ယနေ့ မြန်မာဝတ်စုံဆိုပြီး ဝတ်ဆင်နေကြတဲ့ ပုဆိုးနဲ့ တိုက်ပုံဟာ မြန်မာဝတ်စုံမဟုတ်ပါ

သွေးနှောဝတ်စုံ…

ယနေ့ မြန်မာဝတ်စုံလို့ပြောပြီးဝတ်ဆင်နေကြတဲ့ ပုဆိုးနဲ့ တိုက်ပုံဟာ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းပြောတဲ့ မြန်မာဝတ်စုံမဟုတ်ပါ။ တရုတ်နှင့်အိန္ဒိယ လူမျိုး ၂ ခုရဲ့ သွေးနှောဝတ်စုံ ပါ။

ဒေါက်တာသန်းထွန်း ပြောခဲ့သည့် အဖြစ်အပျက်မှာ…

ဦးနေဝင်း ခေတ်တုန်းက တဲ့။ သိပ်ပြီး အမျိုးဂုဏ် ဇာတိဂုဏ်တွေကို လူကြားကောင်း သိပ်လုပ်ပြနေတဲ့အချိန်။ ဦးနေဝင်းကြီး အာဏာစက်အောက်က ပါချုပ်ကြီးကလည်း ဗောင်းတော်ညိတ် စိတ်တော်သိရလေတော့ တက္ကသိုလ် ကျောင်းသားကျောင်းသူတွေအပေါ်ကိုလည်း ချုပ်ချယ်မှု လွှမ်းမိုးနှိုင်မှု ရှိအောင်လုပ်တဲ့သဘောလည်း သက်ရောက်အောင်ဆိုပြီး မြန်မာအမျိုးသားဝတ်စုံတွေချည်း ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်ပါလေရော။

ကျောင်းသားတွေကြား ဂယက်ကြီးရိုက်ပြီး တအုံနွေးနွေး ဖြစ်နေကြပေမယ့် ဖိနှိမ်မှု ပြင်းထန်ခဲ့တော့ မကျေနပ်ပေမယ့် တော်ရုံ ထကြွဖို့ ဆိုတာက ချက်ချင်းမလွယ်ဘူးလေ။

အမိန့်ထုတ်ပြီး နောက်တနေ့ ကျောင်းဝန်းထဲ ထူးထူးခြားခြား ပုဂ္ဂိုလ်တဦး ဝင်လာတယ်။ ခေါင်းပေါင်းကြီးတလူလူ။ လူဟန်က ခပ်ဝဝ။ အပေါ်ဝတ်က ရင်ဖုံး၊ ပုဆိုးက တေင်ရှည်၊ တကယ့်အခန့်အထည် အတည်အကြည်ကြီးနဲ့ ဝင်လာတာပါ။ သေချာကြည့်တော့ ဒေါက်တာသန်းထွန်း။ ဆရာကြီးဆိုတော့ တအံ့တသြ ဖြစ်ကြရုံကလွဲပြီး ဘယ်သူမှ မမေးရဲဘူး။ မပြောရဲဘူး။

နောက်မှ တချို့က သဘောပေါက်လိုက်တယ်။ ဆရာကြီးရွဲ့ပြီ။ ရွတ်ပြီ ဆိုတာကို။ ပါချုပ်နဲ့အဖွဲ့လည်း သဘောပေါက်ပေမယ့် ဘာမှ မပြောရဲသေးဘူး။ စောင့်ကြည့်တော့ ဆရာကြီး ဒေါက်တာသန်းထွန်းကတော့ ခပ်တည်တည်ပဲ။ အခန်းတွေဝင်။ စာတွေပို့ချ။ ဘာမှ မဖြစ်သလို။

နောက်တနေ့ ဒီလိုပဲ ဝတ်ဆင်တယ်။ ဒီလိုပဲ စာသင်တယ်။ ကျောင်းသားတွေသဘောပေါက်လာတာနဲ့အမျှ တခြားမေဂျာက တခြားကျောင်းက ကျောင်းသားကျောင်းသူတွေက တကူးတက ကို လာကြည့်ကြ။ အားကျကြ။ သဘောပေါက်ပြီး ဒီလို လိုက်ဝတ်ကြမယ်ဆိုတာတွေတောင် ပြောဆိုနေကြတော့ ပါချုပ်လည်း မနေသာတော့ဘူး။ နောက်ဆုံး တခြားကျောင်းအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်ပင်ပြီး ဆရာကြီးကို ပါချုပ်ခန်းမှာ ဆွေးနွေးဖို့ ခေါ်ပါလေရော။ ကွိုင်တော့ စတက်ပြီပေါ့။

ဆရာကြီးကတော့ ခပ်အေးအေးပဲ။ ကျောင်းအာဏာပိုင်တွေ (တချို့အဆို အပြင်အာဏာပိုင်တွေလည်း ဝင်ထိုင်နေကြတယ်ဆိုတယ်) စုံနေပါသတဲ့။

” ဆရာကြီး ။ ဘာလို့ဒီဝတ်စုံတွေ ဝတ် ဝတ်လာတာလဲ။” လို့ ပါချုပ်က မရဲပေမယ့် မာန်တင်းပြီး မေးလိုက်ပါသတဲ့။

”ဗျာ။ ခင်ဗျားတို့ပဲ မြန်မာဝတ်စုံဝတ်ဖို့ အမိန့်ထုတ်ထားတာလေ။ ခင်ဗျားတို့အမိန့်လိုက်နာရသပေါ့”

”ကျနော်တို့ ဝတ်ခိုင်းတာက တောင်ရှည်တွေ ခေါင်းပေါင်းတွေ ရင်ဖုံးတွေ မဟုတ်ဘူးလေ။ မြန်မာအမျိုးသား ဝတ်စုံ ဝတ်ခိုင်းတာ”

”နို့။ ကျုပ်ဝတ်တာ မြန်မာအမျိုးသားဝတ်စုံလေဗျာ”

”ဒီလိုပါဆရာကြီး ။ ကျနော်တို့ ဆိုလိုတာ တိုက်ပုံ ကော်လာကတုံး ပုဆိုး နဲ့။ အဲဒါကိုပြောတာပါ” တဲ့။

ဒီတော့ ဒေါက်တာသန်းထွန်းဟာ မတ်တပ်ရပ် ခါးမတ် ရင်ကော့ပြီး ခပ်တင်းတင်းနဲ့ ”ဒီမှာဗျ။ ဘာမှမသိပဲ ဆရာမလုပ်နဲ့။ မြန်မာဝတ်စုံဆိုတာ ဒါမှမြန်မာအစစ်။ ခင်ဗျားတို့ ပြောတဲ့ဟာတွေက အင်္ကျီက တရုတ်။ ပုဆိုးက အိန္ဒိယ။ ဒီနှစ်ခုကို မြန်မာမှုပြုထားတာဗျ။ မှတ်ထား” ဆိုပြီး အခန်းထဲက ထ ထွက်သွားပါလေရောဗျာ။

ပါးစပ်အဟောင်းသားနဲ့ ကျန်နေခဲ့တဲ့ အာဏာပိုင်တွေဟာ နောက်တနေ့မှာ သူတို့ထုတ်ထားတဲ့ မြန်မာဝတ်စုံနဲ့သာ ကျောင်းတတ်ရမယ်ဆိုတဲ့စည်းကမ်းစာရွက် ဆွဲဖြဲဆုတ် ရုတ်သိမ်းလိုက်ရပါသတဲ့လေ။

သူရိန်ထက်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page