ကုန်သည်တွေရဲ့ မျက်ရည်ဖြစ်သွားတဲ့ ကြက်သွန်နီ သိန်း ၆၀၀၀ ဖိုးနဲ့ ဖွင့် မဖွင့် မသေချာတဲ့ တရုတ်နယ်စပ်ဂိတ်

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေး ဇုံ ၁ ခု ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုန် နယ်စပ်ဂိုဒေါင်တွေမှာ တရုတ်နိုင်ငံကိုတင်ပို့မယ့် မြန်မာ့ကြက်သွန်နီတွေ ပိတ်မိပျက်စီးကုန်လို့ မြန်မာငွေ သိန်း ၆ ထောင်ကျော် ဆုံးရှုံးနေတယ်လို့ မြန်မာကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။

ကြက်သွန်နီ ၁ တန်ကို ၁ သိန်း ၈ သောင်းပေးဝယ်ပြီး ဂိုထောင်ထဲမှာ ချထားကြောင်း၊ တရုတ်နယ်စပ်ဂိတ်တွေ ပိတ်နေလို့ အပင်ပေါက်တာ၊ ပုပ်တာတွေနဲ့ ပျက်စီးသွားကြောင်း၊ ဂိုထောင်ခ၊ ကားခနဲ့ဆိုရင် အများကြီး ဆုံးရှုံးသွားကြောင်း ကုန်သည်တဦးက ပြောပါတယ်။

ထို့အပြင် ဆုံးရှုံးမှုများနေတာကြောင့် အဲဒီဂိုဒေါင်တွေထဲက ကြက်သွန်နီအကောင်းတွေကို ကား လေး၊ငါးစီးစာ ‌ရွေးပြီး ချင်းရွှေဟော်ဘက်ကနေ တရုတ်ဘက်ကို တင်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် တင်ပို့ခွင့် မရဘဲ ပြန်လှည့်လာခဲ့ရတာကြောင့် ကားခသာ ကုန်သွားတယ်လို့ နောက်ထပ် ကုန်သည်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

တရုတ်တွေက မြန်မာ့ကြက်သွန်နီတွေကို မစားကြောင်း၊ မြန်မာ့ ကြက်သွန်နီက အော်ဂဲနစ် ဖြစ်တဲ့ အတွက် ဗီယက်နမ်နိုင်ငံသို့ ပြန်လည်တင်ပို့တာ ဖြစ်ကြောင်း ကုန်သည်တဦးက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က မြန်မာဘက်ကို ဆေးဝါးနဲ့ကျန်းမာရေးပစ္စည်းတွေ တင်သွင်းခွင့်ကလွဲလို့ ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကျင်းစန်းကျော့ဂိတ်ကို ဇူလိုင်လ ၈ ရက်နေ့ကစ အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး ချင်း‌ရွှေဟော်ဂိတ်ကို‌တော့ အောက်တိုဘာလ ၆ ရက်နေ့ကစ ပိတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထိုသို့ ပိတ်လိုက်တာကြောင့် နှစ်နိုင်ငံကုန်သွယ်မှု ၁၀၀ ရာခိုင်နှုန်း ရပ်တန့်သလို ဖြစ်သွားခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အဲဒီဂိတ် ၂ ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် ပို့ကုန်သွင်းကုန်တွေကို ကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page