ခိုးမှုထဲမှာ အပြစ်အကြီးဆုံး ဖြစ်တဲ့ မြေခိုးမှု (တထွာ၊ တပေ၊ တတောင်နဲ့ ခံရမယ့် အပြစ်က မနည်းလှပါဘူး)

အပြစ်အကြီးဆုံး ခိုးမှု ဒီစာလေးဖက်ပြီးသွားရင် ကိုယ်ဘက်ပါနေတဲ့ မြေနေရာလေး ပြန်ပေးလိုက်ပါနော်

ခိုးခြင်းမျိုးစုံထဲမှာ မြေခိုးတာဟာ အပြစ်အကြီးဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ အပေါ်ယံကြည့်ရင်သာ နှစ်ပေ သုံးပေမို့ မများဘူး ထင်ရပေမယ့် အောက်အဝီစိရောက်အောင် တိုင်းကြည့်လိုက်ရင် ဘယ်နည်းမှာလဲ။

ဒါကြောင့် မြေခိုးတဲ့အပြစ်ဟာ အကြီးဆုံးလို့ ပြောတာ။ အကုသိုလ် လုပ်တိုင်း လုပ်တိုင်း ဇော (၇) ချက် စောတယ်။ ဇောဆိုတာ စေတနာပါပဲ။ ကောင်းတဲ့ စေတနာက ကောင်းကျိုးပေးသလို မကောင်းတဲ့ စေတနာက မကောင်းကျိုးပေးပါတယ်။

ခိုးတာဆိုရင် အကုသိုလ်စေတနာဇောပေါ့။ ဒီဇော (၇) ချက်ထဲက ပထမဇောက ဒီဘဝမှာ မကောင်းကျိုးပေးတယ်။ သတ္တမဇောက ဒုတိယဘဝမှာ မကောင်းကျိုးပေးတယ်။ ဒီဇောနှစ်မျိုးက အားမကောင်းရင် အကျိုးမပေးနိုင်ပဲ အဟောသိကံ ဖြစ်သွားတာလည်း ရှိတယ်။

ဒါကြောင့် မကောင်းတာလုပ်ပြီး ချမ်းသာတဲ့သူတစ်ချို့ ရှိသလို ကောင်းတာလုပ်နေတဲ့ ကြားထဲက ဆင်းရဲဒုက္ခ ရောက်နေသူတွေလဲ ရှိတာပေါ့။ မကောင်းတာ လုပ်ပြီး ကြီးပွားနေတာကို တွေ့ရရင် အကုသိုလ်ကို အထင်မကြီးလိုက်ပါနဲ့။ အကုသိုလ် မှန်သမျှဟာ မကောင်းကျိုးပဲ ပေးပါတယ်။ ဘယ်တော့မှ ကောင်းကျိုးကို မပေးပါဘူး။

အခုကောင်းကျိုး ခံစားနေရတယ်ဆိုတာ တစ်ခြားဘဝက ပြုခဲ့တဲ့ကုသိုလ်ကံက အရင်လာပြီး အကျိုးပေးနေတာပါ။ အကုသိုလ် ကံက သူ့အလှည့်ကို စောင့်နေတုန်းပါ။ အကုသိုလ်ကံက သူ့အလှည့်ကျလာပြီ ဆိုရင်တော့ မကောင်းကျိုးကိုသာ ပေးမှာပါ။

ကောင်းတာလုပ်ပြီး ဆင်းရဲနေတာကို တွေ့ရရင် ကုသိုလ်ကို အထင်မသေးလိုက်ပါနဲ့။ ကုသိုလ် မှန်သမျှဟာ ကောင်းကျိုးပဲ ပေးပါတယ်။ ဘယ်တော့မှ မကောင်းကျိုးကို မပေးပါဘူး။ အခုဆင်းရဲပြီး မကောင်းကျိုး ခံစားနေရတာက တစ်ခြားဘဝက ပြုခဲ့တဲ့အကုသိုလ်ကံက အရင်လာပြီး အကျိုးပေးနေတာပါ။

ကုသိုလ် ကံက သူ့အလှည့်ကို စောင့်နေတုန်းပါ။ ကုသိုလ်ကံက သူ့အလှည့်ကျလာပြီဆိုရင်တော့ ကောင်းကျိုးကိုသာ ပေးမှာပါ။ အခုနောက်ပိုင်း လူတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ တစ်ချို့သောလူတွေဟာ သူတို့ရဲ့ လောဘစိတ်တွေကို အတော မသတ်နိုင်ကြပါ။ နေရာတိုင်းမှာ ကြုံဖူးပါတယ်။

တောရွာတွေမှာဆို တဖက်အိမ်က ခြံစည်းရိုးမခတ်ထားရင် တစ်ဖက်အိမ်က ခြံစည်းရိုးကို သူများမြေကြီးဘက် မသိမသာ သိသိသာသာ တိုးပြီးခတ်သလို အသွားအလာနည်းတဲ့ လမ်းတွေကို မသိမသာကနေ သိသိသာသာလေး ခြံစည်းရိုးတွေ တိုးလာကြတယ်။

ကြာလာတော့ သူတို့မြေအဖြစ် တဖြေးဖြေး ဝါးမျိုလာကြတယ်။ ခိုးလိုက်တဲ့ မြေက တကယ်ဆို ဘာမှ မများပါဘူး။ နေလဲမနေဖြစ်ပါဘူး။ လောဘစိတ်ကြောင့် တစ်ထွာ၊ တစ်တောင်၊ တစ်လံ ဒါလောက်ပဲ ရကြတယ်။ ဒါတွေကို သူတို့တွေက အကျေနပ်ကြီး ကျေနပ်နေကြပါတယ်။

မြေကြီးခိုးတဲ့သူဟာ သေလွန်သွားပြီးနောက်မှာ ပြိတ္တာဘဝနဲ့ သူလူ့ဘဝတုန်းက ခိုးထားခဲ့တဲ့မြေကြီးကို အမြဲ ထမ်းပိုးထားရတယ်လို့ စာပေမှာ ဖတ်ဖူးတယ်။ ဒါ့အပြင် သူဟာ စားစရာမရှိတဲ့ အတွက် မြေကြီးကိုသာ စားရတယ်တဲ့။

ကိုယ်က မြေခိုးခဲ့တော့ သံသရာမှာ ခံရတယ်။ ကောင်းစားတော့ ကျန်နေခဲ့တဲ့သူတွေလေ။ ဒါကြောင့် အများကောင်းစားဖို့အတွက် အကုသိုလ်နဲ့ မလုပ်ပေးပါနဲ့။ မရှာပေးပါနဲ့။ မကျူးလွန်ပါနဲ့။ ပြန်ခံစားရတာ မတန်လို့ပါ။

ရေစက်ချ အမျှဝေတာတောင် ဝဋ်ကြွေးမကုန်မချင်း ဆပ်နေရမယ့် ဝဋ်ကြွေး ပါပဲ။ နောက်ဘဝဘဝ တွေတော့ မတွေးဝံ့တော့ဘူး။ သတိထားပြီး ဆင်ခြင်နိုင်ကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page