မြေအောက်ရေ အလွန်အကျွံသုံးစွဲမှုကြောင့် လှိုင်းတွန့်ပုံ ဖြစ်သွားတဲ့ မက္ကဆီကိုနိုင်ငံက အဆောက်အဦးကြီး
ပုံပါအဆောက်အအုံကိုရုတ်တရက်ကြည့်ပါက အမြင်ဆန်းအောင် ဗိသုကာနှင့်အင်ဂျင်နီယာတို့ လက်စွမ်းပြဆောက်လုပ်ထားလေသလားဟု ယူဆစရာဖြစ်သည်။
တကယ်တော့ ယင်းအဆောက်အအုံသည် မက္ကဆီကိုစီးတီး၌ မြေအောက်ရေအထုတ်လွန်မှုကြောင့် မြေပြင်နိမ့်ကျသွားသဖြင့် ပုံပျက်သွားခြင်းသာဖြစ်သည်။ မြေပြင်နိမ့်ကျရာတွင် မညီမျှ၍ လမ်းရော အဆောက်အအုံပါ လှိုင်းထ၍ ကျန်နေသည်။
မက္ကဆီကိုနိုင်ငံ၏မြို့တော် မက္ကဆီကိုစီးတီးသည် ၁၉၅၀ ခုနှစ်ကနှင့်စာလျှင် ၂၀၁၀ ခုနှစ်၌ အကျယ်အဝန်းအားဖြင့် အဆ ၁၀၀ ကျယ်ပြန့်လာခဲ့ပြီး လူဦးရေအားဖြင့် ခုနစ်ဆတိုးပွားလာခဲ့သည်။ လက်ရှိလူဦးရေမှာ ၂၁ သန်းခန့်ရှိရာ ရန်ကုန်ထက်သုံးဆခန့်များသည်။
မြို့ကွက်ကျယ်လာ လူများလာသော်လည်း စနစ်တကျစီမံမှုမရှိသဖြင့် သောက်သုံးရေအတွက် မြို့နေလူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည် ရက်သတ္တ တစ်ပတ်လျှင် နာရီအနည်းငယ်သာ ပိုက်ကလာသောရေကိုရသည်။ ၂၀ ရာခိုင်နှုန်းက တစ်ရက်လျှင် နာရီ အနည်းငယ်ရေရသည်။ လိုသောရေအတွက် ရပ်ဝေးမှလာရောင်းသော ရေသယ်ကားများထံမှ ရေဝယ်သုံးရသည်။
ထိုမျှဖြင့် မလောက်ငသောကြောင့် မြေအောက်ရေအပြိုင်အဆိုင်ထုတ်ကြသဖြင့် မြေပြင်ကျွံဝင်ကာ ကွဲသည်က ကွဲ၊ စောင်းသည်က စောင်းဖြစ်နေသည့် အဆောက်အအုံများ မက္ကဆီကိုစီးတီးတွင် အများအပြားရှိသည်။
(လှိုင်းပုံဖြစ်သွားသောအဆောက်အအုံသည် အထပ်မြင့်မဟုတ်၊ နှစ်ထပ်သာရှိသည်ကိုလည်း သတိပြုရန် ဖြစ်ပါသည်။)
ရေးသားသူ – ဆရာကျော်ဦး