခုန်ချရန်လည်း မဖြစ်နိုင် ။ မြင်းလှည်းခလည်း ပေးမသွား။

‘ဒါ…ဒါ ဆို …ဒီမိသားစုသုံးယောက်က လူမဟုတ်ပဲ တစ္ဆေသရဲတွေများလား၊ သ…သရဲတွေပဲ’ ဆေးရုံဝမှာ မြင်းလှည်းရပ်ပြီး ဘာမှဆက် မလုပ်ဖြစ်ပဲ၊ ကြောင်စီစီနှင့် ရပ်နေမိသည်မှာ ဘယ်မျှကြာသွားသည်မသိ…။

တီ…တီ…တီ ဆေးရုံထဲဝင်မည့် ကားတစ်စီး၏ ဟွန်းသံနှင့် အသိပေးမှ သတိပြန်ဝင်လာသည့်အတွက် မြင်းလှည်းကို အပေါက်ဝမှ ဖယ်ပေးလိုက်သည်။ ကစ္စနားစိတ်ထဲ မကျေမလည်ဖြစ်လာသည်။ သရဲအကြောင်း စိတ်ဝင်စားမိသော်လည်း ဆေးရုံအဝမှာ လူဝင်လူထွက်များ ရှိနေသည့် အတွက် ထိတ်ထိတ်ပျာပျာမဖြစ်တော့ဘဲ စိတ်တို့ တည်ငြိမ်လာသည် သို့ကြောင့် မြင်းလှည်းကိုသင့်ရာမှာ ရပ်လိုက်ပြီး ဆေးရုံထဲ ဝင်ခဲ့သည်။ ဆေးရုံဝန်ထမ်းတစ်ယောက်ယောက်ကို လိုက်ရှာစဉ် ဆေးရုံဝင်ပေါက်စောင့်သည့် ဝန်ထမ်းကို တွေ့လိုက်သဖြင့် မေးမြန်း စုံစမ်းရန် အနားသို့ သွားလိုက်သည်။

‘အစ်ကိုကြီး…မသိလို့ တစ်ခုလောက် မေးချင်ပါတယ် ‘ ‘ကဲ…ဆို ဘာသိချင်တာလဲ’ ‘ပြီးခဲ့တဲ့ ရက်ပိုင်းက ခရမ်းသုံးခွဘက်သွားတဲ့ ကားမှောက်တဲ့အကြောင်း သိချင်လို့ပါ’ ‘မင်းက …သူတို့အမျိုးအဆွေထဲကလား’ ‘ကျနော့်မိတ်ဆွေပါသွားတယ် ကြားလို့ပါ’ ‘သေတာက ငါးယောက်’ ‘ဒီသံလျင်က မိသားစုသုံးယောက် သေတဲ့ထဲမှာ ပါသွားလားသိချင်လို့ပါ’

‘ဟာ…ပါတယ်၊ ပထမ ယောင်္ကျားက အရင်သေတယ်ကွ မိန်းမက သံလျင်ရေနံချက် စက်ရုံက အရာရှိလို့လည်းပြောတာပဲ၊ သူ့ယောင်္ကျားက ဈေးကြီးထဲမှာ ဈေး ရောင်းတယ်တဲ့၊ သူတို့သမီးလေးလည်း သေသွားတယ်’

‘ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်၊ အစ်ကိုကြီး ကျနော်က မြင်းလှည်းမောင်းပါတယ်’

သူတို့မကြာခဏ မြင်းလှည်းစီးနေလို့ မျက်မှန်း တန်းမိနေတယ်၊ လွန်ခဲ့တဲ့နာရီဝက်သာသာ လောက်က သူတို့ကားမှောက်တဲ့ နေရာဖြစ်မယ်၊ မြို့ပြင်ခရမ်းသုံးခွ ကားလမ်းပေါ်မှာ ခရီးသည် ပ့ိုပြီး ပြန်အလာ သူတို့သုံးယောက်တားပြီး မြင်းလှည်းကို စီးလာတယ်

သူတို့က အိမ်ကိုမမောင်းခိုင်းပဲ ဆေးရုံကို မောင်းခိုင်းလို့ သူတို့သုံးယောက်ကိုတင်ပြီး မောင်းလာခဲ့တယ် ၊ လမ်းမှာစကားတော့ ပြောလာတာပဲ၊ ကျနော်ပြောသမျှတော့ ပြန်ပြောနေတာပဲ

