ပီရူးနိုင်ငံက ယနေ့တိုင်အဖြေရှာမရသေးတဲ့ နှစ် ၂၀၀၀ သက်တမ်းရှိ မြေထွင်းကြောင်းပုံများ

နှစ် ၂၀၀၀ သက်တမ်းရှိ မြေထွင်းကြောင်ပုံ ပီရူးနိုင်ငံ နက်ဇ်ကာမျဉ်းကြောင်းများအနီး တောင်စောင်း၌ ရှာဖွေတွေ့ရှိ။ သင်္ချာမထွန်းကားမီ ရှေးဟောင်းနက်ဇ်ကာယဉ်ကျေးမှုကာလတွင် မျဉ်းကြောင်းများကို မည်သည့်နည်းပညာကိုသုံး၍ မည်သည့် ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့သည်ကို ယနေ့တိုင် အဖြေရှာမရ…

နက်ဇ်ကာမျဉ်းကြောင်းများဟု လူသိများသည့် ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု့ အမွေအနှစ်နေရာအား ပြန်လည်ပြုပြင်စဉ် ရှေးဟောင်းသုတေသနပညာရှင်များသည် မှုန်ဝါးဖုံးကွယ်လျှက်ရှိသည့် မြေထွင်းပုံသဏ္ဍာန်တစ်ခုကို မတော်တဆ တွေ့ရှိခဲ့ကြောင်း ပီရူးယဉ်ကျေးမှုဝန်ကြီးဌာနက လွန်ခဲ့သည့် ရက်သတ္တပတ်၌ ကြေညာလိုက်သည်။

တောင်စောင်းတွင် ကိုက် ၄၀ ခန့် အလျှားရှိ မြေထွင်းပုံသဏ္ဍာန်သည် အချွန်ပုံ နားရွက်များ၊ ဝိုင်းစက်သော မျက်လုံးများ နှင့် အစင်းပါအမြီးရှည်တို့ပိုင်ဆိုင်သည့် သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ဖော်ပြနေသည်။ ကြောင်များ မကြာခဏပြုလေ့ရှိသည့်အတိုင်း ပျင်းရိလေးတွဲစွာ ခြေပစ်လက်ပစ် လဲလှောင်းနေပုံမျိုးဖြစ်သည်။

ကြောင်ပုံသဏ္ဍာန် မြေထွင်းရုပ်ပုံမှာ ဘီစီ ၂၀၀ မှ ဘီစီ ၁၀၀ အတွင်း ထွင်းထုခဲ့ဟန်တူကြောင်း သက်ဆိုင်ရာကျွမ်းကျင်သူများက ခန့်မှန်းထားသည်။ ပီရူးနိုင်ငံမြို့တော် လီမာမှ အရှေ့တောင်ဘက် မိုင် ၂၅၀ ခန့်အကွာ နက်ဇ်ကာနှင့် ပယ်လ်ပါမြို့များအကြား ကန္တာရလွင်ပြင်တွင် ဖော်ထုတ်နိုင်ခြင်းဖြစ်ပြီး သက်ရှိသတ္တဝါများနှင့် အပင်ပုံများ ထွင်းထုထားသည့် နက်ဇ်ကာမျဉ်းကြောင်းများအနက် နောက်ဆုံး တွေ့ရှိချက်ဖြစ်သည်ဆို၏။

နက်ဇ်ကာမျဉ်းကြောင်းများကို ပီရူးနိုင်ငံ ကောင်းကင်မြေတိုင်းသူများက ၁၉၂၇ ခုနှစ်တွင် ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာတွင် ပိတုန်းငှက်၊ မျောက်နှင့် ဝေလငါးသဏ္ဍာန်များကို မြေတွင် တူးဖော်ထားခြင်းဖြစ်ပြီး အချို့သော မျဉ်းကြောင်းတို့မှာ မိုင်ချီရှည်လျားသဖြင့် လေယာဉ်ပေါ်မှနေ၍ ကြည့်ရှုမှသာ မြင်နိုင်သည်။ ၁၉၉၄-ခုနှစ်တွင် ယူနက်စကိုက နက်ဇ်ကာနှင့် ပယ်လ်ပါရှိ မျဉ်းကြောင်းများနှင့် မြေထွင်းရုပ်ပုံများအား ကမ္ဘာ့ယဉ်ကျေးမှု့ အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ထားသည်။

ယခုကြောင်ပုံမှာ နက်ဇ်ကာရှိ သမိုင်းမတိုင်မီ ယခင်မြေထွင်းရုပ်ပုံများထက် ပို၍ ရှေးကျမည်ဟု ယူဆရသည်။ ရှေးဟောင်းပီရူးလူမျိုးတို့က မဲနက်နေသော ကျောက်သားမြေလွှာကို ပို၍အရောင်ဖျော့သော အောက်ခံသဲလွှာ ပေါ်သည်အထိ ဖယ်ရှား ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ရသည်။ သုတေသီများကမူ ၎င်း ရုပ်ပုံများကို ဤကိန်းဂဏန်းများကို ဖန်တီးသူတို့မှာ တစ်ချိန်က ခရီးသွားလာသူများ၏ အမှတ်အသားဖြစ်သည်ဟု မှတ်ယူကြသည်။