ဒီတော့ ကျနော်လည်း ဘာမှမသင်္ကာမဖြစ်မိဘူး ဆေးရုံဝရောက်တော့ သုံးယောက်လုံးပျောက် ချင်းမလှ ပျောက်သွားတယ်၊ ဒီတော့လူမဟုတ်ပဲ တစ္ဆေသရဲတွေမှန်း သိလိုက်တော့တယ်။

အဲဒီလူက သံလျင်ဈေးကြီးထဲမှာ စတိုးဆိုင် ရောင်းနေတာ၊ ဈေးလာဖွင့်တဲ့အချိန်၊ ဈေးသိမ်းပြန်တဲ့အချိန် ကျနော့်မြင်းလှည်းနဲ့ မကြာခဏ စီးဖူးလို့ မျက်မှန်းတန်းမိနေတာ

ဆေးရုံနားမရောက်ခင် လွန်ခဲ့တဲ့ငါးရက်က ကားမှောက်ပြီး လူသေတဲ့သတင်း ကြားမိစေးလားလို့ မေးတယ် ကြားတယ် လူငါးယောက်သေတယ်လို့ ကြားတာပဲပြောပြီး သူကလည်း ဆက်မပြောတော့၊ ကျနော်ကလည်း ဆက်မမေးဖြစ်တော့ဘူး’

‘ဒါဆို မင်းမြင်းလှည်းကို သေသွားတဲ့ မိသားစုက ငှားစီးလာတာပေါ့ ဟုတ်လား’ ‘အခုမှ အစ်ကိုကြီး ပြောပြလို့သိရတာ၊ စောစောကသာ သူတို့သေပြီးတာသိထားရင် ဘယ်တင်ခဲ့ပါ့မလဲ၊ သေချာသိရပြီဆိုတော့ စိတ်ထဲရှင်းသွားပါပြီ၊ ကျနော်သွားဦးမယ်’

‘ဒါနဲ့ မြင်းလှည်းငှားခပေးသွားသေးလား’ ‘ဆေးရုံရောက်မှ ယူတော့ဆိုတာနဲ့ မယူဖြစ်လိုက်ဘူး’ ‘အင်း…သရဲပေးတဲ့ပိုက်ဆံဆိုရင် အစစ်တော့ ဖြစ်မယ် မထင်ဘူးကွ’ ‘ဘာပဲရရ အမှတ်တရ ရှိတာပေါ့ ဟား ဟား ဟား’ ကစ္စနားက သဘောကျစွာ ရယ်ရင်း ဆေးရုံအပေါက်စောင့်အား နှုတ်ဆက်ပြီး မြင်းလှည်းရှိရာသို့ ပြန်လာခဲ့သည်။

မြင်းလှည်းဆရာ ကိုကစ္စနားဆိုသူက သူမြင်းလှည်းကို သရဲစီးလာသည့်အကြောင်း ပြောပြနေသည်ကို ဆုံးအောင်နားထောင်နေ သဖြင့် ပါရမီကားနှစ်စီးထပ်ထွက်သွားသည်။

“ကဲ…ငါဂိတ်သွားထိုးတော့မယ်၊ မင်းရော” “ကျနော် အိမ်ပြန်ရေချိုး ထမင်းစားပြီးမှ ညနေပိုင်း ပြန်ထွက်တော့မယ်” “ဒီတစ်ခါ သရဲနှင့် ထပ်တိုးမှ ဟုတ်ပေဖြစ်မယ် နေ့ဘက်ဆို ပိုအားစိုက်ပေါ့၊ ညဘက်နားတာ ကောင်းတယ် ”

“နေ့တိုင်းတော့ သရဲမစီးနိုင်ပါဘူးဗျာ” မြင်းလှည်းသမားနှစ်ယောက် မြင်းလှည်းများပေါ် တက်ပြီး မောင်းထွက်သွားမှ ကားမှတ်တိုင်ရှိရာသို့ လျှောက်လာမိသည်။

ထိုအချိန် သံလျင်ဘက်ဆီမှ ရန်ကုန်ထဲသွားမည်။ ပါရမီကားကြီး မှတ်တိုင်သို့ ရောက်လာသည့်အတွက် ကားပေါ်တက်ပြီး ရန်ကုန်သို့ ပြန်ခဲ့တော့သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း၊ စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ

မဖဲဝါနှင့် စာခြောက်ရုပ် သရဲကြီး စာအုပ်မှ ကောက်နုတ်တင်ပြထားသည်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page