မျက်မှောက်ခေတ်တွင် မောင်းသူမဲ့လေယာဉ်ဖြင့် ဓာတ်ပုံများ ရိုက်ကူးခြင်းဖြင့် ဆက်လက်စူးစမ်းရှာဖွေခဲ့သည်။ ၂၀၁၉-ခုနှစ် တွင် ဂျပန်မှသုတေသီများသည် ဂြိုဟ်တုဓာတ်ပုံနှင့ ်သုံးဖက်မြင်ပုံရိပ်များ၏အကူအညီဖြင့် အဆိုပါနေရာ၌ မြေထွင်းရုပ်ပုံအသစ် ၁၄၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ကိုရိုနာဗိုင်းရစ်စ်ရောဂါဖြစ်ပွားမှုကြေင့် ကမ္ဘာလှည့်ခရီးသွားစခန်းအများစုကို ပိတ်ထားရသည့်တိုင် သုတေသနနှင့်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ မီရာဒိုသဘာဝနယ်မြေတွင် ရှေးဟောင်းသုတေသနပညာရှင်များနှင့် ဝန်ထမ်းများသည် စိတ်ဝင်စားဖွယ်ကောင်းသောအရာတစ်ခုကို ရှာဖွေတွေ့ရှိချိန်မှစတင်၍ မှုန်ဝါးဖုံးကွယ်နေသည့် မျဉ်းကြောင်းအား ဂရုတစ်စိုက်လေ့လာခဲ့သည်။ တောင်ပို့ကို သန့်ရှင်းလိုက်သည့်အခါ ကြောင်တစ်ကောင်သဏ္ဍာန် မျဉ်းကြောင်းများဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာသည်။

ပုံသဏ္ဍာန်မှာ မတ်စောက်သော တောင်စောင်းပေါ်တွင်တည်ရှိသည့်အတွက် သဘာဝတိုက်စားမှု့၏ အကျိုးဆက်အဖြစ် မမြင်နိုင်လောက်အောင်ပင် ပျောက်ကွယ်လုနီးပါး ဖြစ်လျှက်ရှိသည်။ နယ်မြေအတွင်း တင်းကြပ်ထားသော စည်းကမ်းများကို ဖောက်ဖျက်ကာ အမှတ်မထင် ခြေရာများသည်ပင် ထိရှလွယ်သော မြေလွှာအား ပျက်စီးစေနိုင်သည်။ ကူးစက်ကပ်ရောဂါကြောင့် ခရီးသွားလာခြင်းများကို မပိတ်ပင်မီ လာရောက်လည်ပတ်သူများအနေဖြင့် မျဉ်းကြောင်းများနှင့် ပုံသဏ္ဍာန်များအား လေယာဉ်ပေါ်မှသာ ကြည့်ရှုခွင့် ပြုခဲ့သည်။

သို့သော် နက်ဇ်ကာမျဉ်းကြောင်းများအား ပြစ်တင်ရှုတ်ချသည့် အနှောင့်အယှက်များ ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့ သည်။ ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြုရေးကို လှုံဆော်သည့် Greenpeace “ အစိမ်းရောင် ငြိမ်းချမ်းရေး “ တက်ကြွလှုပ်ရှားသူများသည် ပိတုန်းငှက်ပုံသဏ္ဍာန်ကြီးအနီး ဖိနပ်ခြေရာများ ထင်ကျန်စေခဲ့ ကြောင်း ပီရူးအရာရှိများက ပြောဆိုသည်။

၂၀၁၈ ခုနှစ်တွင်လည်း မြေထွင်းမျဉ်းကြောင်း သုံးခုအား လယ်ထွန်စက်နောက်တွဲဖြင့် တမင်ဖြတ်ကျော် မောင်းနှင်သူအား ဖမ်းဆီးခဲ့ရသည်။

ယခုလတွင်မူ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပီရူးတွင် သောင်တင်နေပြီး ၁၆ ရာစုနှစ် ရှေးဟောင်း အင်ကာခံမြို့အား ကြည့်ရှုရန် ခုနစ်လကြာမျှ စောင့်ဆိုင်းနေခဲ့သည့် ကံထူးသူ ကမ္ဘာလှည့်ခရီးသွားတစ်ဦးအတွက် မာချူပီချုူ စခန်းအား အာဏာပိုင်များက ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

နက်ဇ်ကာမျဉ်းများသည် အကျယ်အဝန်း ၁၉၅ စတုရန်းမိုင်မျှရှိသည့် ကန္တာရမြေပေါ်တွင် အဖြောင့်၊ တြိဂံနှင့် စပရိန်ပုံများဖြင့် တိရစ္ဆာန်နှင့် အပင်များပုံသဏ္ဍာန်ကို ရှုတ်ထွေးစွာရေးဆွဲထားခြင်းဖြစ်သည်။ သင်္ချာပညာရပ် မထွန်းကားမီ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ကျော် ရှေးဟောင်း နက်ဇ်ကာယဉ်ကျေးမှုကာလတွင် ယင်းမျဉ်းကြောင်းများကို မည်သည့် နည်းပညာကိုသုံး၍ မည်သည့် ရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့သည်ကို ယနေ့တိုင် အဖြေမရရှိသေးချေ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page